Chapter 1068

355 40 2
                                    

စာစဉ် 72 Chapter 1068 ယဲ့ဖန်၏ ထူးခြားသော ဘဝဇာတ်ကြောင်း

“သခင်ကြီး ကျေးဇူးပြုပြီး ကူညီပေးပါ”
ယဲ့ဖန်၏ ခြေဖဝါးရှေ့၌ ကင်းမြီးကောက် လူသတ်သမား ဝပ်တွားနေ၏။ ဤမြင်ကွင်းကို သာမန်လူများ မြင်သွားပါက သေမတတ် ခြောက်ခြားသွားလောက်သည်။
ရေတိမ်ခရိုင်၏ ဘုရင်တစ်ပါးက လူငယ်တစ်ယောက်ရှေ့၌ ဒူးထောက် ဝပ်တွားနေလိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း။ ဤအဖြစ်အား ယဲ့ဖန်က ခန့်မှန်းမိပုံရသည်။
“ပြောပါဦး”
“သခင်ကြီး နေ့လယ်တုန်းက ဆေးဝါး သုတေသနဌာနမှာ သခင်ကြီး သုံးခဲ့တဲ့ ဆေးဖော်ခန်းက စားပွဲပေါ်မှာ ဆေးရည်တစ်ချို့ ဖိတ်ခဲ့တာကို ကျွန်တော် ကိုယ်တိုင် မြင်ခဲ့ပါတယ်၊ အဲ့ဆေးရည်က အဆင့်အိတ်စ် ကုသခြင်း ဆေးရည်ဆိုတာကို အဘိုးခုန် အတည်ပြုပြီးပါပြီ”
ကင်းမြီးကောက် အရှင်သခင်က ဒူးထောက်ရင်း အကြောင်းအရာ တစ်ခုစီ ပြောပြနေ၏။
“ကျွန်တော့်အမေက သွေးတစ္ဆေကြွက် ကိုက်တာ ခံလိုက်ရပြီးတော့ နေ့တိုင်းညတိုင်း အဆိပ်ဒဏ် ခံစားနေ ရပါတယ်၊ ဆိုးရွားလှတဲ့ ဝေဒနာ နှိပ်စက်မှုကို အဆင့်အိတ်စ် ကုသခြင်း ဆေးရည်ကပဲ ကုသပေးနိုင်မှာပါ”
“ကျေးဇူးပြုပြီး သခင်ကြီး ကျွန်တော့်ကို အဆင့်အိတ်စ် ကုသခြင်းဆေးရည် နည်းနည်းလောက် ပေးပါ၊ ကျွန်တော့်အမေကို ကယ်နိုင်သရွေ့ ကျွန်တော် ဘာကိုမဆို ကျေးဇူးပြန်ဆပ်ပါ့မယ်”
ထိုသို့ပြောနေချိန်တွင် ကင်းမြီးကောက် လူသတ်သမား၏ မျက်လုံး၌ မျက်ရည်များ စို့နေ၏။ ဤသည်ကိုကြည့်ပြီး ယဲ့ဖန် ရင်ထဲ အနည်းငယ် ခံစားသွားရသည်။
မိခင်အတွက်နှင့် အခြားသူကို ဒူးထောက်နိုင်သောကြောင့် ကင်းမြီးကောက် လူသတ်သမားက သားကောင်း တစ်ယောက်ဟု ဆိုနိုင်ပေသည်။
တစ်ချက်မျှ တွေးတောပြီးနောက် ယဲ့ဖန် ပြန်ပြောလိုက်သည်။
“ကျုပ် ခင်ဗျားအမေကို ကယ်နိုင်တယ်”
“ဒါပေမဲ့ ခင်ဗျား ကျုပ်ကို တစ်ခုလုပ်ပေးဖို့ လိုတယ်”
