Chapter 1005

412 41 0
                                    

စာစဉ် 67 Chapter 1005 ခင်ဗျား ဘယ်လိုသေချင်လဲ

လက်ရှိအချိန်၌ မြေအောက်ခန်းထဲတွင် ခေါင်းပြတ်များ တစ်ခုပြီးတစ်ခု ပစ်ကျလာပြီး ထိုခေါင်းပြတ်များမှ သွေးများ စီးလာသောကြောင့် လေထုထဲ၌ မသတီစရာ သွေးနံ့များ ပြည့်နှက်နေ၏။
ထို့အပြင် ဦးခေါင်းပြတ်များ၏ မျက်နှာထက်၌ ကြောက်စရာကောင်းသော တစ်စုံတစ်ရာနှင့် ရင်ဆိုင်ခဲ့ရသော အမူအရာများ ဖြစ်ပေါ်နေသည်ကို မသေမျိုး အရှင်ခွေ တွေ့လိုက်ရသည်။
“ဦးလေးရွှမ်၊ လေ့ကျီ၊ ပိုင်ရွှယ် …”
ထိုခေါင်းပြတ်များက မိမိ၏ မသေမျိုးမျိုးနွယ်ဝင်များ၏ ခေါင်းပြတ်များ ဖြစ်နေသည်ကိုမြင်ပြီး မသေမျိုး အရှင်ခွေ တုန်လှုပ်သွားသည်။
“ဘယ်လိုလုပ် ဒီလို ဖြစ်သွားရတာလဲ၊ ဘာဖြစ်တာလဲ”
မသေမျိုး အရှင်ကွေ မှင်တက်နေ၏။ အစောပိုင်းက သူ ဤအခန်းထဲသို့ ဝင်လာစဉ်ကပင် ထိုလူများကို သူ နှုတ်ဆက်ခဲ့သေးသည်။ မျက်တောင်တစ်ခတ်အတွင်း ဤသို့ ဖြစ်သွားလိမ့်မည်ဟု သူ ထင်မထားမိချေ။
ပို၍ ထိတ်လန့်စရာကောင်းသည်မှာ ထိုဦးခေါင်းပြတ်များ၌ မည်သည့် စိတ်ဝိညာဉ် အစအနကိုမျှ သူ မခံစားမိပေ။ ထိုသူများသည် မသေမျိုးမျိုးနွယ်ဝင်များ ဖြစ်ပါသော်လည်း ယခု အမှန်တကယ် သေဆုံးသွားလေပြီ။
ထိုအခိုက်တွင် မသေမျိုး အရှင်ကွေ ထိတ်လန့်တုန်လှုပ်နေရသလို မသေမျိုး ဖီးနစ်ဘုရင်သည်လည်း နားဝေ တိမ်တောင် ဖြစ်နေ၏။
မသေမျိုးမျိုးနွယ်များသည် အလွန် ရက်စက်ကြမ်းကြုတ်သကဲ့သို့ ခွန်အားသည်လည်း ကြောက်စရာကောင်း လောက်အောင် သန်မာလှသည်။
အထူးသဖြင့် ထိုဦးခေါင်းပိုင်ရှင်များသည် မျိုးနွယ်တွင်းမှ သိုင်းအဆင့်မြင့်မားသူများ ဖြစ်သည်။ အန္တိမ စဦးအဆင့်၊ အန္တိမ အလယ်အလတ်အဆင့်၊ အန္တိမ နောက်ဆုံးအဆင့်နှင့် အန္တိမ အထွတ်အထိပ် အဆင့်ရှိသူများလည်း ပါဝင်နေသည်။
*မသေမျိုးမျိုးနွယ်က သိုင်းအဆင့်မြင့်တဲ့ လူတစ်ထောင်က ဘယ်လိုလုပ် ချက်ချင်း သေသွားရတာလဲ*
