Chapter 1014

415 36 6
                                    

စာစဉ် 68 Chapter 1014 ဝိညာဉ်ပုံရိပ်

“မအောင်မြင်ဘူးလို့ ဘယ်သူပြောလဲ”
ထိုအသံ ရုတ်တရက် ထွက်ပေါ်လာချိန်တွင် နတ်ဆိုးနဂါး ဖုရှန် အံ့ဩသွားရုံသာမက တောင်ခြေမှ ဘုရင်မ ခွေရှယ်နှင့် ထိုက်ကူ နဂါးမျိုးနွယ်များအားလုံး အကြီးအကျယ် မျက်နှာပျက်သွားကြသည်။
“သေစမ်း၊ အပြင်လူ ဖောက်ဝင်လာတယ်”
“ဘယ်သူလဲ ထွက်လာခဲ့စမ်း၊ ငါတို့ ထိုက်ကူနဂါးမျိုးနွယ်ရဲ့ တားမြစ်နယ်မြေထဲကို ဖောက်ဝင်လာရဲတယ်ပေါ့လေ၊ သေချင်နေတာပဲ”
“…”
ထိုအခိုက်တွင် ဘုရင်မ ခွေရှယ်နှင့် ထိုက်ကူ နဂါးမျိုးနွယ်ဝင်များအားလုံး ထိတ်လန့် ဒေါသထွက်နေကြသည်။ သူတို့သည် ယင်ယန်တစ်လောကလုံးတွင် အင်အားအကြီးဆုံး မျိုးနွယ်များ ဖြစ်ပြီး လူသားအရှင်သခင် နန်းတော်က လူများတောင်မှ သူတို့ဆီ နည်းနည်းလေးမျှ မကျူးကျော်ရဲချေ။
သို့သော် ယခုအခါတွင် တစ်စုံတစ်ယောက်က နဂါးသတ်တောင်၏ တားမြစ်နယ်မြေတွင်းသို့ ကျူးကျော် လာသဖြင့် ကိုယ့်သေတွင်း ကိုယ်တူးခြင်းသာ ဖြစ်ပေသည်။
ချက်ချင်းဆိုသလိုပင် ဘုရင်မခွေရှယ်နှင့် ကျန်နဂါးများအားလုံးက နဂါးသတ်တောင်ပေါ်မှ နတ်ဆိုးနဂါးအား စိုက်ကြည့်လာသည်။
သူတို့ ကြည့်နေစဉ်မှာပင် အနက်ရောင် မြူခိုးတစ်ခုက နတ်ဆိုးနဂါး၏ ဦးခေါင်းနား၌ တိတ်ဆိတ်စွာ ပေါ်လာသည်။ ထိုမြူခိုးသည် လူတစ်ယောက်၏ စိတ်ဝိညာဉ် ဖြစ်သည်။
သူသည် နတ်မင်း မဟုတ်ပါ။ သို့ရာတွင် ထိုသူကိုမြင်သည်နှင့် နတ်ဆိုးနဂါး၏ ဦးခေါင်းက တုန်ယင်သွားပြီး မျက်ရည်များ စီးကျလာ၏။
“င … ငယဲ့လေး၊ ဒါ မင်းဝိညာဉ်ရဲ့ ပုံရိပ် မဟုတ်လား”
နတ်ဆိုးနဂါး အံ့ဩနေ၏။ ယဲ့ဖန်က သူ၏ စိတ်ဝိညာဉ်ပုံရိပ်ကို ခွဲထုတ်၍ မိမိ၏ နဂါးဦးခေါင်းထဲသို့ ထည့်သွင်း ထားလိမ့်မည်ဟု ထင်မထားမိပေ။ သူ၏ အပြုအမူကြောင့် နတ်ဆိုးနဂါး ရင်ထဲ နွေးထွေး ကြည်နူးသွားရသည်။
