Chapter 1145

339 45 0
                                    

စာစဉ် 77 Chapter 1145 ခင်ဗျားတို့ ထွက်မသွားရင် သေရလိမ့်မယ်

“ရွှစ် ရွှစ်”
အသားစများနှင့် သွေးစက်များ ပန်းထွက်လာသည်။ ယဲ့စန်း အော်ဟစ်ချင်သော်လည်း သူ့လျှာ အဖြတ်ခံ လိုက်ရသည်။ ယဲ့စန်း အလွန် နာကျင်နေသော်လည်း သူ့ဘဝက မသေမရှင် ဖြစ်နေ၏။ ဤအဖြစ်က နာရီဝက်မျှ ကြာလေသည်။ နောက်ဆုံး၌ သူသည် အလွန် နောင်တရကာ စိတ်ဓာတ်ကျစွာဖြင့် နေရာတွင် ဆိုးဆိုးရွားရွား သေဆုံးသွားရသည်။
သို့သော် ထိုအချိန်၌ အနက်‌ရောင် အလင်းတစ်ခု ခုန်ထွက်လာသည်ကို ယဲ့ဖန် တွေ့လိုက်ရသည် ထိုအလင်းထဲမှ ယဲ့စန်း၏ နာကြည်းသော အသံ ထွက်ပေါ်လာ၏။
“ခွေးမသား ယဲ့ဖန်၊ ငါ မင်းကို ဒီအတိုင်း မထားဘူး၊ ငါ မင်းကို ဘယ်တော့မှ အလွတ်မပေးဘူး၊ ငါ့ခန္ဓာကိုယ်ကို ပြန်အသက်သွင်းပြီးရင် ငါ မင်းအနားက လူတိုင်းကို ကျိန်စာတိုက်ပြီး သတ်ပစ်မယ်”
သူ ယဲ့ဖန်ကို မသတ်နိုင်သော်လည်း ယဲ့ဖန်၏ မိတ်ဆွေများကို မသတ်နိုင်ဟု မဆိုလိုပေ။ သူသည် ယဲ့ဖန်အား အကြိမ်တစ်ထောင်မက တန်ကြေး ပြန်ပေးဆပ်စေချင်နေသည်။
“မင်းလည်း မိစ္ဆာကျင့်စဉ်ကို ကျင့်တာကိုး၊ ကြည့်ရတာ ငါ မင်းကို လျှော့တွက်ခဲ့မိတဲ့ပုံပဲ”
ယဲ့ဖန်က ကျယ်လောင်စွာ ရယ်မောလိုက်ပြီး အလွန် ရက်စက်သွေးဆာသော အမူအရာမျိုး ဖော်ထုတ်လာသည်။ ထို့နောက် သူသည် လက်မြှောက်၍ ဆန့်ထုတ်လိုက်သည်။ ထိုအခါ လောက ဥပဒေသကို ကိုယ်စားပြုဟန်ရသည့် သူ၏လက်ဝါးမှ ငရဲသံကြိုးများ ထွက်ပေါ်လာသည်။
ထိုငရဲသံကြိုးများက အနက်ရောင် အလင်းကို ချုပ်နှောင်ရစ်ပတ်သွားသည်။
“မင်း မင်း ဘာလုပ်ချင်တာလဲ”
ယဲ့စန်း ရုတ်တရက် ထိတ်လန့်သွားရသည်။ သူ တန်း၍ ထွက်ပြေးချင်သော်လည်း သူ၏ ဝိညာဉ်က ထိန်းချုပ်မရ ဖြစ်သွားသည်ကို သတိထားလိုက်မိသည်။
“မင်း ငရဲကျပြီး တစ်သက်လုံး နှိပ်စက်ခံရမှာ၊ အသက်လည်း မရှင်နိုင်သလို သေလည်း မသေနိုင်ဘူး”
