Chapter 1020

392 41 6
                                    

စာစဉ် 68 Chapter 1020 မိသားစုခေါင်းဆောင် ထျန်းချန်ဇီ

ဘုတ်!
ထျန်းကျန့်ဖေး၏ အလောင်းအား အမှိုက်ထုပ်ကဲ့သို့ ကြမ်းပြင်ပေါ် ပစ်ချလိုက်ချိန်တွင် ခန်းမတစ်ခုလုံး တိတ်ဆိတ် သွားသည်။
ထျန်းကျန့်ဖေး၏ မျက်နှာ၌ သွေးပျက်ကြောက်လန့်ဟန်များ ထင်ဟပ်နေ၏။ ကောင်းကင်မိစ္ဆာ ကြွက်မျိုးနွယ်၏ မြင့်မြတ်သော သခင်လေးက၊ ယင်ယန်လောကကို တုန်လှုပ်စေခဲ့သော ပါရမီရှင်က နမော်နမဲ့ ပြုမူခဲ့မိ သောကြောင့် အသတ်ခံလိုက်ရလိမ့်မည်ဟု ထင်ထားမိမည် မဟုတ်ပါ။
ကောင်းကင်ဘုရင်အဆင့် အဘိုးအို လေးယောက်လုံး ကြက်သေ သေနေကြသည်။ ထျန်းကျန့်ဖေး၏ မျက်နှာထားကို ကြည့်ပြီး သူတို့၏ ခန္ဓာကိုယ်များ တုန်ယင်စပြုလာကာ နဖူးမှ ချွေးစေးများ စီးကျလာ၏။
“ယဲ့ … ယဲ့ဖန်၊ မင်း … မင်း ငါတို့သခင်လေးကို တကယ် သတ်လိုက်တယ်ပေါ့”
ကောင်းကင်ဘုရင်အဆင့် အဘိုးအိုလေးယောက်သည် ယခုထိ အိပ်မက်မက်နေသည်ဟု ထင်မှတ်နေကြသည်။ လူတစ်ယောက်က ကောင်းကင်မိစ္ဆာ ကြွက်မျိုးနွယ်၏ ရန်သူ ဖြစ်ရဲသည်အထိ ရူးမိုက်လိမ့်မည်ဟု သူတို့ ထင်မထားမိချေ။
ထိုအခိုက်တွင် ကောင်းကင်ဘုရင်အဆင့် အကြီးအကဲ လေးယောက်က ယဲ့ဖန်အား ဒေါသထွက် မုန်းတီးသော အကြည့်များဖြင့် ကြည့်လာသည်။
ထိုစဉ် ယဲ့ဖန်က လက်တစ်ဖက်ဖြင့် ထျန်းကျန့်ဖေး၏ နဖူးအလယ်မှ မကောင်းဆိုးဝါး အမြုတေကို ဆွဲထုတ်လိုက်သည်။ မကောင်းဆိုးဝါး အမြုတေကို ဆုံးရှုံးလိုက်ရပြီးနောက် ထျန်းကျန့်ဖေး၏ အလောင်းက ဧရာမ မီးခိုးရောင် ကြွက်အသွင်သို့ ချက်ချင်း ပြောင်းလဲသွားသည်။
၎င်း၏အမွေးများက မာကျော၍ ဝင်းလက်နေသည်။ ချွန်ထက်သော လက်သည်းများက လောကအား ဆုတ်ဖြဲနိုင် သည့်ပုံပင်။ ချွန်ထက်သော အစွယ်များကလည်း တလက်လက် တောက်နေ၏။
ဧရာမကြွက်ကြီး၏ ခန္ဓာကိုယ်တစ်ခုလုံးက လူတိုင်းအား ကြောက်လန့်စေပြီး အန္တရာယ်ပေးနိုင်သော ခံစားချက်မျိုး ပေးစွမ်းနေသည်။ သို့သော် ယဲ့ဖန်၏ မျက်လုံးထဲတွင် ဤကြွက်ကြီးအား ပုပ်သိုးသွားမည့် အလောင်းတစ်ခုဟုသာ မြင်လေသည်။
ဂျွတ်!