သူ့စကားကြောင့် ကင်းမြီးကောက် လူသတ်သမား ဝမ်းသာသွားသည်။ ကိစ္စတစ်ခု မဆိုထားနှင့် အခုတစ်ရာ၊ တစ်ထောင်ဆိုလျင်လည်း သူ မတွေဝေဘဲ သဘောတူမိမည်ပင်။
“သခင်ကြီး ပြောသာပြောပါ၊ ဖျင်အန်းမြို့နဲ့ တစ်ခြားမြို့တွေကို လူလွှတ်ပြီး သေရာက ပြန်လာတဲ့လူတွေ ရှိသလား ဒါမှမဟုတ် အရင်နဲ့ မတူဘဲ ထူးထူးဆန်းဆန်း ပြုမူတဲ့လူ၊ အမူအရာတွေ ပြောင်းလဲသွားတဲ့လူတွေ ရှိသလား ရှာပေးပါ၊ ပြီးရင် အဲ့ဒါတွေ ကျုပ်ကို ပြန်ပြောပြပါ”
ယဲ့ဖန် ချက်ချင်း ပြောလိုက်သည်။ သူ့စိတ်ထဲတွင် ဟွမ်အာနှင့် အခြားသူများ အသက်ပြန်ရှင်လာလိမ့်မည်ဟု တွေးနေမိသည်။ သေသူများနှင့် အားနည်းသောသူများသည် သူတို့ ဝင်ပူးနိုင်မည့် အကောင်းဆုံးလူများပင်။
သူတစ်ယောက်တည်း ဟွမ်အာနှင့် အခြားသူများကို လိုက်ရှာခြင်းက ခက်ခဲနိုင်သောကြောင့် ကင်းမြီးကောက် လူသတ်သမားကို အသုံးချခြင်းက အကောင်းဆုံး ဖြစ်လေသည်။
“ဒါပဲလား”
ကင်းမြီးကောက် လူသတ်သမား အံ့ဩသွားသည်။ ယဲ့ဖန်၏ တောင်းဆိုချက်က ရိုးရှင်းလွန်းလိမ့်မည်ဟု ထင်မထားမိချေ။ သူ ချက်ချင်း ကိုယ်ကိုညွတ်၍ ပြန်ပြောလိုက်သည်။
“ဟုတ်ကဲ့ပါ သခင်ကြီး၊ ကျွန်တော် ဖျင်အန်းမြို့နဲ့ အနီးအနားမြို့တွေကို ချက်ချင်းလူလွှတ်ပြီး စုံစမ်းခိုင်း လိုက်ပါ့မယ်၊ သခင်ကြီး ရှာနေတဲ့လူကို တွေ့တာနဲ့ ချက်ချင်း သတင်းပို့ပါ့မယ်”
ကင်းမြီးကောက် လူသတ်သမားက သိချင်စိတ်ဖြင့် ပြန်မေးလိုက်သည်။
“သခင်ကြီးရဲ့ နာမည်နဲ့ မျိုးရိုးကို သိခွင့်ရမလား”
သူသည်သာမက ဆေးဝါးသုတေသန ဌာနပိုင်ရှင် အဘိုးခုန်ပါ ယဲ့ဖန်အကြောင်း သိချင်နေ၏။ အသက် ငယ်ငယ်လေးနှင့် အဆင့်အိတ်စ် ဆေးရည်ကို ဖော်စပ်နိုင်ခြင်းက ဆေးပညာရှင်၏ ကြောက်စရာကောင်းသော အဆင့်တစ်ခုသို့ ရောက်နေကြောင်း ပြသနေ၏။ ဤအဖြစ်မှာ တစ်ခါမှ မကြားဖူးသော အဖြစ်ပင်။
“ယဲ့ဖန်”
ယဲ့ဖန်က မဖုံးကွယ်ဘဲ ပြောလိုက်သည်။ ယဲ့ဟူသော မျိုးရိုးကြောင့် ကင်းမြီးကောက် လူသတ်သမား အံ့ဩ သွားရသည်။
“သခင်ကြီးက ယဲ့မိသားစုကများလား”