ယဲ့ဖန်၏ မျက်လုံး၌ ကြောက်စရာကောင်းသော ရူးလောက်သည့် လူသတ်လိုသည့် အငွေ့အသက်များ ထင်ဟပ် နေသည်။
“ဒုန်း”
မြေပြင်တစ်ခုလုံး တုန်လှုပ်လာသည်။ ယဲ့ဖန် ခြေဆောင့်လိုက်သောအခါ ချောက်နက်တစ်ခု ပေါ်ထွက်လာပြီး ထိုချောက်နက်တစ်ခုတွင်း၌ မည်းနက်နေသော ဧရာမ တံခါးတစ်ချပ် လဲလျောင်းနေသည်။
“ဝုန်း”
ရုတ်ရက် ထိုတံခါး ပွင့်သွားပြီး များလှစွာသော ဝိညာဉ်များက နာနာကျင်ကျင် အော်ဟစ်ကာ ရူးမတတ် ဟစ်အော်ရင်း ယဲ့စန်း၏ အနက်ရောင် ဝိညာဉ်ပေါ် တွားသွားတက်ကာ သူ့အား အရှင်လတ်လတ် ဝါးမျိုရန် ကြိုးစား လာ၏။
ထောင်ချီသော သံကြိုးများ ရုတ်တရက် ဆန့်တန်းလာပြီး ယဲ့စန်းအား ငရဲသို့ ဆွဲချသွားလေသည်။
“မလုပ်နဲ့ ငါ့ကိုလွှတ်၊ ယဲ့ဖန် ငါ့ကို လွှတ်ပေး”
ငရဲတံခါး ပွင့်လာသည်ကိုမြင်ပြီး ယဲ့စန်း သည်းခြေပျက်ကာ အရူးအမူး အော်ဟစ်လေတော့သည်။
“ဂျိန်း”
ငရဲတံခါးက ဂျိန်းခနဲ ပြန်ပိတ်သွားပြီး ထိုအသံက လူတိုင်း၏ နှလုံးသားကို တူနှင့် ထုလိုက်သလိုပင်။
“င … ငရဲလား”
ကျောက်ယင်းရင် မျက်လုံး ကျွတ်ကျမတတ် ဖြစ်နေသည်။
*ဒီကမ္ဘာကြီးမှာ ငရဲဆိုတာ တကယ် ရှိတာလား*
*ပြီးတော့ ယဲ့ဖန်က ငရဲကို ဆင့်ခေါ်နိုင်တယ်ပေါ့*
*ကြောက်စရာကောင်းလိုက်တာ*
*ဒီလူက တကယ် ငရဲကလာတာပဲ*
ယဲ့စန်းက ယဲ့ဖန်ကို အသာလေး သတ်နိုင်မည်ဟု သူမ ထင်ခဲ့မိသည်။ သို့သော် ယဲ့ဖန်က အစမှအဆုံးတိုင် သူတို့ကို မျက်လုံးထဲပင် မထည့်ဘဲ နေလိမ့်မည်ဟု သူမ ထင်မထားမိပါ။ သူတို့နှစ်ယောက်၏ အဖြစ်က နဂါးကို ဟောင်နေသော ခွေးနှစ်ကောင်လိုပင်။
“ဘုတ်”
ကျောက်ယင်းရင် ဒူးထောက်ကျကာ ငိုနေမိသည်။ သူမ အမှန်တကယ် ကြောက်ရွံ့နေ၏။
“ယဲ့ဖန် ငါ့ကို မသတ်ပါနဲ့၊ ကျေးဇူးပြုပြီး ငါ့ကို မသတ်ပါနဲ့၊ ငါက ကျုံးဝမ်ရဲ့ သူငယ်ချင်းလေ၊ ငါတို့က ဆက်ဆံရေး ကောင်းတယ်”
“နင် ငါ့ကို သတ်ရင် သူ နင့်ကို ဘယ်တော့မှ ခွင့်လွှတ်မှာ မဟုတ်ဘူး”
“ဟားဟားဟား”