ယဲ့ဖန်ကို သူ၏ ဝမ်းနည်းဖွယ်ကောင်းသော အတိတ်အကြောင်း တစ်ခါမှ မပြောခဲ့ဖူးချေ။ ယဲ့ဖန်ကလည်း တစ်ခါမှ မမေးခဲ့ပါ။ သူ၏ညီအစ်ကိုကို လေးစားသည့်အနေဖြင့် မမေးခဲ့ခြင်းပင်။ ညီအစ်ကိုဖြစ်သူအား ကယ်ရန်သာ နောက်က လိုက်လာခဲ့လေသည်။
ဤလူသည် မာနကြီးသော်လည်း ညီအစ်ကို ဖြစ်သူအား ကာကွယ်ရန် စိတ်ဝိညာဉ်ဖြင့် တိတ်တဆိတ် လိုက်လာ ပြန်သည်။ ဤအပြုအမူကြောင့် နတ်ဆိုးနဂါး ငိုကြွေးလုနီးပါး ဖြစ်လာရသည်။ နတ်ဆိုးနဂါးကို ကြည့်ပြီး ယဲ့ဖန်၏ စိတ်ဝိညာဉ်က အသာပြုံးလေသည်။
“ဟေ့လူ လူကောင်ကြီးသလောက် ဘာလို့ ငိုနေတာလဲ”
“ခင်ဗျားပဲ ကျုပ်ကို အခမ်းအနားမှာ စောင့်နေဆို၊ အဲ့ဒါကြောင့် ကျုပ် စောင့်နေတာလေ”
ထိုသို့ပြောပြီး ယဲ့ဖန်က ပျက်စီးသွားသော နဂါးလက်သည်းကို ကြည့်ပြီး မျက်မှောင်ကြုတ်သွားသည်။
“ပြီးတော့ အခု ခင်ဗျား အသက်ရှင်ကိုရှင်ရမယ်၊ ခင်ဗျားမှာ ခြေတွေလက်တွေ မရှိတော့ဘူးမလား၊ ဒါဆို ကျုပ် ခင်ဗျားရဲ့ ခြေလက် ဖြစ်ပေးမယ်”
သူ့စကားကြောင့် နတ်ဆိုးနဂါး မှင်တက်သွားလေသည်။ ထို့နောက် သတိပြန်ဝင်လာကာ မျက်နှာပျက်သွားသည်။
“မလုပ်နဲ့ ငယဲ့လေး၊ မင်း ဒီစိတ်ဝိညာဉ်ပုံရိပ်က မင်းရဲ့ စိတ်ဝိညာဉ် အကာအကွယ်နဲ့ အတူတူပဲ၊ မင်း ဒီမှာ သေသွားရင် မင်းစိတ်ဝိညာဉ်က ဒဏ်ရာရသွားလိမ့်မယ်”
“ကောင်းကင်ဘုံ ယဇ်ပူဇော်ခြင်း အခမ်းအနားက စတော့မှာ၊ မင်းရဲ့ ဟွမ်အာကို မင်း သေချာ ကယ်ရမှာ”
နတ်ဆိုးနဂါး၏ မျက်နှာက သုန်မှုန်နေသည်။ သူသည် စမ်းသပ်ချက် ခုနစ်ဆယ့်လေးခုကို ခံစားခဲ့ရသဖြင့် နဂါးသတ်တောင်၏ စမ်းသပ်ချက် ကြောက်စရာကောင်းပုံကို နားလည်လေသည်။
အကယ်၍ ယဲ့ဖန်၏ စိတ်ဝိညာဉ်ပုံရိပ်က သေဆုံးခြင်းကို ခံစားခဲ့ရပါက သူ၏မူလ စိတ်ဝိညာဉ်၌ အပြင်းအထန် တိုက်ခိုက်ပေမည်။
လူသား အရှင်သခင်နှင့် ရင်ဆိုင်ရချိန်တွင် သူသာ ဒဏ်ရာရနေပါက မုချ သေဆုံးရပေမည်။ သို့သော် ယဲ့ဖန်က ခေါင်းခါလာသည်။ သူက နတ်ဆိုးနဂါးကို သေချာကြည့်၍ ပြတ်သားစွာ ပြောလိုက်သည်။
