Chapter 1125

344 43 1
                                    

စာစဉ် 75 Chapter 1125 အသန်မာဆုံးကျား

လင်းကျန်းထျန်းသည် ဟွိုင်အန်းမြို့၌ အသန်မာဆုံးသောလူဟု နာမည်ကျော်ကြားလေသည်။ သူသည် လွန်ခဲ့သော ငါးနှစ်ကတည်းက ဈာန်ဝင်စားခြင်းအဆင့်သို့ ရောက်ခဲ့သည်။ ဈာန်ဝင်စားခြင်းအဆင့်သို့ ရောက်ပြီးသည်နှင့် သူသည် ခန့်မှန်းမရနိုင်သော ယန်စွမ်းအင်များကို ထုတ်ဖော်လာနိုင်၏။
သူတစ်ယောက်တည်း၏ ခွန်အားဖြင့် သိုင်းပညာရှင်များစွာတို့ကို အနိုင်ယူခဲ့ပြီး ဟွိုင်အန်းမြို့၏ အသန်မာဆုံးသော မြေအောက်လောက ဧကရာဇ် ဖြစ်လာခဲ့သည်။ ထို့ကြောင့် သူ့အား ဟွိုင်အန်းမြို့၏ အသန်မာဆုံးသော ကျားဟု ခေါ်ဝေါ်ကြသည်။
စုန့်ကျီရှီးနှင့် အခြားသူများသည် ယဲလုံအန်က ဤပုဂ္ဂိုလ်ကို ဖိတ်ခေါ်နိုင်လိမ့်မည်ဟု ထင်မထားမိကြချေ။ လင်းကျန်းထျန်း နှာချေလိုက်သည်နှင့် ဟွိုင်အန်းတစ်မြို့လုံး အအေးမိသွားသည်ဟုဆိုလျင် ပုံကြီးချဲ့လွန်းသည်ဟု ဆိုနိုင်မည် မဟုတ်ပါ။
ယဲ့လုံအန်လိုလူမျိုးတောင်မှ သူ့အား တလေးတစား ဆက်ဆံနေရသည့် အကြောင်းရင်းကို သူတို့ နားလည် သွားကြသည်။ ရုတ်ချည်းဆိုသလိုပင် စုန့်ကျီရှီးနှင့် အခြား အနုပညာရှင်များ အလွန်အမင်း စိတ်လှုပ်ရှား လာကြသည်။
“အခု ဒီငမွဲကောင် အသက် ရှင်နိုင်ဦးပါ့မလား”
“ဟေ့ကောင် မင်းကို ဒူးထောက်ပြီး အသက်ချမ်းသာပေးဖို့ တောင်းပန်နိုင်မယ့် အခွင့်အရေး ပေးလိုက်မယ်၊ မင်း ဆက်ပြီး သေလမ်းရှာနေတယ်ဆိုရင်တော့ မင်းသဘောပဲ”
“အသန်မာဆုံးကျားက ဒီရောက်နေပြီ၊ မင်းကို တစ်ခဏအတွင်း တစ်စစီ ဖြစ်အောင် မလုပ်နိုင်ရင် ငါ့နာမည်ကို ပြောင်းပြန် လှန်ပစ်လိုက်မယ်”
“အမှိုက် မင်းလည်း အကူခေါ်နေတာ မဟုတ်ဘူးလား၊ မင်းလူတွေရော၊ မင်းလူတွေက အသန်မာဆုံးကျား လင်းကျန်းထျန်းကို ယှဉ်နိုင်လို့လား၊ မယှဉ်နိုင်ရင်လည်း သူတို့ကို အသေခံခိုင်းမနေနဲ့”
ပြင်းထန်သော ထေ့လုံးငေါ့လုံးများက ယဲ့ဖန်၏ နားထဲသို့ ဆက်တိုက် တိုးဝင်လာသည်။ စုန့်ကျီရှီသည်လည်း အလွန် ဝမ်းသာနေပြီး ခါးသီးသော လေသံဖြင့် အော်လေသည်။
“မျိုးမစစ်ကောင် နင် စောင့်နေလိုက်၊ ငါ နင့်ကို ဖြည်းဖြည်းချင်းဆီ ညှဉ်းဆဲပစ်မယ်”