ယဲ့ဖန်က ရုတ်တရက် အားပါးတရ ရယ်မောလေသည်။ သို့သော် သူ ပိုရယ်လေ ကျောက်ယင်းရင် ပိုငိုမိလေပင်။
“မင်း အရင်က ဒီလို ပြောဖူးတယ်၊ မင်း အဲ့လိုပြောခဲ့ဖူးတာကို ငါ မှတ်မိနေတယ်”
ယဲ့ဖန် ကျောက်ယင်းရင်၏ တစ်နေရာတည်း၌ တူညီသော အခြေအနေမျိုးတွင် တူညီသော စကားကို ပြောရဲသည့် အရှက်မဲ့မှုကို လေးစားမိသည်။
“ငါ မှားမှန်း သိပါပြီ၊ ငါ တကယ် မှားမှန်း သိပါပြီ …
ကျောက်ယင်းရင် ဆက်တိုက် ဝပ်တွား ဂါဝရပြုကာ ငိုနေမိသည်။
“ငါ သိတယ်”
ယဲ့ဖန် ရှေ့သို့ လှမ်းလာသည်။
“ရွှစ်”
ကျောက်ယင်းရင်၏ ရင်ဘတ် ထိုးဖောက်ခံလိုက်ရပြီးနောက် ယဲ့ဖန်၏ လက်ထဲသို့ နှလုံးတစ်စုံ ပါသွားသည်။
“ဒုတ် ဒုတ်”
နှလုံးက တဒုတ်ဒုတ် ခုန်နေဆဲဖြစ်ပြီး သွေးများက တစက်စက် ကျနေ၏။
“မင်းနှလုံးသားကို ကြည့်ပါဦး မည်းမနေဘူးလား”
ယဲ့ဖန်က ပျက်ရယ်ပြု၍ နှလုံးကို ကျောက်ယင်းရင်အား ပြန်ပြလိုက်သည်။ ကျောက်ယင်းရင် မျက်နှာ ဖြူရော် လာပြီး လိပ်ပြာလွင့်မတတ် ဖြစ်လာရသည်။ ထိုနှလုံး အားနည်းသထက် နည်းလာသည်ကို မြင်နေရသည်။ ထိုနှလုံးက သူမနှလုံးသားပင်။
“ဒါနဲ့ စကားမစပ် မင်းကန်ချက်က လှသားပဲ”
ယဲ့ဖန်၏ အပြုံးက ပိုပိုပီပြင်လာပြီး နတ်ဆိုးတစ်ကောင်၏ အပြုံးနှင့် တူလာက လူတိုင်း၏ ဝိညာဉ်ထဲအထိ ကြောက်လန့်သွားအောင် ပြုလုပ်နိုင်သည်။
သူ ပြောသော ကန်ချက်ဆိုသည်မှာ မနေ့ညက ယဲ့စန်းနှင့် သူမတို့ ယဇ်ပူဇော်ခဲ့သော ကလေးမလေးကို သူမ ရက်ရက်စက်စက် ကန်ထုတ်လိုက်သည့် ကန်ချက်ကို ပြောခြင်း ဖြစ်သည်။
ယခု အကောင်းအဆိုးအားလုံးကို ပြန်လည်ခံစားရလေပြီ။ လက်ရှိတွင် အိမ်ပိုင်ရှင်များအားလုံး ကြက်သေ သေနေကြသည်။ သူတို့၏ မျက်လုံးထဲတွင် ယဲ့ဖန်သည် မိစ္ဆာသာ ဖြစ်သည်။
ကျောက်ယင်းရင် မချိပြုံးပြုံးလိုက်မိသည်။
*လတ်စသက်တော့ ယဲ့ဖန်က အားလုံးကို သိနေလို့ ငါ့ကို သတ်ချင်နေတာပဲ*
*ဒီလောကကြီးထဲမှာ ဝဋ်လည်တယ်ဆိုတာ တကယ် ရှိတာပဲ”
“ဘုန်း”