*ယဲ့မိသားစု*
ထိုနာမည်ကြောင့် ယဲ့ဖန်၏ မျက်လုံးများက လက်ခနဲ ဖြစ်သွားသည်။ ယခင်က ဦးလေးကျုံးနှင့် အခြားသူများက ဖျင်အန်းမြို့၏ မိသားစုကြီးများအကြောင်း ပြောနေကြသည်ကို သူ ကြားခဲ့ဖူးသည်။ ထိုအချိန်က သူ ယဲ့မိသားစုဟု ကြားခဲ့သော်လည်း သိပ်အရေးမစိုက်ခဲ့မိချေ။
“ယဲ့မိသားစုအကြောင်း ပြောပါဦး”
ယဲ့ဖန်၏ပုံစံကို ကြည့်ပြီး ကင်းမြီးကောက် လူသတ်သမားသည် ယဲ့ဖန်က ဖျင်အန်းမြို့က မဟုတ်ကြောင်း ရိပ်မိသွားပြီး ချက်ချင်း ပြန်ဖြေလိုက်သည်။
“ယဲ့မိသားစုက ဖျင်အန်းမြို့ရဲ့ ရှေးအကျဆုံး မိသားစုတွေထဲမှာ ပါပါတယ်”
“အရင်တုန်းက ဖျင်အန်းတစ်မြို့လုံးက ယဲ့မိသားစု လက်အောက်မှာ ရှိခဲ့တာပါ၊ ဒါပေမဲ့ ယဲ့မိသားစုက ကျုံးကျိုး အင်ပါယာရဲ့ အလယ်ပိုင်းပြည်နယ်က နဂါးမြို့တော်ကို ပြောင်းသွားပြီးတော့ ဖျင်အန်းမြို့မှာ ယဲ့မိသားစု အခွဲပဲ ကျန်ရစ်ခဲ့တာပါ၊ အဲ့ဒါကြောင့် ယဲ့မိသားစုက တဖြည်းဖြည်း အားနည်းသွားပါတယ်၊ ဒါပေမဲ့လည်း အခုထိ ဖျင်အန်းမြို့ရဲ့ မိသားစုကြီး ခုနစ်ခုထဲက တစ်ခုအဖြစ် ရှိနေဆဲပါပဲ”
ယဲ့မိသားစုဟူသော စကားကြောင့် ယဲ့ဖန် မသိမသာ အမူအရာ ပြောင်းလဲသွားသည်။ ငရဲဘုံမှ ယင်ယန်လောက အထိ သူနှင့် မျိုးရိုးနာမည်တူသော လူတစ်ယောက်ကိုမှ ယဲ့ဖန် မကြားခဲ့ဖူးချေ။
ယခု ယဲ့မိသားစုက သူ ပထမဆုံးကြားဖူးသည့် မိသားစုပင်။ တစ်ခဏမျှ တွေးတောနေပြီးနောက် ယဲ့ဖန် ပြန်မေးလိုက်သည်။
“ဖျင်အန်းမြို့ရဲ့ မြောက်ဘက်မြို့ပြင်မှာ သုသာန်မြေတစ်ခု ရှိတယ်မလား၊ အဲ့ဒါ ဘယ်မိသားစုရဲ့ သုသာန်မြေလဲ”
*သုသာန်မြေ*
ကင်းမြီးကောက် လူသတ်သမား မှင်တက်သွားပြီး ပြန်စဉ်းစား၍ ဖြေလိုက်သည်။
“ယဲ့မိသားစုရဲ့ ဘိုးဘွားသုသာန်မြေပါ”
ထိုစကားကြောင့် သူနှင့် ယဲ့မိသားစု၌ ပတ်သက်မှုတစ်ခု ရှိကိုရှိနေလိမ့်မည်ဟု ယဲ့ဖန် ခံစားမိလိုက်သည်။ သူ မသိမသာ တုန်လှုပ်သွားပြီး ဆက်မေးလိုက်သည်။
“ခင်ဗျား အိုးရန်ချင်ရွှယ်ဆိုတဲ့ နာမည်ကို ကြားဖူးလား”