*မယုံနိုင်စရာပဲ*
မသေမျိုး အရှင်ကွေနှင့် မသေမျိုး ဖီးနစ်ဘုရင်တို့ ထိတ်လန့်နေစဉ်တွင် ခြေသံ ထွက်ပေါ်လာသည်။ ထိုခြေသံအား သေမင်းတမန်၏ ခြေသံကို ထင်မှတ်မိပြီး မသေမျိုး အရှင်ကွေ မျက်ခုံးလှုပ်ကာ ရင်တုန်လာလေသည်။
သူသည် မြေအောက်ခန်း၏ အပြင်ဘက်သို့ လှမ်းကြည့်နေမိကာ နဖူးမှ ချွေးစေးများ စီးကျလာသည်။ သူ ထိတ်လန့်တကြား ကြည့်နေစဉ်မှာပင် မြေအောက်ခန်းထဲသို့ လူခုနစ်ယောက် ဝင်လာသည်။
ထိုခုနစ်ယောက်ထဲမှ ခြောက်ယောက်သည် ရှေးဟောင်း အလောင်းကောင်ဘုရင် ခြောက်ပါးဖြစ်ပြီး နှစ်တစ်သန်း ကြာပြီးမှ မြေကြီးထဲက ကုန်းထလာပုံရသည်။ သူတို့ထံမှ ပုပ်ပွသောအနံ့က ထောင်းခနဲ ထွက်နေသည်။
တစ်ယောက်ချင်းစီက ကောင်းကင်ဘုရင်အဆင့်များ ဖြစ်ကြပြီး လူတိုင်းအား တန်ပြန်မတိုက်ခိုက်ဝံ့အောင် ပြုလုပ်နိုင်သည့် အရှိန်အဝါများ ထွက်ပေါ်နေ၏။
ထို့အပြင် ထိုအလောင်းကောင်ဘုရင် ခြောက်ပါးက လူငယ်တစ်ယောက်၏ နောက်မှ လိုက်လာပြီး သစ္စာရှိ အစောင့်များကဲ့သို့ စောင့်ကြပ်နေသဖြင့် မသေမျိုး အရှင်ကွေ မယုံနိုင် ဖြစ်သွားရသည်။
ဤအဖြစ်ကြောင့် မသေမျိုး အရှင်ခွေ ကြက်သီးမွေးညင်း ထသွားသည်။ သူ ယဲ့ဖန်ကို မည်သူမှန်း မသိပေ။
“ကောင် … ကောင်လေးယဲ့”
ထိုစဉ် မသေမျိုး ဖီးနစ်ဘုရင် တအံ့တဩ ခေါ်လိုက်သည့် နာမည်ကြောင့် မသေမျိုး အရှင်ကွေ တုန်လှုပ်သွားသည်။
*ကောင်လေးယဲ့တဲ့လား*
*ဒါဆို ဟိုငရဲဘုံကကောင်ပေါ့*
ဤသည်ကို တွေးမိပြီး မသေမျိုး အရှင်ကွေ အံ့ဩမှင်တက်သွားသည်။ သူသည် မသေမျိုးမျိုးနွယ်ဝင်များကိုခေါ်၍ ငရဲဘုံသို့သွားကာ ယဲ့ဖန်ကို အပြစ်ပေးမည်ဟု ကြံစည်ထားခဲ့သည်။
သို့သော် ယခုအခါ၌ တစ်ဖက်လူက ဘယ်လိုလုပ် ယင်ယန်လောကသို့ ရောက်လာပြီး တော်ဝင်မျိုးနွယ် ရှေးဟောင်း အလောင်းကောင်မျိုးနွယ်ကိုပါ သိမ်းပိုက်နိုင်နေရသနည်း။
သူ့အပြင် မသေမျိုး ဖီးနစ်ဘုရင်သည်လည်း ထင်ယောင်ထင်မှား ဖြစ်နေသည်ဟု ထင်မှတ်ကာ ယဲ့ဖန်အား ငေးငိုင် ကြည့်နေ၏။