သူမ ယဲ့ဖန်ကို အလွန်အမင်း နက်ရှိုင်းစွာ မုန်းတီးသည်။ လက်ရှိအချိန်တွင် ယဲ့လုံအန်သည် ရက်စက်သော အပြုံးမျိုး ပြုံးနေပြီး ယဲ့ဖန်အား လက်ညှိုးငေါက်ငေါက်ထိုး၍ ပြောလာ၏။
“အစ်ကိုလင်း အဲ့ကောင်ပဲ”
“ဟမ်”
လင်းကျန်းထျန်းက ယဲ့ဖန်ကို လှမ်းကြည့်လိုက်သည်။ ယဲ့ဖန်၏ သာမန်အဝတ်အစားများကို မြင်လိုက်ရသောအခါ သူက လှောင်ရယ်လေသည်။
“ငါ့ညီကို ဒူးထောက် ဝပ်တွားပြီး တောင်းပန်စမ်း၊ အဲ့လိုဆို ငါ မင်းတစ်ကိုယ်လုံးကို အကောင်းအတိုင်း ချန်ထားချင် ချန်ထားပေးမယ်”
အထင်သေး စော်ကားသော စကားပင်။ ယဲ့ဖန်အား ကုန်းပေါ်မှ ငါးတစ်ကောင်ကဲ့သို့ အချိန်မရွေး သတ်ဖြတ် နိုင်သည်ဟု သဘောထားနေ၏။
လူတိုင်းက လင်းကျန်းထျန်းကို အားရဝမ်းသာသော အကြည့်ဖြင့် ကြည့်နေကြသည်။ ဤသည်ကား လင်းကျန်းထျန်း၏ ယုံကြည်စိတ်ချမှုရှိသော ဟန်ပန်ပင်။ ထောင်လွှား၍ ခြယ်လှယ်နိုင်လွန်းသည်။ သူကဲ့သို့သော လူမျိုးက ယဲ့ဖန်ကဲ့သို့ ပမွှားကောင်အား လုံးဝ အဖက်လုပ်မည် မဟုတ်ပါ။
“ဒူးထောက် ဝပ်တွားလိုက် ဟုတ်လား”
ယဲ့ဖန်က ပြုံး၍ လင်းကျန်းထျန်းကို လှမ်းကြည့်လေသည်။
“မင်း ငါ့ကို ပြောတာ သေချာလား”
ဤအပြုအမူက ရွှက်နောက်နောက်ပုံ ပေါက်နေသေးသည်။ သူ၏ အပြုအမူအား လူတိုင်းက သေတွင်းတူးသော အပြုအမူဟု ထင်နေ၏။ ယဲ့လုံအန်ကို လျစ်လျူရှုပြီး လင်းကျန်းထျန်းကိုပင် ရန်စရဲသဖြင့် အရိုးပင် မကျန်နိုင် လောက်ပေ။
“ကောင်းပြီလေ၊ မင်းက တော်တော်လေး ထောင်လွှားတာပဲ၊ ဒါပေမဲ့ ငါ့ရှေ့မှာ မင်း မမောက်မာသင့်ဘူး၊ ဘာလို့လဲဆိုတော့ မင်းကို ငါ သေတာထက် ဆိုးအောင် လုပ်မှာ မို့လို့ပဲ”
လင်းကျန်းထျန်း၏ စကားအဆုံး၌ သူ့အနောက်မှ သိုင်းပညာရှင် တစ်စုက ရှေ့သို့ ပြိုင်တူ တက်လာသည်။ လူတစ်ရာကျော်မျှ ရှိသဖြင့် သူတို့၏ အရှိန်အဝါက မုန်တိုင်းထန်နေသော ပင်လယ်လှိုင်းသဖွယ် ပျံ့နှံ့လာ၏။
ဟိုတယ်တစ်ခုလုံးအား ပြင်းထန်သော လူသတ်လိုက်သည့် အငွေ့အသက်များ ချက်ချင်း ပျံ့လွင့်လာသဖြင့် ဧည့်သည်တိုင်း ချမ်းစိမ့်သွားကာ အလွန်အမင်း ကြောက်လန့်လာကြသည်။