ချက်ချင်းဆိုသလိုပင် ကျောက်ယင်းရင်၏ အလောင်းက ဘုန်းခနဲ လဲကျသွားပြီး မျက်လုံးများ ပြူးကျယ်နေ၏။ သူမ သေသည်အထိ မျက်လုံးပင် မမှိတ်နိုင်ချေ။
“ကျုပ် တရားခံကို သတ်ပြီးပြီ၊ ခင်ဗျားတို့ကိုလည်း ငွေပြန်အမ်းပြီးပြီ၊ ခင်ဗျားတို့ ထွက်သွားတော့”
ယဲ့ဖန်က သူ့လက်ကိုသုတ်ကာ စိတ်မရှည်စွာ ပြောလိုက်သည်။ ထိုအခိုက်တွင် ထိုအိမ်ပိုင်ရှင်များက ပြောခဲ့သမျှကို ပြန်ရုပ်သိမ်းလာ၏။
“လူကြီးမင်းယဲ့ ဒါ နားလည်မှု လွဲတာပါ၊ ငါတို့ အရင်က သူတို့ လှည့်စားတာကို ခံလိုက်ရတာပါ၊ အဲ့ဒါကြောင့် ငါတို့ အကျိုးသင့် အကြောင်းသင့် မလုပ်မိတာ၊ နင် ငါတို့ကို နောက်အခွင့်အရေး တစ်ခု ပြန်ပေးပါ၊ ငါတို့ ပြန်ဝယ်မယ်”
အဒေါ်ကြီးတစ်ယောက်က ထိုသို့ ပြောလာသည်။ ယဲ့ဖန်က သူမကို တစ်ချက်ကြည့်ကာ လှောင်လေသည်။
“ကျုပ် မှတ်မိသလောက်ဆို ခုနက ကျုပ်ကို သေပါစေလို့ ကျိန်စာတိုက်တာ ခင်ဗျား မဟုတ်လား”
ထိုအဒေါ်ကြီး ချက်ချင်း တောင့်ခနဲ ဖြစ်သွားပြီးမှ အလျင်အမြန် ပြုံးကာ ပြန်ပြောလိုက်သ်ည။
“လူငယ်ဆိုတာ မတွန့်တိုသင့်ဘူး၊ ငါက ဒေါသထွက်နေခဲ့တာမလား”
“ဟုတ်တယ် မင်းက သူဌေးပဲကို သဘောထား ကြီးမှပေါ့”
ယခုအခါ၌ ယဲ့ဖန်၏ အမှားပင် ဖြစ်ရပြန်သည်။
“အဲ့တော့ ကျုပ်က ခင်ဗျားတို့ကို ခွင့်မလွှတ်ပေးရင် ကျုပ်က သဘောထားသေးတဲ့လူ ဖြစ်သွားမယ်ပေါ့၊ ခင်ဗျားတို့က ကျုပ်ကို စော်ကားမော်ကား ပြောတာက ပေါ့ဆမှုလေးပဲပေါ့လေ”
ယဲ့ဖန်က ဟာသကြီးတစ်ခုကို ကြားရသကဲ့သို့ ရယ်လေသည်။ သူ့စကားကြောင့် အိမ်ပိုင်ရှင်များ မျက်နှာ မည်းမှောင်သွားကြသည်။ သို့သော် သူတို့ လက်မလျှော့ချင်ပေ။ သူတို့၌ ပိုက်ဆံ ရှိပြီးသားသဖြင့် သူတို့ လိုချင်သည်က အသက်ရှည် ကျန်းမာခြင်းပင်။ ဤဖျင်ယန်တောင်၌ နေထိုင်ခြင်းက အသက်ရှည် ကျန်းမာနိုင်၏။
“နောက်ဆုံးတော့လည်း ပိုက်ဆံတောင်းချင်တာပဲ မလား၊ ငါ နှစ်ဆပေးဝယ်ရင် သူ မရောင်းဘူးလို့ ငါ မယုံဘူးကွ”
ကျောက်မီးသွေး သူဌေးတစ်ယောက်က ထအော်လေသည်။