“အစ်ကို ရှီရှန်း”
“အစ်ကို ရှီဟိုင်”
“အစ်ကို … ရှီကျုံး”
မသေမျိုး ဖီးနစ်ဘုရင်သည် ယဲ့ဖန်ဘေးနားမှ အလောင်းကောင် ဘုရင်ခြောက်ပါးကို ကြည့်ပြီး စိတ်လှုပ်ရှားကာ မယုံနိုင် ဖြစ်နေသည်။
ဤရှေးဟောင်း အလောင်းကောင်ဘုရင် ခြောက်ပါးသည် သူနှင့်အတူ မဟာနတ္ထိ ရှေးဧကရာဇ်ထံ၌ ခစားခဲ့သူများ ဖြစ်ပြီး အတူတူ တိုက်ပွဲဆင်နွှဲခဲ့သူများ ဖြစ်လေသည်။ ဤလူများကို သူ မည်သို့ မေ့နိုင်ပါမည်နည်း။
“လူအိုကြီး ကျုပ် နောက်ကျသွားပြီလို့ ခင်ဗျား ထင်လား”
ထိုစဉ် ယဲ့ဖန်က မသေမျိုး ဖီးနစ်ဘုရင်ကို ပြုံး၍ မေးလာသည်။ သူ့စကားကို ကြားသောအခါ မသေမျိုး ဖီးနစ်ဘုရင် မျက်ရည်ကျလာသည်။
*အိပ်မက် မဟုတ်ဘူးပဲ*
*ငါ နေ့ရောညပါ သတိရနေခဲ့တဲ့ ကောင်လေးယဲ့က အသက်ရှင်နေတဲ့အပြင် ငါ့ဆီကိုတောင် ရောက်လာပြီပဲ*
“ဟင့်အင်း၊ ငယဲ့လေး မင်း လုံးဝ နောက်မကျဘူး၊ ကောင်စုတ်လေး … ဟားဟားဟား …”
မသေမျိုး ဖီးနစ်ဘုရင် တငိုငို တရယ်ရယ် ဖြစ်နေ၏။ အခြေအနေ ဆိုးရွားလှသော မသေမျိုး ဖီးနစ်ဘုရင်ကို ကြည့်ပြီး ယဲ့ဖန်၏ မျက်လုံးများ ခက်ထန်လာသည်။ ထို့နောက် တစ်ဖက်လှည့်၍ မသေမျိုး အရှင်ကွေကို စူးစိုက် ကြည့်လေသည်။
“ခင်ဗျားက ဟေးဒီးစ်နဲ့ ဝမ်လီရဲ့ အဖေ ပြီးတော့ လူအိုကြီးယန်ရဲ့ အစ်ကို မဟုတ်လား”
သူ့စကားကို ကြားပြီး မသေမျိုး အရှင်ကွေ ချွေးပြန်လာသည်။ သူ ယခင်ကတည်းက ယဲ့ဖန်ကို မုန်းတီးခဲ့သည်။ ယဲ့ဖန်နှင့် ရင်ဆိုင်ရချိန်တွင် သူ အသာစီးရပြီး ယဲ့ဖန်ကို မသေမချင်း နှိပ်စက်နိုင်မည်ဟု ထင်ခဲ့မိသည်။ သို့ရာတွင် ဤသို့သော အခြေအနေမျိုး ဖြစ်လာလိမ့်မည်ဟု သူ ထင်မထားမိပါ။
“ဟုတ်တယ် … ငါ … ငါပဲ”
မသေမျိုး အရှင်ကွေ မျက်ခုံးလှုပ်နေပြီး မည်သို့ ထွက်ပြေးရမလဲ တွေးနေမိသည်။ ဤသည်ကို ရိပ်မိဟန်ဖြင့် ယဲ့ဖန်က ပြုံးလာသည်။ သူသည် မသေမျိုး အရှင်ကွေကို စူးစိုက်ကြည့်၍ နတ်ဆိုးသဖွယ် ပြုံးလိုက်သည်။
“ဟေးဒီးစ်ကို ငါပဲ အသေရိုက်သတ်လိုက်တာ”
“ဝမ်လီကို ငါပဲ သတ်လိုက်တာ”