ယဲ့ဖန်က လက်သီးဆုပ်အရွယ် မကောင်းဆိုးဝါး အမြုတေအား ပါးစပ်ထဲထည့်၍ ပန်းသီးတစ်လုံးကို ကိုက်စားသကဲ့သို့ ဝါးစား၍ ကောင်းကင်ဘုရင်အဆင့် အကြီးအကဲလေးယောက်ကို ပြောလိုက်သည်။
“အရသာရှိသားပဲ၊ သွေးနံ့လေးနဲ့ သစ်သီးကို အခြောက်ခံထားသလို ချိုတဲ့ အရသာလေး”
ဤမြင်ကွင်းကြောင့် ကောင်းကင်ဘုရင်အဆင့် အကြီးအကဲလေးယောက်လုံး ကြက်သီး ထသွားသည်။ ထျန်းကျန့်ဖေးသည် ရှေးခေတ်အချိန်မှစ၍ ယခုအထိ ပထမဆုံး သေဆုံးသွားရသည့် ကောင်းကင်မိစ္ဆာ ကြွက်မျိုးနွယ်ပင်။ ယဲ့ဖန်သည်လည်း ကောင်းကင်မိစ္ဆာ ကြွက်မျိုးနွယ်၏ အမြုတေကို စားရဲသည့် ပထမဆုံးသူ ဖြစ်လေသည်။
“ကောင်းပြီလေ၊ ယဲ့ဖန် မင်း ဆုံးဖြတ်ချက် ချပြီးမှတော့ အခမ်းအနားမှာ နောင်တမရဖို့ဘဲ ငါ မျှော်လင့်တယ်”
ကောင်းကင်ဘုရင်အဆင့် အကြီးအကဲလေးယောက်လုံး ဆက်မနေရဲတော့ချေ။ သူတို့သည် ယဲ့ဖန်အား စိတ္တဇသမား တစ်ယောက်ဟု မြင်နေကြသည်။
သူတို့ ဆက်နေပါက လေးယောက်လုံး သေနိုင်ချေရှိသည်ဟု ခံစားမိနေ၏။ ထိုသို့စဉ်းစားမိပြီးနောက် ကောင်းကင်ဘုရင်အဆင့် အကြီးအကဲလေးယောက်သည် ကြွက်အသွင် ပြောင်းသွားသော ထျန်းကျန့်ဖေး၏ အလောင်းကို သယ်၍ ကြောက်လန့်တကြား အပြင်သို့ ထွက်ပြေးလေသည်။
တစ်ခဏအတွင်း သူတို့အားလုံး ပျောက်ကွယ်သွားသည်။ ကောင်းကင်ဘုရင်အဆင့် အကြီးအကဲလေးယောက် ပျောက်သွားသည့်ဘက်သို့ ကြည့်ပြီး ယဲ့ဖန်၏ မျက်လုံး၌ အလင်းတန်းတစ်ချက် ဖြတ်ပြေးသွားသည်။
“ကောင်းကင်မိစ္ဆာ ကြွက်မျိုးနွယ်၊ လူသားအရှင်သခင် နန်းတော်၊ ကောင်းကင်ဘုံ ယဇ်ပူဇော်ခြင်း အခမ်းအနား ကျရင် မိစ္ဆာလို မြွေလို နတ်ဘုရားမျိုးတွေ ဘယ်လောက်များများ ထွက်လာကြမလဲ မသိဘူး”
ယဲ့ဖန်သည် ကောင်းကင်မိစ္ဆာ ကြွက်မျိုးနွယ်ကို ရန်စလိုက်လျင် ဖြစ်လာမည့် အကျိုးဆက်ကို နားလည်ပါသည်။ သို့သော် တစ်ဖက်က သူ့အား အညံ့ခံစေချင်နေသည်က မဖြစ်နိုင်သော အရာပင်။
“ပုရွက်ဆိတ်တွေ နိုးလာပြီလား”
တိတ်ဆိတ်နေသော အခြေအနေ၌ ယဲ့ဖန်၏ စကားသံ ထွက်ပေါ်လာလေသည်။ သူ့စကားအဆုံးတွင် အနောက်မှ အလောင်းကောင် ဘုရင်တစ်ပါးက ရှေ့သို့ တိုးလာပြီး ပြောလိုက်သည်။
