Chapter 1025

349 38 0
                                    

စာစဉ် 69 Chapter 1025 ငါ မင်းကို လက်ထပ်ဖို့ ရောက်လာပြီလေ

“မြတ်စွာဘုရား၊ လူသားအရှင်သခင်က တပည့်အဖြစ် လက်ခံမယ်တဲ့ကွ၊ ဟားဟားဟား … ဒီငရဲဘုံကကောင်က ငါ့အပိုင်ပဲ”
“မရဘူး၊ လူသား အရှင်သခင်ရဲ့ တပည့်က ငါပဲ ဖြစ်ရမယ်၊ ငါ အရင်သွားမယ်”
“သတ်၊ ဒီငရဲဘုံကကောင်ကို သတ်”
“…”
လူသား အရှင်သခင်၏ စကားကြောင့် လူတစ်သိန်းလုံး ရူးမတတ် ဖြစ်လာကြသည်။ များစွာသော လူအပေါင်းတို့သည် ပင်လယ်လှိုင်းလုံးသဖွယ် ယဲ့ဖန်ထံသို့ ပြေးဝင်သွားလေသည်။
နတ်သခင်အဆင့်၊ အဓိက နတ်ဘုရားအဆင့်၊ အန္တိမအဆင့်၊ သိုင်းအဆင့်မျိုးစုံရှိသည့် သိုင်းပညာရှင်များ လှုပ်ရှားလာကြသည်။ ယင်ယန်လောက၏ သိုင်းပညာရှင်တိုင်းက လောဘတက်၍ သွေးဆာသော အကြည့်များဖြင့် ယဲ့ဖန်ကို ကြည့်နေသည်။ အားလုံးက ယဲ့ဖန်၏ ဦးခေါင်းကို ရတနာတစ်ခုသဖွယ် ကြည့်နေကြသည်။
လက်ရှိတွင် သူတို့သည် မိမိလက်နက်များဖြင့် အကောင်းဆုံး သိုင်းကွက်ကို ထုတ်၍ ယဲ့ဖန်ကို တိုက်ခိုက် လာသည်။ နတ်ဘုရားများနှင့် မဟာဘုရင်သုံးပါး၏ မျိုးနွယ်စုများလည်း ထိတ်လန့်သွားလေသည်။
ထိုအခိုက်တွင် ယဲ့ဖန်သည် အန္တရာယ်ကို လုံးဝ သတိမူမိပုံ မပေါ်ချေ။ သူသည် ယခုထိ အလျင်မလိုဘဲ ဖြည်းဖြည်းချင်း လျှောက်လာနေ၏။
သူ၏ ခြေလှမ်းတိုင်း၌ ဘေးပတ်လည်တွင် အလင်းကားချပ်တစ်ခု ပေါ်လာသည်။ ထိုအလင်းကားချပ်ပေါ်၌ ကောင်လေး တစ်ယောက်နှင့် ကောင်မလေးတစ်ယောက်တို့၏ ဇာတ်လမ်းကို ဖော်ပြနေသည်။
သူတို့ အတူတူ ကြီးပြင်းလာပြီး အတူတူ ရင်ဆိုင်တိုက်ခိုက်ကြသည်။ သူတို့ အတူတကွ နေထိုင်၍ သေခြင်း ရှင်ခြင်းအား ဖြတ်ကျော်ကြသည်။
ပုံရိပ်တိုင်း၌ သေခြင်းရှင်ခြင်းအား အကြိမ်ကြိမ် ရင်ဆိုင်ခဲ့ပြီး ကောင်လေးနှင့် ကောင်မလေးတို့ ဖြည်းဖြည်းချင်း ကြီးပြင်လာ၏။
ထိုအလင်းကားချပ်သည် မှတ်ဉာဏ်ပုံရိပ် ဖြစ်သည်။ ဤသည်ကို မြင်လိုက်ရချိန်တွင် ဟွမ်အာ၏ ခန္ဓာကိုယ်လေး သိမ့်သိမ့်တုန်လာပြီး မျက်ရည်များက တာကျိုးသလို စီးကျလာ၏။
