Chapter 1041

365 40 0
                                    

စာစဉ် 70 Chapter 1041 အိုးရန် ချင်ရွှယ်

*သူ ဘယ်တော့မှ ပြန်မလာနိုင်တော့ဘူး*
ကောင်းကင်တာအို၏ ပြင်းထန်သော စကားများကြောင့် ယဲ့ဖန်၏ မျက်နှာအမူအရာက မည်းမှောင်လာသည်။
“ဘာကြောင့်လဲ”
ကောင်းကင်တာအိုကို ခက်ထန်သော အကြည့်များဖြင့် ပြန်ကြည့်လိုက်သည်။ လက်ရှိတွင် မြေကွက်လပ် တစ်ခုလုံး၏ လေထုအခြေအနေက အေးခဲလာသည်။ လူသား အရှင်သခင်နှင့် အခြားသူများတောင်မှ ကျောချမ်းသလို ခံစားလိုက်ရသည်။
ထိုအခါ နီရဲနေသော မျက်လုံးတစ်စုံက ညှင်းဆဲလိုသောပုံစံဖြင့် ပြန်ဖြေလေသည်။
“ဘာကြောင့်လဲ ဟုတ်လား”
“သေချာပေါက်ကို မင်းကြောင့်ပဲပေါ့ကွ”
ထိုသို့ပြောလိုက်ပြီးနောက် ကောင်းကင်တာအို၏ မျက်လုံးတစ်စုံက မခိုးမခန့်ဟန်ဖြင့် ဆက်ပြောလာသည်။
“မင်းတို့ လူသားတွေဆိုတဲ့ ပုရွက်ဆိတ်တွေရဲ့ ခံစားချက်က တကယ်ကို ဝမ်းနည်းစရာကောင်းပြီး သနားစရာ ကောင်းလွန်းတယ်လို့ ပြောရမယ်”
“အဲ့မိန်းမက မင်း ယန်နယ်မြေနဲ့ သေချာပေါက် စစ်ဖြစ်မယ်ဆိုတာကို သိနေသလို မင်း ရှုံးမှာ သေချာတယ် ဆိုတာကိုလည်း သိနေတယ်လေ”
“အဲ့ဒါကြောင့် သူက မင်းအတွက် တိုက်ပွဲဝင်ဖို့ ယန်နယ်မြေကို ကိုယ်တိုင်လာဖို့ တွေဝေမနေခဲ့ဘူးလေ”
ထိုစကားကြောင့် ယဲ့ဖန် တုန်လှုပ်သွားရပြန်သည်။
“ကျုပ်အတွက်လား”
ယဲ့ဖန်၏ မျက်လုံး၌ တွေဝေဟန်များ ထင်ဟပ်လာပြီး နှလုံးသားထဲ၌ ဝမ်းနည်းစိတ်များ ပြည့်နှက်လာသည်။ သူ၏ အရင်ဘဝနှင့် လက်ရှိဘဝတို့၌ သူ့အား တိတ်တဆိတ် စောင့်ရှောက်ပေးနေသောသူ ရှိနေလိမ့်မည်ဟု သူ ထင်မထားမိပါ။
သူမက သူ အသက်ရှင်ရေးအတွက် ယန်နယ်မြေကို သွားရန်ပင် တွန့်ဆုတ်မနေခဲ့ချေ။ ယဲ့ဖန်၏ ဝမ်းနည်းစိတ်ကို ခံစားမိဟန်ဖြင့် ကောင်းကင်ထက်မှ မျက်လုံးတစ်စုံက မခံချိမခံသာဖြစ်အောင် ဆက်ပြောလေသည်။
“ဒီနတ်ဘုရား သိရသလောက်ဆို မင်း အသက်ရှင်ခွင့် ရဖို့အတွက် အဲ့မိန်းမက ကျိုးယန်တောင်ကို သွားပြီး ဧကရာဇ်ယန်ပုလဲကို သွားယူချင်နေတာပဲ”
“သူက ကျိုးယန်တောင်အောက်မှာ သုံးရက်သုံးညတိတိ လေဒဏ်၊မိုးဒဏ်၊ မိုးကြိုးလျှပ်စီးဒဏ်နဲ့ အသက်အန္တရာယ်ကို အံတုပြီး ဒူးထောက်ခဲ့တယ်”