“သခင်ကြီး ပုရွက်ဆိတ်လေးတို့ မသေမျိုးမျိုးနွယ်၏ အလောင်းသုံးပုံနှစ်ပုံကို စားပြီးပါပြီ၊ သူတို့ နိုးထလာဖို့ လဝက်လောက် လိုသေးတယ်လို့ ခန့်မှန်းရပါတယ်”
*လဝက်လား*
ယဲ့ဖန် ခေါင်းညိတ်လိုက်ပြီး ခန်းမအပြင်သို့ ထွက်လာပြီး ရှေးဟောင်း ရဲတိုက်၏ လျှို့ဝှက်ခန်းထဲသို့ ပြန်သွားလိုက်သည်။ လျှို့ဝှက်ခန်းသို့ သွားနေစဉ်မှာပင် ဧရာမ သံမဏိ တံခါးရှေ့၌ ဝံပုလွေရိုင်းနှင့် အလောင်းကောင် မျိုးနွယ် ဆယ်ယောက်တို့ စောင့်ကြပ်နေကြသည်ကို တွေ့လိုက်ရသည်။
“ကြိုဆိုပါတယ် သခင်ကြီး”
ယဲ့ဖန်ကို မြင်သည်နှင့် ဝံပုလွေရိုင်းနှင့် အလောင်းကောင် မျိုးနွယ် ဆယ်ယောက်တို့က အလျင်အမြန် ဦးညွှတ်၍ အရိုအသေ ပေးလေသည်။
ယဲ့ဖန် လက်ကာပြလိုက်သောအခါ အားလုံး ပြန်ထလာပြီး လျှို့ဝှက်ခန်း၏ အခန်းတံခါးကို ဖွင့်ပေးလာသည်။ တံခါးပွင့်သွားသည်နှင့် အထဲမှ မသတီစရာကောင်းသော သွေးနံ့က ထောင်းခနဲ ပျံ့လွင့်လာ၏။
အခန်းတွင်း၌ မသေမျိုး မျိုးနွယ်၏ အလောင်းများ ပုံနေသည်။ လက်ရှိတွင် သူတို့၏ အလောင်းများက ပုံပျက်ပန်းပျက် ဖြစ်နေသည်။ အသားစများက လျှို့ဝှက်ခန်းအတွင်း ပျံ့ကြဲနေပြီး သွေးများ အိုင်နေလေသည်။
များပြားသော အလောင်းများထဲတွင် ဘက်စကက်ဘောလုံးအရွယ်ရှိသော ဝိညာဉ်စား ပုရွက်ဆိတ်များက အရူးအမူး စားသောက်နေကြသည်။
အသားပဲ့သံများက အတောမသတ်နိုင်အောင် ထွက်ပေါ်နေ၏။ ပို၍ ထိတ်လန့်စရာကောင်းသည်မှာ ဝိညာဉ်စား ပုရွက်ဆိတ်များအားလုံး အရွယ်ရောက်ပြီးသား ဖြစ်နေခြင်းပင်။
သူတို့၏ အစွယ်များနှင့် လက်သည်းများအောက်၌ အန္တိမအဆင့် အလောင်းတစ်လောင်းက အလွယ်တကူ ဆုတ်ပြဲသွားသည်။
ထို့အပြင် ဝိညာဉ်စား ပုရွက်ဆိတ်များ၏ ခန္ဓာကိုယ်ပေါ်၌ ထူးဆန်းသော သင်္ကေတများ ပေါ်နေသည်ကို ယဲ့ဖန် တွေ့လိုက်ရသည်။ ၎င်းတို့သည် အရွယ်ရောက်သည်နှင့် မပြီးဆုံးသွားဘဲ ဆက်လက်၍ ဆင့်ကဲပြောင်းလဲနိုင်စွမ်း ရှိပုံရသည်။
“သန်မာလိုက်တဲ့ အရှိန်အဝါပါလား”
