Chapter 1134

353 44 1
                                    

စာစဉ် 76 Chapter 1134 မင်းတို့အားလုံး သေလိုက်တော့

“မနိုင်နိုင်ဘူး၊ ငါတို့ မနိုင်နိုင်ဘူး”
ဟွိုင်အန်းမြို့မှ သိုင်းပညာရှင်များ နောက်ဆုတ်သွားကြပြီး သူတို့၏ မျက်နှာထက်တွင် ကြောက်စိတ်များ ထင်ဟပ် နေ၏။
သူတို့သည် သတ်ဖြတ်ကြမည့်လူများ ဖြစ်ပြီး သူတို့ရှေ့မှ လူများက အသတ်ခံရမည့်လူများ ဖြစ်သည်။ သေကံပါသော လူတစ်စုပင်။ ဤမျှ သေရန် တုံ့ဆိုင်းမနေသော လူများကို သူတို့ ယခုမှ ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သည်။
သူတို့အားလုံး ချက်ချင်းဆိုသလို ကြောက်လန့်လာကြသည်။ တစ်ဖက်လူများသည် သူတို့၏ လက်နက်များ လွင့်ထွက်သွားလျင် လက်ချည်းဗလာဖြင့် တိုက်ခိုက်လေသည်။
တစ်ဖက်လူများသည် ခန္ဓာကိုယ် နှစ်ပိုင်းပြတ်လုနီးပါး ဖြစ်နေသော်လည်း ရှေ့သို့ ကြိုးစားရုန်းကန်၍ တွားသွားတက်ရန် ပြင်ကြသည်ကို သူတို့ မြင်နေရသည်။ ရန်သူများ၏ ဘောင်းဘီများကို ကိုက်၍ သူတို့အဖော်များအတွက် နောက်ဆုံး အခွင့်အရေး ဖန်တီးပေးကြသည်။
ထို့အပြင် သူတို့သည် ထိုးနှက်ခံရ၍ ခန္ဓာကိုယ်၌ အပေါက်ကြီးတစ်ခု ဖြစ်နေလျင်တောင်မှ နောက်ဆုံး ထွက်သက်အထိ ဓားကိုဝှေ့ယမ်းကာ တိုက်ခိုက်ကြလေသည်။
အင်မော်တယ်များနှင့် ရင်ဆိုင်ရလျင် အင်မော်တယ်များကို သတ်ပြီး နတ်ဘုရားများကို တွေ့လျင် နတ်ဘုရားများကိုပါ သတ်မည့် ရူးသွပ်နေသော တစ္ဆေတစ်သိုက်လိုပင်။
ထန်မင်လီနှင့် အခြားသူများသည် သေသွားရသည့် သူများက သူတို့မိသားစုများမှ လူများ မဟုတ်သကဲ့သို့ ဂရုမစိုက်ဟန်ဖြင့် ကြည့်နေကြသည်။ မသိလျင် သူတို့ ငွေကုန်ကြေးကျခံ၍ ပျိုးထောင်ထားသည့် သိုင်းပညာရှင်များ မဟုတ်သလိုပင်။
ဤမြင်ကွင်းကြောင့် ယဲ့ဖန်သည်လည်း စိတ်လှုပ်ရှားသွားရသည်။ ထိုအခိုက်တွင် သူသည် နတ်ဆိုးမျိုးနွယ် စစ်တပ်အား ပြန်မြင်ယောင်လိုက်ရသလိုပင်။ သေသေရှင်ရှင် နောက်မဆုတ်တမ်း ရှေ့ဆက်တိုးကြသည့် နတ်ဆိုးစစ်တပ် ပြန်မွေးဖွားလာသည်ဟု ထင်မှတ်ရသည်။
“ချီးပဲ … ငါ မင်းတို့ကို တမလွန်ဆီ ပို့ပေးရတာပေါ့”
ထိုစဉ် ထုန်ရှန်ကျွီရမ်က တစ်ဖက်ပြန်လှည့်လာပြီး ဤလူများကို သတ်ရန် ပြင်လေသည်။ သို့သော် သူတို့ နောက်ဆုတ်သွားလိမ့်မည်ဟု သူ ထင်ထားခဲ့သော်လည်း ဖျင်အန်းမြို့မှ သိုင်းပညာရှင်များက ထုန်ရှန်ကျွီရမ်အား သတ်ရန် ရှေ့သို့ ပြေးတက်လာ၏။