“ဟွမ်အာက ကျုပ်ချစ်သူ”
“ပြီးတော့ ခင်ဗျားကလည်း ကျုပ် ညီအစ်ကို”
“တကယ်လို့ ကျုပ် ညီအစ်ကိုတစ်ယောက်ကို ကယ်ခဲ့လို့ ကောင်းကင်ဘုံ အခမ်းအနားမှာ သေခဲ့မယ်ဆိုရင် ဟွမ်အာ ကျုပ်ကို နားလည်မှာပါ”
ထိုစကားကြောင့် နတ်ဆိုးနဂါး တုန်လှုပ်သွားသည်။ သူ ငြင်းဆန်လိုသော်လည်း ယဲ့ဖန်အကြောင်း ကောင်းကောင်း သိပါသည်။ ယဲ့ဖန်သည် ဆုံးဖြတ်ချက် ချလိုက်ပါက အသက်ပေးရမည်ဆိုလျင်တောင်မှ ရအောင်လုပ်မည့်သူ ဖြစ်သည်။
ထို့နောက် ယဲ့ဖန်သည် နတ်ဆိုးနဂါးအား ငြင်းဆန်ချိန် မပေးဘဲ သူ၏ စိတ်ဝိညာဉ်ပုံရိပ်ကို ဖျတ်ခနဲ လှုပ်ရှား၍ နဂါးလက်သည်း လေးခုအဖြစ် ပြောင်းလဲပြီး နဂါးဦးခေါင်းနှင့် ပေါင်းစပ်လိုက်သည်။
ထို့နောက် နဂါးလက်သည်းများကိုမြှောက်၍ နဂါးသတ်တောင်ထိပ်သို့ ပြေးတက်လေသည်။ ဤမြင်ကွင်းကြောင့် တောင်ခြေမှ ဘုရင်မ ခွေရှယ်နှင့် ထိုက်ကူ နဂါးမျိုးနွယ်ဝင်များအားလုံး ထိတ်လန့်သွားလေသည်။
*သူ ဖြစ်နေတာကိုး*
နဂါးသတ်တောင်ပေါ်သို့ နတ်ဆိုးနဂါး တက်ချင်နေရသည့် အကြောင်းရင်းက ဤလူကြောင့် ဖြစ်ပြီး သူ့ကြောင့်ပင် နတ်ဆိုးနဂါးက သေလမ်းကို လျှောက်လှမ်းခဲ့သည်ကို နားလည်သွားကြသည်။
ထိုလူက နတ်ဆိုးနဂါးကို တိတ်တဆိတ် စောင့်ရှောက်နေပြီး နတ်ဆိုးနဂါးကို ကယ်တင်ရန် စိတ်ဝိညာဉ်ကိုပင် ဒဏ်ရာ ရစေလိမ့်မည်ဟု သူတို့ ထင်မထားမိပေ။
ထိုအခိုက်တွင် ထိုက်ကူနဂါးမျိုးနွယ်များအားလုံး ယဲ့ဖန်ကို လေးစားမှုအပြည့်ဖြင့် ကြည့်နေကြသည်။ ကူညီလိုသော ယဲ့ဖန်သည် စိတ်ဝိညာဉ် ပုံရိပ်သာ ဖြစ်သည်။
တကယ် တက်မည့်သူက နတ်ဆိုးနဂါး ဖြစ်သောကြောင့် စည်းကမ်းကို မချိုးဖောက်သဖြင့် ဘုရင်မခွေရှယ် မလိုလားသော်လည်း မတားဖြစ်နိုင်ပါ။