ယဲ့ဖန် အံ့ဩသွားရသည်။ မသေမျိုးမျိုးနွယ်၏ အလောင်း သုံးပုံနှစ်ပုံကို စားသောက်ပြီးနောက် ဤထောင်သောင်းချီသော ဝိညာဉ်စား ပုရွက်ဆိတ်များ ကောင်းကင်ဘုရင်အဆင့်အား ဝါးစားနိုင်လိမ့်မည်ဟု သူ တပ်အပ် ပြောနိုင်လာသည်။
သူတို့ အောင်အောင်မြင်မြင် ဆင့်ကဲပြောင်းလဲနိုင်ပါက လူသားအရှင်သခင်ပင် ထိတ်လန့်သွားရလောက်သည်။
“ကောင်းကင်ဘုံ ယဇ်ပူဇော်ပွဲ အခမ်းအနားအတွက် အကူအညီ နည်းနည်း ထပ်ရပြီထင်တယ်”
ယဲ့ဖန် အသာပြုံးလိုက်ပြီး လျှို့ဝှက်ခန်းထဲမှ ချက်ချင်း ထွက်လာလိုက်သည်။

တစ်ချိန်တည်းမှာပင် ကောင်းကင်မိစ္ဆာ ကြွက်မျိုးနွယ်အတွင်း၌ မျိုးနွယ်၏ ရာထူးကြီးသူများအားလုံး မှတ်ဉာဏ် အပိုင်းအစတစ်ခုကို ကြည့်နေကြသည်။
ထိုပုံရိပ်များထဲတွင် လူတစ်ယောက်ပုံသာ ပါလေသည်။ ထိုသူသည် အနက်ရောင်ဝတ်စုံနှင့် ဆံပင် အဖြူရောင် ရှိသော ယဲ့ဖန်ပင်။
ထိုပုံရိပ်များသည် ယဲ့ဖန် ငရဲဘုံ၌ ရှိနေစဉ်က ပုံရိပ်များ ဖြစ်သည်။ သူသည် အဆင့်ငယ် နှစ်ဆယ်ကျော်ကို ကျော်၍ ရန်သူအား အနိုင်ယူနေသည့်ဟန်က အလွန် ရက်စက်ကြမ်းကြုတ်လှသည်။
ပုံရိပ်များ အဆုံးသတ်သွားချိန်တွင် ကောင်းကင်မိစ္ဆာ ကြွက်မျိုးနွယ်တစ်ခုလုံးထံမှ သဘောကျသော လေသံများ ထွက်ပေါ်လာ၏။
“မြတ်စွာဘုရား၊ ဒီငရဲဘုံကလူက တကယ် ကြမ်းတမ်းတာပဲ၊ သူက ငရဲဘုံက ပုရွက်ဆိတ်အားလုံးကို သတ်နိုင်တဲ့အပြင် အဆင့်ငယ် နှစ်ဆယ်ကျော်ကို ကျော်ပြီး တိုက်နိုင်တာပဲ”
“မဟုတ်ဘူး၊ မှားတယ်၊ ဒီလို အရည်အသွေးမျိုးက တကယ့်ကို ထူးခြားတယ်”
“ဒီလိုလူစားမျိုးက ငါတို့ ကောင်းကင်မိစ္ဆာ ကြွက်မျိုးနွယ်လက်အောက်မှာ ထားသင့်တဲ့လူပဲ”
“…”
ကောင်းကင်မိစ္ဆာ ကြွက်မျိုးနွယ်မှ ရာထူးကြီးသူများအားလုံး အလွန်အမင်း စိတ်လှုပ်ရှားနေကြသည်။ မိသားစု ခေါင်းဆောင် ထျန်းချန်ဇီတောင်မှ ပြုံးနေပြီး ကျေနပ်သလို ခေါင်းညိတ်နေ၏။
ထို့နောက် သူသည် အဘိုးအိုတစ်ယောက်နှင့် အဘိုးအိုအနားမှ မိန်းမပျိုလေးတစ်ယောက်ကို လှမ်းကြည့်၍ ပြောလိုက်သည်။
“မဟာအကြီးအကဲ၊ ရှန်းအာ၊ ခင်ဗျားတို့က ကျုပ်တို့ ကောင်းကင်မိစ္ဆာ ကြွက်မျိုးနွယ်အတွက် တကယ့် မျိုးစေ့ကို ရှာလာတာပဲ”