“ဝုန်း ဝုန်း ဝုန်း”
ထုန်ရှန်ကျွီရမ်၏ ဧရာမ လက်သီးဖြင့် တစ်ကြိမ် ထိုးလိုက်တိုင်း သိုင်းပညာရှင်တစ်ယောက် ပေါက်ကွဲသွားပြီး အသားစများနှင့် သွေးစက်များက ဘေးသို့ လွင့်စဉ်လာသည်။
သို့သော် ဖျင်အန်းမြို့မှ သိုင်းပညာရှင်များသည် ရှေ့သို့ဆက်၍ ပြေးတက်လာ၏။ ရုတ်တရက် နတ်ဆိုးဆန်သော ဧရာမ လူ့ဘီလူးအသွင် ပြောင်းထားသည့် ထုန်ရှန်ကျွီရမ်ပင် ဤလူတစ်စုအား ကြောက်လန့်စ ပြုလာလေသည်။ သို့သော် သူ နောက်ကျသွားလေပြီ။
သိုင်းပညာရှင် အယောက်နှစ်ဆယ်ကို သတ်ပြီးနောက် ထုန်ရှန်ကျွီရမ် လုံးဝ အဝိုင်းခံထားလိုက်ရသည်။ ချွန်ထက်သော ဓားတစ်လက်က ထုန်ရှန်ကျွီရမ်၏ ဧရာ ခန္ဓာကိုယ်သို့ ထိုးစိုက်လာ၏။
“ပုရွက်ဆိတ်တွေ၊ သောက်ပုရွက်ဆိတ်ကောင်တွေ”
ထုန်ရှန်ကျွီရမ် ထိတ်လန့်သွားသလို ဒေါသလည်း ထွက်လာ၏။ ဖျင်အန်းမြို့မှ သိုင်းပညာရှင်များကမူ တစ်ယောက်ပြီး တစ်ယောက် ထိုးနှက် တိုက်ခိုက်လာကြသည်။ သူ၏ ခန္ဓာကိုယ်မှ ဒဏ်ရာများက ပိုမို ဆိုးရွား လာသည်။
“ဒုတိယ သခင်လေး ဆုတ်ကြရအောင်”
ဤသည်ကိုကြည့်ပြီး ဟွိုင်အန်းမြို့မှ အင်အားကြီးပုဂ္ဂိုလ်များလည်း သွေးပျက်လာ၏။ ဤသို့ ဆက်ဖြစ်နေပါက ထုန်ရှန်ကျွီရမ်သည်လည်း သေရန် သိပ်မလိုတော့ချေ။ ထုန်ရှန်ကျွီရမ်သာ သေသွားပါက ဤအရူးများကို အခြား ဘယ်သူက တားနိုင်မည်နည်း။
“ဆုတ်မယ် ဟုတ်လား”
ယဲ့ကျန်းချောင်က ဟာသကြီးတစ်ခုကို ကြားလိုက်ရသည်ဟု သတ်မှတ်ကာ ဆိုးယုတ်စွာ ပြုံးလိုက်သည်။
“ဒီကမ္ဘာကြီးထဲက ဘယ်သူမှ ငါတို့ ယဲ့မိသားစုကို နောက်ဆုတ်အောင် မလုပ်နိုင်ဘူး”
“ဒုန်း”
ရုတ်တရက် ယဲ့ကျန်းချောင်နှင့် အခြားသူများ၏ အနောက်မှ ကြမ်းပြင်အား တဒုန်းဒုန်း ထုနှက်သံ ထွက်ပေါ်လာပြီး အားလုံး၏ ကျောနောက်မှ လေတိုးသံ ထွက်လာပြီး အားတုံး တုန်လှုပ်သွားကြသည်။
“ဒုန်း”
“ဒုန်း”
အသံက နီးသထက် နီးလာ၏။ လူတိုင်းအား တိတ်ဆိတ်သွားအောင် လုပ်နိုင်သည့် စွမ်းအင်များ ပျံ့လွင့်နေသကဲ့သို့ အားလုံး ငြိမ်ကျသွားသည်။ ယဲ့ဖန်တောင်မှ ယခုတစ်ခေါက် မျက်မှောင်ကြုတ်မိသွားသည်။
“ခင်ဗျား ခင်ဗျားက …”
ယဲ့ကျန်းချောင်နှင့် အခြားသူများသည် ထိုအသံပိုင်ရှင်ကို မြင်လိုက်ရသည်နှင့် ရင်တဒိန်းဒိန်း ခုန်လာပြီး ကြောက်လန့်ဟန်များ ပေါ်လာသည်။