“မင်းညီယန်ကိုလည်း ငါပဲ သတ်လိုက်တာ”
ယဲ့ဖန်က နာမည်များကို ထုတ်ပြောလာသောအခါ မသေမျိုး အရှင်ကွေ၏ စိတ်ထဲတွင် နှလုံးသားအား ဓားနှင့်မွှန်းသကဲ့သို့ ခံစားလိုက်ရသည်။
“ခင်ဗျားရော ဘယ်လိုသေချင်လဲ”
ထိုစကားကြောင့် မသေမျိုး အရှင်ကွေ သွေးအန်မတတ် ဖြစ်ကာ မုန်းတီးစိတ်များ တိုးပွားလာသည်။ ထို့အပြင် သွေးဆူအောင် ဆွနေသော စကားများနှင့် ပြုံးစစ အမူအရာကြောင့် သူ ယဲ့ဖန်ကို ပို၍ ကြောက်လန့်မိသလို မုန်းလည်း မုန်းတီးမိသည်။
“မင်းက ငါ့ကို သတ်ချင်တာလား မဖြစ်နိုင်ဘူး”
မသေမျိုး အရှင်ကွေသည် လှစ်ခနဲ လှုပ်ရှားကာ မသေမျိုး ဖီးနစ်ဘုရင်၏ အနောက်သို့ ပြေးသွားသည်။ သူသည် သံကြိုးများကို ဖြတ်တောက်၍ မသေမျိုး ဖီးနစ်ဘုရင်ကို ချုပ်ထားပြီး ယဲ့ဖန်ကို စူးစိုက်ကြည့်လေသည်။
“ဟေ့ကောင် မင်း ဒီလူအိုကြီးကို မသေစေချင်ရင် ငါ့ကို သွားခွင့်ပေး”
မသေမျိုး အရှင်ကွေ၏ မျက်နှာထားက ရူးမတတ် ဖြစ်နေသည်။ သူက အလောင်းကောင်ဘုရင် ခြောက်ပါး၏ ပြိုင်ဘက် မဖြစ်နိုင်မှန်း သူ သိသည်။ ထို့ကြောင့် မသေမျိုး ဖီးနစ်ဘုရင်ကို အသုံးချ၍ လွတ်မြောက်လမ်း ရှာနေခြင်းပင်။
သူ့စကားကို ယဲ့ဖန်က အံ့ဩဟန်မပြဘဲ ခေါင်းညိတ်၍ လက်ကာပြလိုက်သည်။ ထိုအခါ အလောင်းကောင် ဘုရင်ခြောက်ပါးက ဘေးနှစ်ဖက်သို့ ကပ်၍ လမ်းဖယ်ပေးလိုက်ကြသည်။
“ကြွပါ”
ယဲ့ဖန်က ပြုံးနေပြီး စိုးရိမ်ဟန် မပေါ်ပေ။ ဤသည်ကြောင့် မသေမျိုး အရှင်ကွေ မျက်မှောင်ကြုတ်မိသွားသည်။ သို့သော် သူ တွေးနေချိန် မရှိသဖြင့် မသေမျိုး ဖီးနစ်ဘုရင်ကို လည်ပင်းမှ ဖျစ်ညှစ်၍ မြေအောက်ခန်းထဲမှ ထွက်လာလိုက်သည်။
သူ သတိကြီးကြီးထားနေပြီး အားကုန်သုံး၍ မသေမျိုး ဖီးနစ်ဘုရင်ကို ချုပ်ထားသည်။ ယဲ့ဖန်နှင့် ကျန်လူများက မသေမျိုး ဖီးနစ်ဘုရင်ကို အကြမ်းပတမ်း လု၍ကယ်ရန် ကြိုးစားလာပါက သူ မသေမျိုး ဖီးနစ်ဘုရင်ကို အရင် သတ်ပစ်မှာ ဖြစ်သည်။