“ဒါ … ဒါ ငါ့မှတ်ဉာဏ်လား”
ဤအလင်းကားချပ်မှ ပြနေသည့် မှတ်ဉာဏ်များက သူမ၏ ပျောက်ဆုံးနေသော မှတ်ဉာဏ်များ ဖြစ်သည်ဟု ခံစားမိနေသည်။
“အစ်ကိုကြီးယဲ့ဖန် ... ရှင် ... ရှင်က ကျွန်မရဲ့ အစ်ကိုကြီး ယဲ့ဖန်”
ဟွမ်အာ၏ မျက်နှာပေါ်သို့ မျက်ရည်များက မိုးစက်သဖွယ် စီးကျလာ၏။ သူမ ငိုနေရင်းနှင့် ရယ်မောနေမိသည်။ သူမ မှတ်ဉာဏ်ကို ပြန်ရှာတွေခဲ့လေပြီ။ သူမ စောင့်ဆိုင်းနေခဲ့သူကလည်း ရောက်ရှိလာပေသည်။
“သေပေတော့”
ထိုစဉ် ကြမ်းကြုတ်စွာ အော်ဟစ်လိုက်သည့် အသံများကြောင့် ဟွမ်အာ မျက်နှာပျက်သွားသည်။ ယဲ့ဖန်အား တစ်သိန်းသော လူတို့က လွှမ်းမိုးသွားသည်ကို မြင်လိုက်ရသဖြင့် သူမမျက်နှာ ပြာနှမ်းသွားလေသည်။
“မလုပ်နဲ့”
ဟွမ်အာသည် လေသံမာမာနှင့် အော်ဟစ်လိုက်ပြီးနောက် အရာအားလုံးထံမှ ချိုးဖောက် လွတ်မြောက် အောင်လုပ်ပြီး ယဲ့ဖန်ထံ ပြေးဝင်သွားချင်နေ၏။
သူမ ခြေတစ်လှမ်း လှမ်းလိုက်ပြီးမှ ရပ်လိုက်မိသည်။ အဘယ်ကြောင့်ဆိုသော် ထိတ်လန့်စရာကောင်းသည့် မြင်ကွင်းတစ်ခုကို သူမ မြင်လိုက်ရသောကြောင့်ပင်။
ယဲ့ဖန်ထံသို့ လူတစ်သိန်းလုံး ပြေးဝင်သွားချိန်တွင် မြေကွက်လပ်၏ ကြမ်းပြင်က ရုတ်ချည်းဆိုသလို ပေါက်ကွဲ လာ၏။
မြေဆီလွှာ ပေါက်ကွဲလာပြီးနောက် အတွင်းမှ ပုပ်သိုးနေသော လက်ဝါးများ ထွက်လာသည်။ ချွန်ထက်နေသော လက်ဝါးတိုင်းက သေမင်း၏ လက်ဝါးလိုပင်။
လက်ဝါးတစ်ဖက်က ခုန်လွှားရန် ပြင်နေသော သိုင်းပညာရှင်တစ်ယောက်ကို ဖမ်းဆွဲလိုက်ပြီးနောက် အားဖြင့် ဆုတ်ဖြဲလိုက်သည်။ ယင်ယန်လောက၏ သိုင်းပညာရှင်တိုင်း တစ်စစီ ဆုတ်ဖြဲခံနေရပြီး သွေးများ ပန်းထွက် လာသည်။
ဆယ်ယောက်၊ အယောက်တစ်ရာ၊ တစ်ထောင်၊ တစ်သောင်း။ မျက်တောင်တစ်ခတ်အတွင်းမှာပင် သိုင်းပညာရှင် တစ်သောင်းတိတိ တစ်စစီ ဖြစ်သွားကြပြီး လွင့်စဉ်လာသော သွေးစက်များက ကောင်းကင်ယံအား သွေးရောင်ခြယ် လာသည်။
ထိုသွေးစက်များကြား၌ ထောင်သောင်းချီသော အလောင်းကောင်မျိုးနွယ်များ ရှိနေသည်။ လက်ရှိအချိန်တွင် ယဲ့ဖန်၏ အနီး၌ ရှိနေသော သိုင်းပညာရှင်များအားလုံး တစ်စစီဖြစ်ကာ သေဆုံးသွားကြသည်။ အလောင်းများက နေရာအနှံ့ ပျံ့ကြဲနေ၏။