“ပြီးတော့ သူက တောင်ခြေကနေ တောင်ထိပ်အထိ တက်ရလိမ့်မယ်၊ အဲ့လိုတက်တဲ့အချိန်မှာလည်း နတ်ဘုရားသတ် ကြာပွတ် တစ်ထောင့်ရှစ်ချက်ကို တောင့်ခံရမယ်”
“သူ အောင်မြင်တော့မယ့်အချိန်ကျမှ ကျိုးယန်တောင်ထိပ်ကနေ ပစ်ချခံလိုက်ရတယ်”
“ဘယ်ကိုမှ ပြန်မသွားနိုင်တော့ဘူး”
*ဘာ*
ကောင်းကင်တာအို၏ စကားများက ယဲ့ဖန်အား မိုးကြိုးပစ်ချခံလိုက်ရသကဲ့သို့ ခံစားရစေပြီး တုန်လှုပ် သွားစေသည်။ ယဲ့ဖန်သည် တစ်ကိုယ်လုံး တုန်ယင်နေသလို မျက်လုံး၌ မျက်ရည်များ ဝဲတက်လာသည်။
အမျိုးသမီးတစ်ယောက်က ရှေးခေတ်မှ ငရဲဘုံဘဝအထိ စောင့်ရှောက်နေသည်ကို သူ မြင်ယောင်လာသည်။ သူ ဒဏ်ရာရချိန်တွင် သူမ စိုးရိမ်ပူပန်ခဲ့သည်။ သူ အောင်မြင်သွားချိန်တွင် သူမ အလွန် ပျော်ရွှင်နေ၏။
သူမသည် သူ့အတွက် ရယ်ခဲ့၊ ငိုခဲ့ရသလို သူ့အတွက်နှင့် ပျော်ရွှင်ခဲ့ဖူးပြီး သူ့အတွက် စိုးရိမ်ခဲ့ဖူးသည်။ သို့သော် သူမသည် တစ်ခါမှ လူလုံးထွက်မပြခဲ့ပေ။ သူမသည် တိတ်တဆိတ်သာ စောင့်ရှောက်နိုင်ခဲ့သည်။
နောက်ဆုံးတွင် သူမရင်သွေးက ကောင်းကင်ဘုံ ယန်နယ်မြေနှင့် ရန်သူ ဖြစ်လာတော့မည်ကို သိလိုက်ရသဖြင့် သူမ ယန်နယ်မြေနှင့် ထိပ်တိုက်တွေ့ရန် ဆုံးဖြတ်ခဲ့သည်။
သူမ ဆောက်တည်ရာမရ ဖြစ်နေသည်။ သူမသည် ကျိုးယန်တောင်မှ ဧကရာဇ်ယန်ပုလဲကို ရရန် အသက်ကိုရင်း၍ ရင်ဆိုင်လေသည်။ ရင်သွေးဖြစ်သူ တစ်ဖန်ပြန်လည် မွေးဖွားနိုင်ရန်အတွက် သူမအသက်ကို အလဲအလှယ် လုပ်ချင်နေသည်။
ကျိုးယန်တောင်၌ ထိုအမျိုးသမီးသည် မိုးစက်များကြောင့် ရွှဲရွှဲစိုကာ လေဒဏ်ကြောင့် အရေပြားများ ပွန်းပဲ့နေသည်။ မိုးကြိုးလျှပ်စီးကြောင့် အသားစများ ပဲ့ထွက်လာ၏။ သို့သော် သူမ တောင့်ခံခဲ့သည်။
နောက်ဆုံးတွင် သူမ ကျိုးယန်တောင်သို့ တက်နိုင်သည့် အခွင့်အရေးကို ရလာသည်။ သူမသည် တောင်ခြေမှ တောင်ထိပ်အထိ ဝပ်တွား၍ တက်ရပေမည်။ ယန်နယ်မြေမှ လူများက နတ်ဘုရားသတ် ကျာပွတ်ဖြင့် သူမခန္ဓာကိုယ်အား ထပ်ခါထပ်ခါ ရိုက်နှက်နေ၏။
တောင်တက်လမ်းတစ်ခုလုံး သွေးစက်များကြောင့် အနီရောင်လမ်းအဖြစ်သို့ ပြောင်းလဲလာသည်။ ကျိုးယန် တောင်တစ်လျှောက် အသားစများ ပျံ့ကြဲနေသည်။