ယဲ့ဖန်နှင့် အခြားသူများက ငြိမ်၍ ရပ်နေပြီး ဘာမျှမလှုပ်ရှားပေ။ ထို့ကြောင့် မသေမျိုး အရှင်ကွေ စိတ်အေးသွားပြီး သက်ပြင်းချကာ မြေအောက်ခန်းအပြင်သို့ ချက်ချင်း ထွက်၍ ရဲတိုက် အပြင်ဘက်သို့ အသည်းအသန် ထွက်လာလိုက်သည်။
မသေမျိုး ဖီးနစ်ဘုရင်ကို ချုပ်၍ အပြင်သို့ ထွက်လာပြီးနောက် ပင့်သက်ရှိုက်လိုက်မိသည်။ သို့သော် အပြင်ဘက်မှ မြင်ကွင်းကို မြင်လိုက်ရချိန်တွင် ကြက်သေ သေသွားရသည်။
အလောင်းများက နေရာတိုင်း၌ ပျံ့ကြဲနေ၏။ ဆယ်ယောက်၊ အယောက်တစ်ရာ၊ အယောက်တစ်ထောင်။ ရဲတိုက် ပတ်လည်၌ ထောင်ချီသော မသေမျိုးမျိုးနွယ်များ၏ အလောင်းများဖြင့် ပြည့်နှက်နေပြီး သွေးများက မြစ်သဖွယ် စီးဆင်းနေသည်။
“သွားပြီ၊ ငါ … ငါ့မသေမျိုး မျိုးနွယ် ပျက်စီးသွားပြီ”
ထိုအခိုက်တွင် မသေမျိုး အရှင်ကွေ ကြက်သီးထကာ သွေးပျက်လာရသည်။ သူ အပြင်သို့ ရောက်လာသည်နှင့် အလောင်းကောင်မျိုးနွယ်များက ပြေးလာပြီး မသေမျိုး အရှင်ကွေအား အလယ်၌ ညှပ်၍ ဝိုင်းထားကြသည်။
ထိုအခါ မသေမျိုး အရှင်ကွေ မျက်နှာပြာနှမ်းလာလေသည်။ ထို့အပြင် ယဲ့ဖန်နှင့် အလောင်းကောင် ဘုရင်ခြောက်ပါးတို့ကလည်း မြေအောက်ခန်းထဲမှ ထွက်လာကြသည်။ ထိုစဉ် မသေမျိုး အရှင်ခွေက ရူးသွပ်စွာ အော်ပြောလိုက်သည်။
“ကောင်းပြီလေ၊ ငါ ဘယ်လိုပဲ ဖြစ်ဖြစ် သေရမယ်ဆိုမှတော့ ငါ မင်းလို မျိုးမစစ်ကောင်ကိုပါ သေရွာကို ခေါ်သွားမယ်ကွ”
မသေမျိုး အရှင်ကွေသည် သူ့လက်ထဲ၌ မသေမျိုး ဖီးနစ်ဘုရင် ရှိနေသော်လည်း ထောင်သောင်းချီသော အလောင်းကောင်မျိုးနွယ်များနှင့် အလောင်းကောင် ဘုရင်ခြောက်ပါး၏ လက်ထဲတွင် သူ အသတ်ခံရမည်ကို သိနေ၏။
ထို့နောက် သူသည် အတွေးတစ်ခု ရလာပြီး ဖမ်းထားသော မသေမျိုး ဖီးနစ်ဘုရင်အား အလောင်းကောင် ဘုရင် ခြောက်ပါးထံသို့ လှမ်းပစ်လိုက်သည်။ ထို့နောက် သူက ယဲ့ဖန်ထံသို့ ပြေးဝင်သွားလိုက်သည်။
“သေစမ်းကွာ”
စာစဉ် ၆၇ ဤတွင် ပြီးပါပြီ။

ငရဲမှလာသောသူ (Chapter 1001-1200)Where stories live. Discover now