ဤသိုင်းပညာရှင်များမှနေ၍ သူတို့ ပြင်းထန်သော မရဏ အရိပ်အငွေ့များ ရနေ၏။ ဤလူများသည် လူပေါင်းများစွာကို သတ်ဖြတ်လာသဖြင့် ရက်စက်ကြမ်းကြုတ်ကြသည်။ ယဲ့လုံအန်၏ သက်တော်စောင့်များနှင့် ယှဉ်လျင် သူတို့က အဆထောင်ချီ၍ ပိုကြောက်စရာ ကောင်းလေသည်။
လင်းကျန်းထျန်း၌ စစ်တပ်နှင့် ယှဉ်နိုင်သော အဖွဲ့ရှိသည်ဟု ကောလာဟလများ ပျံ့နေပြီး ယခု ထိုသတင်းက အမှန် ဖြစ်နေ၏။
“ဒူးထောက်စမ်း”
လင်းကျန်းထျန်းက ယဲ့ဖန်ကို ခက်ထန်စွာ စိုက်ကြည့်၍ ဒေါသတကြီး ကြိမ်းဝါးလိုက်သည်။ သူသည် မောက်မာသော လူငမွဲအား ဒူးထောက်၍ တောင်းပန်စေချင်နေသည်။
ကျုံးဝမ်က ယဲ့ဖန်၏ လက်မောင်းကို စိုးရိမ်တကြီး ဆွဲကိုင်လာသည်။ သူမ အလွန် ကြောက်နေသဖြင့် ငိုလုနီးပါး ဖြစ်နေရှာသည်။
“မကြောက်နဲ့”
ယဲ့ဖန်က ကျုံးဝမ်၏ လက်မောင်းကို အသာပုတ်လိုက်သည်။ သူ ဆက်ပြောလိုက်သော စကားကြောင့် အခြေအနေ ပို၍ တင်းမာသွားလေသည်။
“ဒါကို ခွေးဟောင်တာလို့ပဲ သဘောထားလိုက်”
လူတိုင်း မှင်တက်သွားကြသည်။
*လင်းကျန်းထျန်းကို ခွေးလို့ ခေါ်ရဲတာလား*
*အရူး*
*ဒီကောင်က တကယ့် အရူးပဲ*
*ဟားဟားဟား … ဒီကောင်တော့ သွားပြီပဲ*
*အခုတော့ သူ သေရင်တောင် မလုံလောက်တော့ဘူး*
ယဲ့လုံအန်၏ မျက်နှာတွင် ဝမ်းသာပျော်ရွှင်မှုများနှင့် ပြည့်နှက်နေ၏။
“သူ့ကိုသတ်လိုက်”
လင်းကျန်းထျန်းက ဒေါသတကြီးဖြင့် ခက်ထန်စွာ အော်ဟစ် အမိန့်ပေးလိုက်သည်။
“မင်း သူ့ကို ထိရဲထိကြည့်လိုက်”
သို့သော် လင်းကျန်းထျန်း၏ စကားအဆုံး၌ ထပ်တူညီသော ခက်ထန်သည့် အသံတစ်သံ ထွက်ပေါ်လာ၏။ ထို့နောက် အနက်ရောင် အရိပ်များက ဟိုတယ်တွင်းသို့ လေအဟုန်သဖွယ် လျင်မြန်စွာ ဝင်ရောက်လာကြသည်။
တူညီသော ဝတ်စုံ၊ တူညီသော ဓားကောက်၊ တူညီသော လှုပ်ရှားမှုများက တစ္ဆေတကောင် လည်မျိုကို လှီးဖြတ် လာလေသည်။
“ရွှစ်”
မသဲမကွဲအသံတစ်သံ ပြိုင်တူ ထွက်ပေါ်လာပြီးနောက် လင်းကျန်းထျန်း၏ ဆယ်ယောက်ကျော်သော လက်အောက်ငယ်သားများ နေရာမှာတင် လည်ပင်းအဖြတ်ခံရပြီး သေဆုံးသွားကြသည်။
*ဟာ*
လူတိုင်း ထိတ်လန့်သွားကြသည်။ လွန်ခဲ့သည့် စက္ကန့်ပိုင်းကမှ ဤအဖွဲ့အား သူတို့ သန်မာလွန်းသည် သတ်မှတ် ခဲ့ကြသည်။ ယခု ထိုသူများအားလုံးက ခွေးတစ်ကောင်သဖွယ် ချက်ချင်း အသတ်ခံလိုက်ရလေပြီ။