အိုးရန်ချင်ရွှယ်ဟူသော နာမည်ကြောင့် ကင်းမြီးကောက် လူသတ်သမား အကြီးအကျယ် မျက်နှာပျက်သွား၏။ သူ ထိတ်လန့်သွားပြီး အလျင်အမြန် ပြန်ပြောလိုက်သည်။
“သခင်ကြီး ဂရုစိုက်ပါ”
ထိုစဉ် ကင်းမြီးကောက် လူသတ်သမားက အလွန် စိုးရိမ်ပုံပေါ်နေပြီး နဖူးမှ ချွေးစေးများ စီးကျလာသည်။ ယဲ့ဖန် မျက်နှာပျက်သွားရသည်။ ဘာကြောင့်မှန်းမသိသော်လည်း သူ၏စိတ်ထဲ၌ မကောင်းသော ခံစားချက်တစ်ခု ဖြစ်ပေါ်လာလေသည်။
“သခင်ကြီး မသိဘူးလား၊ အိုးရန်ချင်ရွှယ်ဆိုတဲ့ စကားကို ခရိုင်ကိုးခုလုံးမှာ နှစ်တစ်သောင်းလုံးလုံး မပြောဖို့ တားမြစ်ထားတာ”
ကင်းမြီးကောက် လူသတ်သမား အောင့်သက်သက် ပြုံးလိုက်မိသည်။ ယဲ့ဖန်က ကျုံးကျိုးနယ်မြေမှ မဖြစ်နိုင်ဟုပင် သံသယ ဝင်လာမိသည်။ သို့မဟုတ်ပါက အိုးရန်ချင်ရွှယ်ဟူသော နာမည်ကို မကြားဖူးရသနည်း။
ကင်းမြီးကောက် လူသတ်သမားသည် တွေဝေနေသော်လည်း ပြန်မမေးဘဲ ခပ်တိုးတိုး ပြောပြလိုက်သည်။
“လွန်ခဲ့တဲ့ နှစ်တစ်သောင်းတုန်းက ကျုံးကျိုးနယ်မြေတစ်ခုလုံးမှာ အသက်ရှူမှားလောက်တဲ့ မိန်းမလှလေး တစ်ယောက် ပေါ်လာခဲ့တယ်၊ သူ့နာမည်က အိုးရန်ချင်ရွှယ်တဲ့”
“သူက ကျုံးကျိုးနယ်မြေက မဟုတ်ဘူး၊ ဒါပေမဲ့ သူ့ကြောင့် ကျုံးကျိုးနယ်မြေမှ သွေးချောင်းစီးခဲ့ရတယ်”
“ကျုံးကျိုးနယ်မြေက မရေတွက်နိုင်တဲ့ ပါရမီရှင်တွေက သူ့ကို အရူးအမူး ဖြစ်ခဲ့တာလေ”
“အဲ့ဒီလူတွေထဲမှ ကျုံးကျိုးနယ်မြေရဲ့ တော်ဝင်မင်းသားတွေနဲ့ ကျုံးကျိုးနယ်မြေက ရှေးမိသားစုကြီးက သခင်လေးတွေတောင် ပါသေးတယ်”
ကင်းမြီးကောက် လူသတ်သမားသည် ထိုအိုးရန်ချင်ရွှယ်က မည်မျှ လှပသောကြောင့် ကျုံးကျိုး နယ်မြေတစ်ခုလုံးမှ ပါရမီရှင်များကို ဖမ်းစားနိုင်သလဲ ဆိုသည်ကို နားမလည်နိုင် ဖြစ်ကာ သက်ပြင်းချ လိုက်မိသည်။
“ဒါပေမဲ့ နောက်ဆုံးကျတော့ အိုးရန်ချင်ရွှယ်က ကျုံးကျိုးနယ်မြေရဲ့ ယဲ့မိသားစုက ယဲ့စစ်ရယ်ကို ရွေးချယ် သွားတယ်”
*ယဲ့စစ်ရယ်*