“မဖြစ်နိုင်ဘူး၊ ခင်ဗျား မဖြစ်နိုင်ဘူး၊ ခင်ဗျားက …”
ယဲ့ကျန်းချောင် အော်ဟစ်လိုက်မိပြီး သွေးပျက်သွားသည်။ အဘယ်ကြောင့်ဆိုသော် ဤလူသည် သေနှင့်ပြီးသော လူတစ်ယောက် ဖြစ်နေသောကြောင့်ပင်။
*သူက လွန်ခဲ့တဲ့ နှစ်တစ်ရာထဲက သေသွားတာ မဟုတ်ဘူးလား*
အားလုံး၏ အကြည့်များက သူ့ပေါ် ရောက်နေသည်။ သူသည် အနက်ရောင်ဝတ်စုံကို ဝတ်ထားပြီး လူ့ဦးခေါင်းခွံ တပ်ထားသော တုတ်ကောက်ကို ကိုင်၍ ဒယီးဒယိုင်ဖြင့် လျှောက်လာသည်။
သူ၏ခန္ဓာကိုယ်တွင်းမှ နတ်ဆိုးစွမ်းအင်များကဲ့သို့ အနက်ရောင် ချီစွမ်းအင်များ ထွက်ပေါ်နေပြီး ကမ္ဘာမြေအား ဖျက်ဆီးရန် ရောက်လာသည့် ရှေးခေတ်မှ မိစ္ဆာတစ်ပါးလိုပင်။ သူက နေရာ၌ ရပ်၍ ကျယ်လောင်စွာ ဟစ်အော် မေးလာသည်။
“ငါ ဟွားလုံတျောင်ရဲ့ တပည့်ကို ဘယ်သူ ထိခိုက်အောင် လုပ်ရဲတာလဲ”
“ဟွား … ဟွားလုံတျောင်”
ထိုအချိန်တွင် တည်ငြိမ်နေသော ထန်မင်လီတော်မှ မချောက်ချားဘဲ မနေနိုင်ကာ အော်ဟစ်လိုက်မိသည်။ သူ့မျက်နှာတွင် အလွန်အမင်း ကြောက်ရွံ့စိတ်များ ဖြစ်ပေါ်လာသည်။
ဤနေရာ၌ ရှိနေသောလူများအားလုံး ထိုနာမည်ကို ကြားသည်နှင့် အားလုံး ကြက်သေ သေသွားကြသည်။ အားလုံး နေရာမှာတင် ငြိမ်သက်နေပြီး စကားတစ်လုံးမှ မပြောနိုင်ဘဲ ကြောက်လန့်နေလေသည်။ အသက်ပင် မရှူနိုင် လောက်အောင် သတ္တိမရှိကြတော့ချေ။
ဟွားလုံတျောင်၊ ကျုံးကျိုးအင်ပါယာ၌ အတောမသတ်နိုင်သော သွေးပျက်မှုများ ဖြစ်ပေါ်စေခဲ့သော နတ်ဆိုး တစ်ကောင်။ သူ့အား ဖမ်းဆီးရန်အတွက် ကျုံးကျိုး အင်ပါယာက စစ်သည်တစ်ဖွဲ့ စေလွှတ်ခဲ့သည်။
ရလဒ်မှာမူ ထိုသူများအားလုံး သုတ်သင်ခံလိုက်ရလေသည်။ အဆင့်ကိုး ရွှေရောင်ခန္ဓာကိုယ်အဆင့် စစ်သည် တစ်ဖွဲ့လုံး သေဆုံးသွားခဲ့သည်။ ထိုအဖြစ်သည် လွန်ခဲ့သော နှစ်နှစ်ရာကျော်က ဖြစ်သည်။
နောက်ပိုင်းတွင် ဟွားလုံတျောင်သည် ဖိအားပေးခံရပြီး တောင်တန်းများနှင့် တောအုပ်များထဲ၌ နေထိုင်ခဲ့ရသည်။ သူ လောကထဲသို့ ပေါ်မလာသည်မှာ နှစ်တစ်ရာကျော်နေလေပြီ။ ထို့ကြောင့် လူတော်တော်များများက သူ သေသွားပြီဟု မှတ်ယူထားကြသည်။
သို့သော် လက်ရှိအဖြစ်ကြောင့် သူတို့အားလုံး ထိတ်လန့်နေကြသည်။ ဟွားလုံတျောင်သည် သေသွားမည့်အစား ဤနေရာသို့ ရောက်နေ၏။ အသက်ကို ပြန်တွက်လိုက်လျင် သူသည် နှစ်သုံးရာကျော်နေသည့် မကောင်းဆိုးဝါး အိုကြီးပင်။