“ခင်ဗျားသာ ဒီလူငယ်ကို ကောင်းကောင်းလေ့ကျင့်ပေးနိုင်ခဲ့မယ်ဆိုရင် သူနဲ့အတူ ကျန့်ဖေးလည်း အများ အလယ်မှာ ပိုပြီး ဝင့်ထယ်လာမှာ၊ ဒီလိုဆိုရင် ကျုပ်ရဲ့ ကောင်းကင်မိစ္ဆာ ကြွက်မျိုးနွယ်က နှစ်တစ်သန်း ကြာတောင် ကျဆင်းလာမှာ မဟုတ်ဘူး”
မိသားစုခေါင်းဆောင် ထျန်းချန်ဖီဘေး၌ ထိုင်နေသော အဘိုးအို ထျန်းကျူးနှင့် မိန်းမပျိုလေးက ထိုစကားကြောင့် ပြုံးလိုက်မိသည်။
“မိသားစုခေါင်းဆောင် ခင်ဗျား ယဲ့ဖန်ဆိုတဲ့ လူငယ်လေးနဲ့ မဟာမိတ်ဖွဲ့ဖို့ တစ်ယောက်ယောက်ကို လွှတ်လိုက်တယ်ဆို၊ ဘယ်သူ့ကိုများ တာဝန်ပေးလိုက်တာလဲ”
*မဟာမိတ်ဖွဲ့ဖို့လား*
ထိုစကားလုံးကြောင့် မိသားစုခေါင်းဆောင်က တစ်ခဏမျှ အံ့ဩသွားပြီးနောက် မုတ်ဆိတ်မွေးကိုသပ်၍ ပြုံးကာ ပြန်ပြောလိုက်သည်။
“မဟာအကြီးအကဲ အတွေးလွန်နေပြီ၊ ဒီလူငယ်လေးက သိပ်ပါရမီပါတယ်ဆိုပင်မဲ့ အလောင်းကောင်မျိုးနွယ်နဲ့ ရှေးဟောင် မိသားစု နှစ်ဆယ့်လေးခုရဲ့ အကူအညီ ပါနေလို့ပါ၊ ကျုပ်တို့ ကောင်းကင်မိစ္ဆာ ကြွက်မျိုးနွယ်ရှေ့မှာ ဆိုရင်တော့ သူတို့ကို တစ်ဝိုင်းတည်း မသတ်မှတ်နိုင်ဘူး”
“ကျုပ်က အဲ့လူ အညံ့လာအောင် ကျန့်ဖေးကို ပို့လိုက်တာ”
*ကျန့်ဖေး*
*အညံ့ခံခိုင်းဖို့*
ထိုစကားကြောင့် ထျန်းကျူးနှင့် ထျန်းရှန်းအာတို့ အကြီးအကျယ် မျက်နှာပျက်သွားသည်။ သူတို့ တစ်ခုခု ပြောရန် ပြင်လိုက်စဉ်တွင် ဝုန်းခနဲ အသံ ထွက်ပေါ်လာ၏။
ထို့နောက် လူလေးယောက်က မျိုးနွယ်တွင်းသို့ အလျင်အမြန် ပြေးဝင်လာပြီး ကြမ်းပြင်ပေါ် ဒူးထောက်လေသည်။ သူတို့သည် ဧရာမ မီးခိုးရောင်ကြွက်အလောင်းကိုလည်း ကြမ်းပြင်ပေါ် ချလိုက်သည်။
ထိုကြွက်အလောင်းကို မြင်သည်နှင့် ကောင်းကင်မိစ္ဆာ ကြွက်မျိုးနွယ်တစ်ခုလုံး အုတ်အော်သောင်းတင်း ဖြစ်သွားသည်။ အထူးသဖြင့် ထိုအဘိုးအိုလေးယောက်၏ စကားကြောင့် လူတိုင်း မှင်တက်သွားကြသည်။
“မိသားစုခေါင်းဆောင်ကို သတင်းပို့ပါတယ်၊ ယဲ့ဖန်က ပုန်ကန်ပြီးတော့ အညံ့ခံဖို့ ငြင်းဆန်ပါတယ်”
“သူ … သူ သခင်လေး ကျန့်ဖေးကို သတ်လိုက်ပါတယ်”
              စာစဉ် ၆၈ ဤတွင် ပြီးပါပြီ။

ငရဲမှလာသောသူ (Chapter 1001-1200)Where stories live. Discover now