ထိုစကားလုံး သုံးလုံးကို ကြားလိုက်ရသည်နှင့် ယဲ့ဖန်၏ စိတ်ထဲ၌ ပြင်းစွာ တုန်လှုပ်သွားလေသည်။
“နောက်တော့ ဘာဆက်ဖြစ်လဲ …”
ယဲ့ဖန်၏ အသံက မသိမသာ တုန်ခါနေပြီး လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားမိကာ စိုးရိမ်တုန်လှုပ်နေ၏။
“နောက်တော့ … အဖြစ်ဆိုးတစ်ခု ဖြစ်လာခဲ့တယ်”
ကင်းမြီးကောက် လူသတ်သမားက ခပ်ယဲ့ယဲ့ ပြုံးလိုက်သည်။
“အကြီးအကဲတွေရဲ့ စကားအရဆို အိုးရန်ချင်ရွှယ်နဲ့ ယဲ့စစ်ရယ်က နတ်ဖက်တဲ့စုံတွဲတွေလိုပဲတဲ့၊ သူတို့က တစ်ယောက်ကို တစ်ယောက် သိပ်ချစ်ကြတယ်လို့ ပြောတယ်”
“ဒါပေမဲ့ အိုးရန်ချင်ရွှယ် ကလေးရလာပြီး အဲ့ကလေးကို မွေးပြီးတဲ့အချိန်မှာ အရာအားလုံး ပြောင်းလဲသွားတယ်”
*ကလေးမွေးတယ်*
ယဲ့ဖန် ခေါင်းနပမ်း ကြီးသွားရသည်။
*အဲ့ကလေးက ငါ ထင်တယ်*
ကင်းမြီးကောက် လူသတ်သမားက ယဲ့ဖန်၏ အမူအရာကို သတိမထားမိဘဲ ဆက်ပြောလေသည်။
“ကလေး မွေးပြီးတဲ့နောက်မှာ ကျုံးကျိုးနယ်မြေမှ အပြင်းထန်ဆုံး ငလျင်လှုပ်ခတ်ပြီးတော့ ကောင်းကင်မှာ သက်တံ့ရောင် ကိုးရောင် ပေါ်လာပြီး တောင်တွေပြို၊ မြေကြီးတွေ အက်ကွဲခဲ့တယ်”
“ကောလာဟလအရဆို ကျုံးကျိုးနယ်မြေကို ဝိုင်းထားတဲ့ ပင်လယ်ကနေ မြည်ဟီးသံတွေ ထွက်ပေါ်လာပြီး ရေလှိုင်းတွေပါ အမြင့်ကြီး တက်လာခဲ့တယ်လို့ ပြောကြတယ်၊ ပင်လယ်ထဲက သားရဲအားလုံး အော်ဟစ်ကြသလို ကျုံးကျိုးနယ်မြေက ဘိုးဘွားသုသာန်တွေကပါ မြည်ဟီးသံ ထွက်ပေါ်လာခဲ့တယ်”
“ယဲ့မိသားစုကနေ မွေးလာတဲ့သားက ကျုံးကျိုးနယ်မြေတစ်ခုလုံးကို လှုပ်ခါစေခဲ့တယ်လို့ ပြောရမှာပေါ့”
လက်ရှိအချိန်၌ ကင်းမြီးကောက် လူသတ်သမားက လေးစားအားကျ၍ မယုံနိုင်ဟန် မျက်နှာထားမျိုး ဖြစ်နေသည်။
“ဒါပေမဲ့ အဲ့နေ့မှာပဲ ယဲ့မိသားစုရဲ့ ဘိုးဘေးကို တော်ဝင်မျိုးနွယ်ဆီ ဆင့်ခေါ်ခံရတယ်”
“တော်ဝင်မျိုးနွယ်က ယဲ့မိသားစုရဲ့ ကလေးက ဆိုးယုတ်တဲ့ ကလေး၊ နတ်ဆိုးဆိုပြီး ကျုံးကျိုးနယ်မြေကို ဘေးဒုက္ခ ယူဆောင်လာမယ်လို့ အခိုင်အမာပြောခဲ့တယ်”