ထို့ကြောင့် ဟွားလုံတျောင်ကို မြင်သည်နှင့် သူတို့အားလုံး ကြောက်လန့်ကာ နေရာ၌ သတိလစ်မတတ် ဖြစ်လာ ကြသည်။
ဤနတ်ဆိုးအိုကြီး၏ လုပ်ရပ်သည် အလွန် လက်မခံနိုင်ဖွယ် ကောင်းလှသည်။ ပြန်ပြောပြသည့်အခါတိုင်း လက်မခံချင်စရာ လုပ်ရပ်များပင်။
လွန်ခဲ့သော နှစ်တစ်ရာကျော်က ဤနတ်ဆိုးအိုကြီးသည် မြို့ငယ်လေး တစ်မြို့မှ လူပေါင်း သုံးသောင်းကို အရှင်လတ်လတ် ယဇ်ပူဇော်ခဲ့သည်။
ထိုညက မချိမဆံ့ အော်ဟစ်ငိုယိုသံများနှင့် ကျိန်ဆဲသံများ အဆက်မပြတ် ထွက်ပေါ်ခဲ့ပြီး မိုင်ရာချီကွာဝေးသော အရပ်မှပင် ထိုအော်သံများကို ရှင်းလင်း ပြတ်သားစွာ ကြားနေရသည်။
ထိုညက သွေးများက မြို့တစ်လျှောက် စမ်းချောင်းသဖွယ် စီးဆင်းသွားသည်ဟု ဆိုကြသည်။ ထို့နောက်တွင် ထိုမြို့ငယ်လေးသည် ကြောက်စရာကောင်းသော မြေတစ်ခု ဖြစ်သွားသည်။ ညအချိန်ရောက်တိုင်း ထိုမြို့ပျက်ထဲမှ မတောမသတ်နိုင်သော ဝမ်းနည်းဖွယ် ငိုကြွေးသံများနှင့် ဆဲဆိုသံများ အဆက်မပြတ် ထွက်လာပြီး အလွန် ကျောချမ်းဖွယ် ကောင်းလှပေသည်။
ဟွားလုံတျောင်သည် မကောင်းဆိုးဝါးတစ်ကောင်ကို သန့်စင်ရန်အတွက် အမျိုးသားများ၊ အမျိုးသမီးများနှင့် ကလေးငယ်များမကျန် အသက်အရွယ်မရွေးအား အရှင်လတ်လတ် စတေးခဲ့သည်။
ဤနတ်ဆိုးသည် အလွန် ရက်စက်ပြီး ကြောက်စရာကောင်းလှသည်။ နှစ်သုံးရာကျော်လုံး အသက်ရှင်အောင် နေနိုင်ခဲ့သဖြင့် မည်မျှ ကြောက်စရာ ကောင်းနေသေးမည်နည်း။
“ဆရာ”
ထုန်ရှန်ကျွီရမ်က အံ့ဩနေသော မျက်နှာဖြင့် ကျယ်လောင်စွာ ထအော်လေသည်။ သူ့အသံကို ကြားသည်နှင့် ထန်မင်လီနှင့် အခြားသူများ မျှော်လင့်ချက်မဲ့သွားကြသည်။
*ဒီနတ်ဆိုးအိုကြီးက ထုန်ရှန်ကျွီရမ်ရဲ့ ဆရာ ဖြစ်နေတာလား*
*သွားပြီ*
*လူကြီးမင်းယဲ့တောင် ဒီနတ်ဆိုးအိုကြီးရဲ့ ပြိုင်ဘက် ဖြစ်နိုင်မယ် မထင်ဘူး*
ဟွားလုံတျောင်သည် ထုန်ရှန်ကျွီရမ်ထက် အဆတစ်ရာပို၍ ကြောက်စရာကောင်းလေသည်။ ဟွားလုံတျောင် ထွက်ပေါ်လာသည်နှင့် သူတို့ ဘာများ လုပ်နိုင်ပါဦးမည်နည်း။
“သေးနုပ်တဲ့ ပုရွက်ဆိတ်ကောင်တွေ မင်းတို့ လုပ်ရဲသလား”
ဟွားလုံတျောင်က အေးစက်စက် ခြိမ်းခြောက်၍ အရိုးတုတ်ကောက်အား မြေကြီးပေါ် ဆောင့်ချလိုက်သည်။ ဟွားလုံတျောင်၏ ခန္ဓာကိုယ်မှ အနက်ရောင် မြူခိုးများ ပျံ့လွင့်လာ၏။
“မိစ္ဆာမြူခိုးနက်”
ကြောက်စရာကောင်းသော မြူခိုးများ ဘေးသို့ ပျံ့လွင့်လာ၏။
“အား...”