ဤမြင်ကွင်းက အားလုံးကို ထိတ်လန့်သွားစေသည်။ တစ်ခဏအတွင်း၌ လူတစ်သောင်း သေသွားသဖြင့် အသက်ရှင်နေသေးသော သိုင်းပညာရှင်များသည် ကြောက်စရာကောင်းသော တိုက်ခိုက်မှုစွမ်းအင်အား ကြောက်လန့်လာကြသည်။
“အ ... အလောင်းကောင်မျိုးနွယ်”
ယင်ယန်လောကမှ သိုင်းပညာရှင်များအားလုံးသည် အလောင်းကောင်မျိုးနွယ်အား မိစ္ဆာများကို ကြည့်သကဲ့သို့ ကြည့်မိကာ ကြောက်လန့် တုန်လှုပ်နေ၏။
အနောက်ဘက်မှ လူများသည် သူတို့ နေနေသည့် နေရာကြောင့် ဝမ်းသာနေကြသည်။ သူတို့သာ အရှေ့၌ ရှိနေပါက သူတို့သည်လည်း ဤအလောင်းများကြားထဲသို့ ရောက်နေလောက်သည်။
ထိုအခိုက်တွင် မြေကွက်လပ်တစ်ခုလုံး တိတ်ဆိတ်နေပြီး နဖူးမှ ချွေးများ စီးကျလာသံကိုသာ ကြားနေရသည်။ သို့သော် ဤသည်မှာ အစသာ ရှိပေသေးသည်။
“ဘယ်သူက ငါ့သခင်ကြီးကို သတ်ချင်တာလဲ၊ သေချင်နေတာပေါ့လေ”
ထိုကြွေးကြော်သံနှင့်အတူ ကောင်းကင်ယံမှနေ၍ လူတစ်ယောက်ပြီးတစ်ယောက် ဆင်းလာကြသည်။ အယောက် တစ်ရာ၊ တစ်ထောင်၊ တစ်သောင်း။ ကောင်းကင်ယံမှ လူထောင်သောင်းချီ၍ ဆင်းလာနေ၏။
သူတို့သည် ယင်ယန်လောကမှ သိုင်းပညာရှင်များထဲသို့ ဆင်းလာကြပြီးနောက် ဒေါသတကြီး ဝိုင်းလာသည်။ ထို့နောက် ယင်ယန်လောကမှ သိုင်းပညာရှင်များ သတိလစ်နေချိန်တွင် တစ်ယောင်ချင်းစီကို ကိုယ်နှစ်ပိုင်း ပြတ်အောင် ခုတ်လေတော့သည်။
လူတိုင်း သတိဝင်မလာခင်မှာပင် အသတ်ခံလိုက်ရလေ၏။ လက်ရှိမြင်ကွင်းသည် မရဏပင်လယ်တစ်စင်းနှင့် သဏ္ဌာန်တူနေသည်။
မျက်တောင်တစ်ခတ်အတွင်း နောက်ထပ် လူတစ်သောင်း အသတ်ခံလိုက်ရပြီး အလောင်းများ ပျံ့ကြဲ လာပြန်သည်။
မြေကွက်လပ်ပတ်လည်တွင် အခြားသော လူတစ်သောင်းကျော်က ဝိုင်းရံထားပြီး ထိုလူများအား ရှေးဟောင်း အန္တိမအဆင့် သိုင်းပညာရှင် ဆယ့်နှစ်ယောက်က ဦးဆောင်နေသည်။
“ချီးပဲ ရှေးဟောင်းမိသားစု နှစ်ဆယ့်လေးခုက လူတွေက အနောက်ဘက် နယ်မြေခုနစ်က သိုင်းပညာရှင်တွေကို ဦးဆောင်ပြီး ရောက်လာကြပြီ”