နဂါးမျိုးနွယ်ဝင်များအားလုံး ကြည့်နေစဉ်မှာပင် နတ်ဆိုးနဂါးက တောင်ထိပ်ပေါ်သို့ ဆက်တက်နေ၏။ ထိုစဉ် ခုနစ်ဆယ့် ငါးခုမြောက် စမ်းသပ်ချက် ကျလာ၏။ ထို့နောက် ခုနစ်ဆယ့်ခြောက်ခု။
သေစေနိုင်လောက်သော စမ်းသပ်ချက်များက နတ်ဆိုးနဂါး၏ ဦးခေါင်းနှင့် ယဲ့ဖန်၏ စိတ်ဝိညာဉ်မှ ပြောင်းလဲ ထားသော နဂါးလက်သည်း လေးဖက်ထံသို့ ကျရောက်လာသည်။
ဝိညာဉ် နဂါးလက်သည်းထံမှ အက်သံ ထွက်ပေါ်လာပြီး ဝိညာဉ် နဂါးလက်သည်း တစ်ဖက် ပျက်စီးသွားလေ၏။ ဒုတိယတစ်ဖက်၊ တတိယတစ်ဖက်။
ခုနစ်ဆယ့်ကိုးခုမြောက် စမ်းသပ်ချက် ကျလာချိန်တွင် လေးခုမြောက် နဂါးလက်သည်း၌ အက်ရာများ ထင်လာသည်။
စမ်းသပ်ချက်အောက်၌ ယဲ့ဖန်၏ စိတ်ဝိညာဉ်က အပြင်းအထန် ပျက်စီးလာနေပြီး ဝိညာဉ် နဂါးလက်သည်းများ ပျောက်ကွယ်လာနေသည်ကို အားလုံး မြင်နေရသည်။
“င … ငယဲ့လေး”
နတ်ဆိုးနဂါး၏ မျက်နှာ၌ မျက်ရည်များဖြင့် စိုရွှဲနေသည်။ နဂါးလက်သည်း ပျက်စီးသွားတိုင်း ယဲ့ဖန်၏ စိတ်ဝိညာဉ်က ပြင်းထန်သော ဝေဒနာအား ခံစားလိုက်ရသည်ကို သူ သေချာ ခံစားမိသည်။ နတ်ဆိုးနဂါး ဝမ်းနည်းနေသည်ကို ခံစားမိသဖြင့် ယဲ့ဖန် ပြုံးကာ ပြောလေသည်။
“နတ်ဆိုးနဂါး၊ ကျုပ် ခင်ဗျားကို ရှစ်ဆယ်မြောက် စမ်းသပ်ချက်အထိပဲ ကူညီပေးနိုင်တော့မယ်၊ နောက်ဆုံး တစ်ခုကိုတော့ ခင်ဗျားဘာသာ ဖြတ်ကျော်နိုင်ဖို့ လိုသေးတယ်”
ယဲ့ဖန်၏ စိတ်ဝိညာဉ်က ဝိညာဉ်စွမ်းအင်ကို လောင်ကျွမ်းစေပြီး တောင်ထိပ်နှင့် နီးကပ်လာသည့် လှေကားထစ်သို့ တက်လှမ်းလိုက်သည်။
ဝိညာဉ် နဂါးလက်သည်းက အပေါ်သို့ တက်လှမ်းနိုင်သည်နှင့် စမ်းသပ်ချက် ထပ်ကျလာပြီး ယဲ့ဖန်၏ စိတ်ဝိညာဉ် ပုံရိပ် ပျက်စီးသွားလေသည်။ ဝိညာဉ်ပုံရိပ်မှနေ၍ လောင်ကျွမ်းသွားသည့် ပြာများက တောင်ထိပ်၌ မျောလွင့် နေ၏။
စမ်းသပ်ချက် ရှစ်ဆယ်မြောက်တွင် နတ်ဆိုးနဂါး၏ ဦးခေါင်းသာ ကျန်ရှိတော့သည်။ တောင်အောက်မှ ထိုက်ကူ နဂါးများအားလုံး အံ့အားသင့်နေကြသည်။