“လတ်စသက်တော့ ဈေးမြှင့်ချင်တာကိုး၊ ဒါဆိုလည်း မိန်းမပျက်လို ပိုက်ဆံလိုချင်တယ်လို့ စောစောပြောရောပေါ့၊ ငါ့သားမှာ ပိုက်ဆံရှိတယ်”
လူတိုင်းက ယဲ့ဖန်ကို အထင်သေးသလို ကြည့်နေကြသည်။ အဘယ်ကြောင့်ဆိုသော် သူတို့က ဈေးမြှင့်ခေါ် ချင်သည်ဟု ထင်နေကြသောကြောင့်ပင်။
“ဟီးဟီး …”
ယဲ့ဖန်က ထပ်လှောင်ရယ်၍ ဝမ်ခယ်ကို လှမ်းကြည့်လိုက်သည်။
“ဒီလူတွေရဲ့ အချက်အလက်တွေကို ရုံးချုပ်ဆီပို့လိုက်၊ ပြီးရင် ငါတို့ နာမည်ပျက်စာရင်းထဲ ထည့်လိုက်၊ သူတို့ကို နောက် ဘယ်တော့မှ မရောင်းနဲ့ ကြားလား”
ဝမ်ခယ်နှင့် အခြားသူများသည် အိပ်မက်မှ နိုးလာသကဲ့သို့ အလန့်တကြား ခေါင်းညိတ်ပြလိုက်ကြသည်။ လက်ရှိတွင် ယဲ့ဖန်က အတော်လေး ကြောက်စရာ ကောင်းနေ၏။
“နင်…”
သူ့စကားကြောင့် အိမ်ပိုင်ရှင်တိုင်း စိတ်ပျက်သွားသည်။ ယဲ့ဖန်က အလွန်ခေါင်းမာပြီး ပိုက်ဆံမလိုချင်ဘဲ ရှိနေမည်ဟု သူတို့ မမျှော်လင့်ထားမိပါ။
“စိတ်မကောင်းပါဘူး၊ ကျုပ်က ပိုက်ဆံပြတ်မနေဘူး၊ ခင်ဗျားတို့ ပိုက်ဆံပိုသုံးလည်း ကျုပ် မရောင်းဘူး”
ယဲ့ဖန်က ပျက်ရယ်ပြုကာ ပြောလိုက်သည်။
“အခု ခင်ဗျားတို့ ထွက်သွားတော့”
“ငါတို့ မသွားဘူး၊ မင်းအိမ်ကို ငါတို့ကို မရောင်းမချင်း ငါတို့‌ နေ့တိုင်း လာနှောင့်ယှက်မှာ”
ထိုအဒေါ်ကြီးက ဉာဏ်များလာပြန်သည်။
“ဝုန်း”
ထိုအခါ ယဲ့ဖန်က ထိုအဒေါ်ကြီးကို လက်ညှိုးထိုးလိုက်သဖြင့် ချက်ချင်း ပေါက်ကွဲကာ သွေးအိုင်အဖြစ်သို့ ပြောင်းလဲ သွားသည်။ သူမ၏ အသားစများနှင့် သွေးစက်များက ကျန်သောအိမ်ပိုင်ရှင်များ၏ မျက်နှာသို့ စင်သွားလေသည်။
လူတိုင်း ယဲ့ဖန်ကို ကြောက်လန့်တကြား ကြည့်မိလာသည်။ သို့သော် သူတို့သည် ဒေါသထွက်နေသော ယဲ့ဖန်၏ မျက်နှာနှင့် အော်သံကိုသာ ကြားလိုက်ရလေ၏။
“ခင်ဗျားတို့ ထွက်မသွားရင် သေရလိမ့်မယ်”

ငရဲမှလာသောသူ (Chapter 1001-1200)Where stories live. Discover now