ထိုအခိုက်တွင် မျက်နှာ၌ အမာရွတ်များ ရှိသော လူတစ်ယောက် ဝင်လာ၏။
“ကင်းမြီးကောက် လူသတ်သမား”
လင်းကျန်းထျန်း ချက်ချင်း မျက်နှာ အမူအရာ ပြောင်းလဲသွားသည်။ အဘယ်ကြောင့်ဆိုသော် တစ်ဖက်လူသည် အင်အားခြင်းဖြစ်စေ အဆင့်အတန်းခြင်း ဖြစ်စေ သူ့ထက် မလျော့သော ပုဂ္ဂိုလ်မျိုး ဖြစ်နေသောကြောင့်ပင်။
*ဖျင်အန်းမြို့ မြေအောက်လောကရဲ့ ဧကရာဇ်ပါလား*
လူတိုင်း ခံစားချက် မကောင်းတော့ချေ။
*ဘာလို့ အဲ့လူက ဒီမြို့မှာ ပေါ်လာတာလဲ*
ရုတ်တရက် သူတို့ တစ်စုံတစ်ရာကို တွေးမိသွားပြီး ယဲ့ဖန်အား ထိတ်လန့်တကြား လှမ်းကြည့်လိုက်မိသည်။
*ယဲ့ဖန်က ကင်းမြီးကောက် လူသတ်သမားကို ခေါ်လိုက်တာများလား*
*ဒီလူမွဲက ဒီလိုပုဂ္ဂိုလ်မျိုးကို ဖိတ်ခေါ်နိုင်ပါ့မလား*
ထိုအချိန်မှာပင် ပို၍ ထိတ်လန့်ဖွယ်ကောင်းသော အဖြစ်အပျက်တစ်ခု ဖြစ်ပေါ်လာသည်။ ကင်းမြီးကောက် လူသတ်သမားက ဟိုတယ်ထဲသို့ ဝင်လာပြီးသည်နှင့် ယဲ့ဖန်ရှေ့ ဒူးထောက်၍ တည်ကြည်လေးနက်သော အသံဖြင့် နှုတ်ဆက်လာ၏။
“လူကြီးမင်းယဲ့ ကျွန်တော် ရောက်ပါပြီ”
ချက်ချင်းဆိုသလိုပင် လူတိုင်း မှင်တက်အံ့ဩကာ တစ်ကိုယ်လုံး ပြင်းထန်စွာ တုန်ယင်လာလေသည်။ သူတို့များ ထင်ယောင်ထင်မှား ဖြစ်နေသလားဟုပင် တွေးမိလာသည်။
*ဖျင်အန်းမြို့ရဲ့ မြေအောက်လောက ဧကရာဇ်က ဒီအမှိုက်ကောင်ကို ဒူးထောက်နေတာလား*
*ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*
အနုပညာရှင်များ ရုတ်တရက် တွေဝေ ငေးမောလာ၏။ ဤကင်းမြီးကောက် လူသတ်သမားသည် လင်းကျန်းထျန်းကဲ့သို့ ဩဇာညောင်းသောသူ ဖြစ်သည်။ ထိုသို့သော ပုဂ္ဂိုလ်မျိုးအား ယဲလုံအန်ပင် ခေါင်းညွတ်၍ နှုတ်ဆက်ရသည်။
*ဒါပေမဲ့ ဘာလို့ ဒီကောင်က ကင်းမြီးကောက် လူသတ်သမားကို သူ့ရှေ့ လိုလိုလားလား ဒူးထောက်နိုင်အောင် လုပ်နိုင်ရတာလဲ*
လက်ရှိတွင် ယဲ့ဖန်က သာမန်ထက် ထူးခြားသူဖြစ်ကြောင်း အရူးတောင်မှ ပြောနိုင်လာလေပြီ။
*ဒါပေမဲ့ စောနက ငါတို့ ယဲ့ဖန်ကို လှောင်နေခဲ့တာ မဟုတ်လား*
ဤသည်ကို ပြန်စဉ်းစားမိပြီးနောက် သူတို့ ရင်တဒိတ်ဒိတ်ခုန်ကာ မစိုးရိမ်ဘဲ မနေနိုင်တော့ချေ။ သူတို့ အထင်သေးခဲ့ရာမှ ကြောက်စိတ် ဝင်လာကြသည်။