လှေကားထစ် ရှစ်ဆယ်၊ စမ်းသပ်ချက် ရှစ်ဆယ်။ ဤအဆင့်သည် ထိုက်ကူနဂါးမျိုးနွယ် သမိုင်း၌ တစ်ခါမှ မရှိခဲ့ဖူးချေ။ ဤအရာအားလုံးကို အသွင်မပြောင်းနိုင်သည့် အသုံးမကျသော နဂါးနှင့် သူ၏ညီအစ်ကို ဆောင်ရွက်သွားခဲ့ခြင်းပင်။
“အဆုံးသတ်သွားပြီလား”
လက်ရှိတွင် တောင်ခြေမှ နဂါးအားလုံးသည် နတ်ဆိုးနဂါးအတွက် ဝမ်းနည်းနေကြသည်။ သူသည် သမိုင်း၌ မှတ်တမ်းတင်နိုင်ခဲ့လျင်တောင်မှ မအောင်မြင်သေးဘဲ သေဆုံးရပေတော့မည်။
“ဟမ့် နင်က အရူးပါလို့ ငါ ပြောခဲ့သားပဲ”
ဘုရင်မခွေရှယ်က လှောင်ပြုံးပြုံးနေ၏။ နတ်ဆိုးနဂါး၏ ဦးခေါင်းက နဂါးသတ်တောင်၌ ဆိုးရွားစွာ သေရတော့မည်ဟု မြင်ယောင်နေလေသည်။
“ပြီးတော့ နင့်ညီအစ်ကိုဆိုတာကလည်း အရူးပဲ၊ အရူး၊ အရူးချင်း တွေ့ကြတာကိုး”
“နင် ဘိုးဘေးရဲ့ အမွေကို လိုချင်နေရင် စိတ်ကူးယဉ်နေမှပဲ ရမယ်”
ဘုရင်မခွေရှယ်၏ မျက်နှာတွင် အထင်သေး လှောင်ပြောင်မှုများနှင့် ပြည့်နှက်နေသည်။ ထိုစဉ် ကြွေးကြော်သံ ထွက်ပေါ်လာ၏။
“အသက်ရှင်နေတဲ့ ငါ့ဦးခေါင်းကို လောင်ကျွမ်းစေပြီးတော့ကို ဒီနဂါးသတ်တောင်ထိပ်ပေါ် တက်မယ်ကွ”
ထိုကြွေးကြော်သံတွင် ဝမ်းနည်းစိတ်များနှင့် ရူးသွပ်မှုများ ပြည့်နှက်နေပြီး တောင်ခြေမှ ဘုရင်မ ခွေရှယ်နှင့် ထိုက်ကူ နဂါးမျိုးနွယ်ဝင်အားလုံးကို ထိတ်လန့်သွားစေသည်။
နတ်ဆိုးနဂါး၏ ဦးခေါင်းက လောင်ကျွမ်းလာသည်ကို သူတို့ တွေ့လိုက်ရသည်။ သူ၏ ဦးခေါင်းထက်မှ အရှိန်အဝါများ ထွက်ပေါ်လာသည်။ ထိုအရှိန်အဝါ ပျံ့လွင့်လာသည်နှင့် လောင်ကျွမ်းနေသော နဂါးဦးခေါင်းအား နဂါးသတ် တောင်ထိပ်ပေါ် အားဖြင့် လှိမ့်တက်လိုက်သည်။
သူ၏ဦးခေါင်းက နဂါးသတ်တောင်ထိပ်ပေါ် ရောက်သွားသည့်အချိန်မှာပင် နောက်ဆုံး စမ်းသပ်ချက် ကျရောက် လာပြီး နတ်ဆိုးနဂါး၏ ဦးခေါင်းတစ်ခုလုံး ပေါက်ကွဲပျက်စီးသွားလေ၏။

ငရဲမှလာသောသူ (Chapter 1001-1200)Where stories live. Discover now