“အဲ့စကားကို ကြားတာနဲ့ ယဲ့မိသားစုက တန်းယုံခဲ့တယ်လေ၊ သူတို့က ဆင်ခြေတစ်ခုပေးပြီး အိုးရန်ချင်ရွှယ်နဲ့ ယဲ့စစ်ရယ်ရဲ့ လက်ထဲကနေ ကလေးကို ယူခဲ့တယ်၊ ပြီးတော့ အဲ့ကလေးကို တစ်စစီ ခုတ်ပိုင်းပစ်ခဲ့တယ်”
ထိုစကားကြောင့် ယဲ့ဖန် တုန်လှုပ်သွားရသည်။
“တစ်စစီ ခုတ်ပိုင်းတယ် …”
ယဲ့မိသားစုက အပြစ်မရှိသော ကလေးတစ်ယောက်ကို အလွန် ဆိုးယုတ်သော နည်းလမ်းဖြင့် သတ်လိမ့်မည်ဟု ယဲ့ဖန် ထင်မထားမိချေ။
“ဟုတ်တယ်၊ အဲ့ဒါအပြင်ကိုမှ သူတို့က အဲ့ကလေးရဲ့ စိတ်ဝိညာဉ်ကို နုတ်ယူပြီး ငရဲဘုံက ယဲ့မိသားစုမှာ ချိပ်ပိတ်ထားဖို့ ကြိုးစားခဲ့တယ်လေ၊ အဲ့ကလေးရဲ့ ဝိညာဉ် တစ်သက်လုံး ငရဲဘုံမှာ ရှိပြီး ယန်နယ်မြေကို ပြန်မလာအောင် လုပ်ခဲ့တာ”
ယဲ့ဖန်၏ မျက်လုံးများက အေးစက်လာသည်။ ယခုအချိန်တွင် သူသည် ယဲ့မိသားစုနှင့် ကျုံးကျိုးနယ်မြေ၏ တော်ဝင်မျိုးနွယ် တစ်ခုလုံးကို သတ်ရန် မစောင့်နိုင်တော့ချေ။
“နောက်တော့ ဘာဆက်ဖြစ်သွားလဲ၊ အိုးရန်ချင်ရွှယ်ကရော”
ယဲ့ဖန်၏အသံက ပြာလာသည်။
“နောက်တော့ အိုးရန်ချင်ရွှယ်က အမှန်ကို သိသွားတယ်၊ သူ စိတ်ကယောက်ကယက် ဖြစ်သွားပြီး ယဲ့မိသားစုရဲ့ ဘိုးဘွားသုသာန်က တစ်စစီဖြစ်နေတဲ့ သူ့ကလေးရဲ့ အလောင်းကို တူးဖော်ပြီးတော့ သုံးရက်သုံးညတိတိ ငိုကြွေးခဲ့တယ်”
“နောက်ဆုံးကျတော့ သူ့ကလေးကို အသက်ပြန်သွင်းဖို့အတွက် သူ့အသွေးအသားကို ဓားနဲ့လှီး၊ အရိုးကို ဖြတ်ထုတ်ပြီး သူ့ကလေးရဲ့ အလောင်းကို ပြန်ဆက်ခဲ့တယ်”
“ဒါပေမဲ့ အဲ့လိုလုပ်ခဲ့တာတောင်မှ ကလေးရဲ့ ဝိညာဉ်က ငရဲဘုံကို ထာဝရ ကျသွားပြီလေ၊ အဲ့ဒါကြောင့် အိုးရန်ချင်ရွှယ်က ဒဏ်ရာရနေတဲ့ သူ့ခန္ဓာကိုယ်ကို ထိန်းပြီး ပြန်ဆက်ထားတဲ့ ကလေးအလောင်းကို ချီပိုးပြီး ငရဲဘုံကို ဆင်းပြီး ကလေးရဲ့ ဝိညာဉ်ကို လိုက်ရှာခဲ့တယ်”
“အဲ့အချိန်ကစပြီး ငရဲဘုံရဲ့ တံခါးက ပိတ်သွားပြီးတော့ ဘယ်သူမှ ပြန်မလာနိုင်တော့ဘူး”

ငရဲမှလာသောသူ (Chapter 1001-1200)Where stories live. Discover now