ယင်ယန်လောကမှ သိုင်းပညာရှင်များ အသည်းအသန် နောက်ဆုတ်လာကြသည်။ သူတို့သည် မိစ္ဆာကို တွေ့မြင်လိုက်ရသကဲ့သို့ ခြောက်ခြားနေ၏။
မြေကွက်လပ်၌ လူနှစ်သောင်းကျော်၏ အလောင်းများ ကျန်ရစ်ခဲ့သည်။ ထိုစဉ် ယဲ့ဖန်သည် ဘေးပတ်လည်မှ လူနှစ်သောင်း၏ အလောင်းများကို မျက်ကွယ်ပြု၍ မြေကွက်လပ်ထံသို့ ဆက်လျှောက်လာသည်။
သူ့ဘေးနားမှ ပြသနေသော မှတ်ဉာဏ် အလင်းပုံရိပ်များသည်လည်း အဆုံးသတ်နားသို့ ရောက်လာလေသည်။ မှတ်ဉာဏ်ပုံရိပ်၌ ဟွမ်အာက ယဲ့ဖန်အတွက် လောကသခင်သုံးပါးကို လိုက်ဖမ်း၍ သတ်ရန် ကြိုးစားနေပြီး ကမ္ဘာဦး အုပ်ချုပ်သူ၏ အလစ်ဝင် တိုက်ခိုက်ခြင်း ခံရကာ ကမ္ဘာဦး ချောက်နက်ထဲသို့ ကျသွားလေ၏။
မှတ်ဉာဏ် အလင်းပုံရိပ် အဆုံးသတ်သွားသလို မြေကွက်လပ်မှ ဟွမ်အာသည်လည်း မျက်ရည်လည်ရွဲဖြင့် ငိုကြွေး၍ နေသည်။
“အစ်ကိုယဲ့ဖန်၊ ကျွန်မ ရှင့်ကို မှတ်မိပြီ”
“ကျွန်မ ရှင့်အတွက် မင်္ဂလာဝတ်စုံကို ဝတ်ထားတာ၊ ဒါပေမဲ့ ဒီဝတ်စုံက သွေးစွန်းနေတဲ့ ဝတ်စုံ ဖြစ်သွားခဲ့တယ်၊ ဒီနေ့လည်း ကျွန်မ ရှင့်အတွက် သတို့သမီးဝတ်စုံကို ထပ်ဝတ်ထားတာ၊ အဟင့် …”
လက်ရှိအချိန်၌ ဟွမ်အာသည် ရင်ကွဲမတတ် ငိုယိုနေ၏။
“ကျွန် … ကျွန်မ ရှင်နဲ့ လက်ထပ်ချင်တယ်”
ဟွမ်အာ၏ စကားအဆုံး၌ ယင်ယန်လောကမှ အသက်ရှင်နေသေးသော သိုင်းပညာရှင် အယောက် ရှစ်သောင်း ကျော်လုံး ဆူညံပွက်လောရိုက်သွားသည်။
လူသားအရှင်သခင်၊ ရွှယ်ယွမ်နှင့် အခြားသူများ မျက်နှာ မည်းမှောင်သွားကြသည်။ ထိုစဉ် မြေကွက်လပ်သို့ ယဲ့ဖန် ရောက်လာသည်။ သူ၏မျက်လုံးထဲတွင် ငိုနေသော ဟွမ်အာတစ်ဦးတည်းကိုသာ မြင်နေ၏။
ဤရူးမိုက်သော မိန်းကလေးသည် သူနှင့် ကလေးဘဝတည်းက အတူ ရှိနေခဲ့သည်။ ဤရူးမိုက်သော မိန်းကလေးက သူနှင့် အတူလိုက်သေရန် ဆန္ဒရှိခဲ့သည်။
“ကောင်မလေး၊ ငါ ဒီကို ရောက်နေပြီလေ၊ ငါ မင်းကို လက်ထပ်ဖို့ ရောက်လာပြီလေ”
ထိုစကားကြောင့် ဟွမ်အာ ပို၍ငိုကြွေးမိကာ ကလေးတစ်ယောက်ကဲ့သို့ ငိုယိုရင်း ခေါင်းတဆတ်ဆတ် ညိတ်ပြလာ၏။