အော်သံများ တစ်သံပြီး တစ်သံ ထွက်ပေါ်လာကာ အနက်ရောင် မြူခိုးနှင့် ထိမိသော ဖျင်အန်းမြို့မှ သိုင်းပညာရှင်တိုင်း သွေးအိုင်အဖြစ်သို့ ပြောင်းလဲသွားကြသည်။
“ဟားဟားဟား ... ပုရွက်ဆိတ်တွေ ဘယ်လောက်များများ ရှိနေပါစေ ငါ့ဆရာ ထွက်လာတာနဲ့ မင်းတို့အားလုံး သေရမှာပဲ”
ထုန်ရှန်ကျွီရမ်က ကျယ်လောင်စွာ ဟားတိုက်ရယ်မောလေသည်။ ဟွားလုံတျောင်က ညတွင်းချင်း လူသုံးသောင်းကို သတ်ခဲ့သဖြင့် သိုင်းပညာရှင် ဆယ်ဂဏန်းလောက်အား အဘယ်ကြောင့် မသတ်ဘဲ ရှိနိုင်မည်နည်း။
“စိတ်ချ ငါ မင်းကို ချက်ချင်း မသေခိုင်းဘူး၊ မင်းအတွက် သေတာက အရမ်း ဝမ်းသာစရာ ကောင်းနေလိမ့်မယ်”
ယဲ့ကျန်းချောင်က အားရပါးရ ရယ်မော၍ ယဲ့ဖန်ကို ကြည့်နေသည်။
“လူကြီးမင်းယဲ့ ခင်ဗျားကို အရှက်ရအောင် လုပ်မိတဲ့အတွက် တောင်းပန်ပါတယ်”
သိုင်းပညာရှင်တစ်ယောက်က မချိပြုံးပြုံး၍ တောင်းပန်လေသည်။ သူ၏ ခန္ဓာကိုယ်က ပျော့အိလာပြီး အရေပြားများ ပြတ်ထွက်ကာ ခြေလက်များ တစစီ ဖြစ်သွားရသည်။ လူတစ်ကိုယ်လုံး အရည်ပျော်ကျနေ၏။
“လူကြီးမင်းယဲ့ ကျွန်မ အကောင်းဆုံး ကြိုးစားခဲ့ပါတယ်”
ကလေးမျက်နှာလေးနှင့် မိန်းကလေးတစ်ယောက်က ယဲ့ဖန်ကို လှမ်းကြည့်၍ ပြောလာသည်။ သူမမျက်ဝန်းတွင်း၌ ချစ်စိတ်များ ပြည့်လျှံနေသည်။
“လူကြီးမင်းယဲ့၊ ကျွန်တော်ရဲ့ဘုရင်၊ ကျွန်တော်တို့ရဲ့ဘုရင်”
ထိုစဉ် လူတစ်ယောက်က ပျက်စီးနေသော သူ့ခန္ဓာကိုယ်ဖြင် တွားသွား၍ ယဲ့ဖန်ထံ လှမ်းလာနေသည်။ သူသည် နောက်ဆုံးအချိန်၌ သူ၏နတ်ဘုရားကို ထိတွေ့လိုက်ဟန်ဖြင့် လက်ကိုဆန့်တန်းလာ၏။ သို့သော် အဆုံးသတ်၌ သူ့လက်များ တောင့်တင်းကာ သေဆုံးသွားလေသည်။
“ဟူး...”
ယဲ့ဖန် သက်ပြင်းချလိုက်မိသည်။ ထို့နောက် သူ့စိတ်ထဲ၌ အလွန်တရာ ရက်စက်ကြမ်းကြုတ်၍ သတ်ဖြတ်လိုသော ခံစားချက်များ ဖြစ်ပေါ်လာလေ၏။
“မင်းတို့အားလုံး သေရမယ်”

ငရဲမှလာသောသူ (Chapter 1001-1200)Donde viven las historias. Descúbrelo ahora