ယဲ့ဖန်ကဲ့သို့သော လူမျိုးက သူတို့အား အားစိုက်စရာမလိုဘဲ ကစားစရာသဖွယ် ဖျစ်သတ်နိုင်၏။ လက်ရှိတွင် ယဲ့လုံအန်နှင့် လင်းကျန်းထျန်းတောင်မှ မတုန်လှုပ်ဘဲ မနေနိုင်ချေ။
*ဒီကောင် … သူက အဲ့လောက် ဩဇာကြီးတာလား*
ချက်ချင်းဆိုသလိုပင် လင်းကျန်းထျန်း မျက်မှာမည်းမှောင်သွားပြီး မေးလိုက်သည်။
“ကင်းမြီးကောက် လူသတ်သမား မင်း ဝင်ပါစရာ လိုလို့လား”
ကင်းမြီးကောက် လူသတ်သမား ဖြစ်နေလျင်တောင်မှ ဤနေရာက သူ့နယ်မြေ ဖြစ်ပေသည်။ ကင်းမြီးကောက် လူသတ်သမားက ဖျင်အန်းမြို့၏ မြေအောက်လောက ဧကရာဇ် ဖြစ်ခါစသာ ရှိသေးသည်။ သူ၏ အခြေခံ အင်အားက မတည်ငြိမ်သေးပေ။ သူနှင့် လုံးဝ မယှဉ်နိုင်သဖြင့် အဘယ်ကြောင့် ကင်းမြီးကောက် လူသတ်သမားကို မျက်နှာသာ ပေးရမည်နည်း။
“သူများကိစ္စ ဝင်ပါတယ်လို့ ထင်နေတာလား”
“ငါ ဝင်ပါစရာ လိုတာပေါ့၊ ဒါပေမဲ့ မင်းဘက်က မဟုတ်ဘူး လူကြီးမင်းယဲ့ ဘက်က”
“လူကြီးမင်းယဲ့ရဲ့ စွမ်းရည်အရဆို မင်းလို အမှိုက်ကောင်မျိုးက သူ့ကို ဆန့်ကျင်ဖို့ အရည်အချင်း မရှိဘူး၊ အဲ့ဒါကြောင့် ငါက သူ့အစား မင်းကို ချမှာ”
*ဘာ*
*လင်းကျန်းထျန်းက အမှိုက်ကောင်လား*
*ယဲ့ဖန်နဲ့ တိုက်ခိုက်ဖို့ အရည်အချင်း မပြည့်မီဘူးလား*
*သူတို့က မိုးနဲ့မြေလိုပဲ‌လေ*
လင်းကျန်းထျန်းက လွှမ်းမိုးနိုင်သော ပုဂ္ဂိုလ်ဖြစ်ကြောင်း လူတိုင်း ပြောနိုင်ပါ၏။ သို့သော် ယဲ့ဖန်၌ ဘာများ ပိုင်ဆိုင်ထားသနည်း။
“မင်းတစ်ယောက်တည်းက ငါနဲ့ ချဖို့ ထိုက်တန်လို့လား”
လင်းကျန်းထျန်း၏ မျက်လုံးများက မီးဝင်းဝင်း တောက်လာသည်။ သူ အလွန် ဒေါသထွက်နေလေပြီ။ ကင်းမြီးကောက် လူသတ်သမားက မကြာသေးခင်မှ ဈာန်ဝင်စားခြင်းအဆင့်သို့ အဆင့်တက်လာနိုင်သော်လည်း လင်းကျန်းထျန်းမှာမူ ဈာန်ဝင်စားခြင်းအဆင့်သို့ လွန်ခဲ့သည့် ငါးနှစ်ကတည်းက တက်နိုင်ခဲ့ပြီးလေပြီ။
သူ့အား တစ်စုံတစ်ယောက်က ဤသို့ ရန်စ အထင်သေးဝံ့သည်က ပထမဆုံးအကြိမ်ပင်။
“ဒါဆို ငါကရော”
ထိုစဉ် ထည်ဝါသော အသံတစ်သံက ဟိုတယ်တစ်ခုလုံး ထိတ်လန့်သွားစေ၏။
             စာစဉ် ၇၅ ဤတွင် ပြီးပါပြီ။

ငရဲမှလာသောသူ (Chapter 1001-1200)Where stories live. Discover now