မြေကွက်လပ်ပေါ်သို့ ယဲ့ဖန် ခြေချလိုက်သည်နှင့် လေတိုးသံ ထွက်ပေါ်လာပြီး သူ့ရှေ့သို့ လူသုံးယောက် ပိတ်ရပ် လာသည်။
“မဟာဘုရင် ကွမ်းမူ၊ မဟာဘုရင် ထုလောင်၊ မဟာဘုရင် မရဏလူသတ်သမား”
ထိုလူသုံးယောက်ကို မြင်လိုက်ရချိန်တွင် ယင်ယန်လောကမှ သိုင်းပညာရှင် အယောက်ရှစ်သောင်းကျော်နှင့် နတ်ဘုရားများအားလုံး စိတ်အေးကာ သက်ပြင်းချမိသွားသည်။
မဟာဘုရင်လေးပါးမှ သုံးပါးလုံး ရှေ့ထွက်လာလေပြီ။ သုံးယောက်လုံးက ကောင်းကင်ဘုရင်အဆင့်များ ဖြစ်သဖြင့် ယဲ့ဖန် ဤလူများကို ဖြတ်ကျော်နိုင်လိမ့်မည်ဟု သူတို့ မယုံကြည်ကြချေ။
“ဟေ့ကောင် မင်းလူတွေက ငါတို့ညီအစ်ကို မသေမျိုး ဖုန်းဝမ်ကို သတ်ခဲ့တယ်”
မဟာဘုရင် ကွမ်းမူက ယဲ့ဖန်အား သေလူတစ်ယောက်ကို ကြည့်သကဲ့သို့ ကြည့်နေ၏။
“ငါတို့သုံးယောက်လုံး မင်း ပေါ်မလာတော့ဘူးလို့ ထင်နေတာ၊ အခု မင်းပေါ်လာတော့လည်း အဆင်ပြေတာပေါ့၊ မင်း … သေလို့ရပြီလေ”
မဟာဘုရင် ကွမ်းမူ၏ စကားအဆုံး၌ ဘေးနားမှ မဟာဘုရင် ထုထောင်နှင့် မရဏ လူသတ်သမားတို့က ချက်ချင်း လှုပ်ရှားလာသည်။ သုံးယောက်လုံး ယဲ့ဖန်ကို ညှပ်တိုက်လာ၏။
ဤသည်ကိုကြည့်ပြီး ယဲ့ဖန်က အသာပြုံးလိုက်သည်။ ယဲ့ဖန်၏ အမူအရာက ရေအိုင်ကဲ့သို့ တည်ငြိမ်လှပြီး ကြောက်လန့်ခြင်း မရှိပေ။
“မသေမျိုး ဖုန်းဝမ်က ငါ့လက်နဲ့ သေဖို့ မထိုက်တန်ဘူး”
“မင်းတို့ကလည်း ငါ့လက်နဲ့ သေဖို့ မထိုက်တန်ဘူး”
ယဲ့ဖန်၏ မောက်မာသော စကားများကြောင့် ယင်ယန်လောကမှ သိုင်းပညာရှင်များနှင့် နတ်ဘုရားများအားလုံး ကိုယ့်နားကိုယ် မယုံနိုင် ဖြစ်သွားကြသည်။
အားလုံး၏ စိတ်ထဲတွင် ယဲ့ဖန် လေလုံးထွားနေသည်ဟု ထင်နေကြလေသည်။ မဟာဘုရင်သုံးပါးသည် ယင်ယန်လောက၌ နှစ်ထောင်ချီ၍ ပြိုင်ဘက်ကင်းခဲ့သူများ ဖြစ်သည်။
အထူးသဖြင့် သူတို့သုံးယောက် ပြိုင်တူလှုပ်ရှားလာပါက သေးနုပ်သော နတ်အဆင့်လေးက မည်သို့ယှဉ်ပြိုင် နိုင်မည်နည်း။ ပုရွက်ဆိတ်တစ်ကောင်က ဆင်တစ်ကောင်ကို ရန်တွေ့နေသလိုပင်။

ငရဲမှလာသောသူ (Chapter 1001-1200)Where stories live. Discover now