သေသွားသည်က ပိုကောင်းမည်ဟူသော ခံစားချက်မျိုး အကြိမ်တိုင်း ဖြစ်ပေါ်လာသည်ဖြစ်စေ၊ ဝေဒနာက အရိုးထဲအထိ စိမ့်ဝင်လာသည်ဖြစ်စေ သူမ အံကိုကြိတ်၍ တောင့်ခံခဲ့သည်။
“ဖန်အာ၊ ဖန်အာ”
ထိုအချိန်တွင် ထိုအမျိုးသမီး ဝမ်းပန်းတနည်း ငိုကြွေးတမ်းတသံကို ယဲ့ဖန် ကြားယောင်လာ၏။ ထိုအသံကြောင့် ယဲ့ဖန်၏ နှလုံးသားကို ဓားနှင့်မွှေ့ယမ်းခံလိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။
ထိုအမျိုးသမီး ကျိုးယန်တောင်ထိပ်ပေါ်သို့ ဝပ်တွား၍ တက်နေသည်ကို ယဲ့ဖန် မြင်နေရသည်။ သူမရင်သွေး၏ အသက်ကို ကယ်နိုင်မည့် ဧကရာဇ်ယန်ပုလဲကို သူမ မြင်လိုက်ရချိန်တွင် အလွန် ဝမ်းသာ ပျော်ရွှင်သွားလေသည်။
သူမ သေရမည်ဆိုလျင်တောင်မှ သူမရင်သွေး ပြန်မွေးဖွားခွင့်ရမည်ဆိုလျင် စတေးရ ထိုက်တန်သည်ဟု ခံစားမိသည်။
ထို့ကြောင့် သူမ ဧကရာဇ်ယန်ပုလဲရှေ့သို့ တဖြည်းဖြည်း ဝပ်တွား၍ လှမ်းသွားပြီး သွေးအလိမ်းလိမ်းဖြစ်နေသော လက်ကိုဆန့်၍ လှမ်းယူရန် ပြင်လိုက်သည်။
ထိုစဉ် ဘေးနားသို့ ပြင်းထန်သော ပေါက်ကွဲမှုတစ်ခု ကျရောက်လာပြီး ထိုအမျိုးသမီး၏ သွေးစွန်းနေသော ခန္ဓာကိုယ် လွင့်ထွက်သွားလေသည်။ သူမသည် ဝမ်းနည်းပက်လက်ဖြင့် ဆောက်တည်ရာမရသော မျက်နှာထားဖြင့် တောင်ထိပ်မှ ပြုတ်ကျသွားတော့သည်။
“မဖြစ်ရဘူး”
ထိုအချိန်တွင် ယဲ့ဖန်သည် ဆံပင်များ တလွင့်လွင့်ဖြစ်လာပြီး သူရူးသဖွယ် ပြုမူမတတ် ဖြစ်လာရသည်။ သူ၏ စိတ်ဝိညာဉ် ဆွဲစုတ်ခံလိုက်ရသလို ခံစားလိုက်ရသည်။ သွေးထဲမှ ပြင်းထန်သော နာကျင်မှုဝေဒနာကြောင့် ဒဏ်ရာရနေသော သားရဲတစ်ကောင်ကဲ့သို့ သူ ဟစ်ကြွေးလိုက်မိသည်။
“သူ … သူ့နာမည်က ဘာလဲ …”
ယဲ့ဖန်၏ မျက်လုံးမှ ပူနွေးသော မျက်ရည်များ စီးကျလာသည်။ သူ၏ နှလုံးသားတစ်ခုလုံး ကွဲကြေသွားသလို ခံစား နေရ၏။
ဤမြင်ကွင်းကိုကြည့်ပြီး ကောင်းကင်တာအို၏ မျက်လုံးက ပိုမိုအေးစက်လာပြီး သဘောကျဟန်ဖြင့် ပြန်ဖြေလေသည်။
“အိုးရန်ချင်ရွှယ်”
“တစ်ချိန်က လောကရဲ့ နံပါတ်တစ် မိန်းမချောလေး ဖြစ်ခဲ့တာပေါ့၊ သနားစရာပဲ၊ သနားစရာပဲ”
ကောင်းကင်တာအို၏ စကားများကြောင့် ယဲ့ဖန်၏ ခန္ဓာကိုယ်က ပိုမိုတုန်ယင်လာသည်။ သတ်ဖြတ်ချင်သော စိတ်တို့ကြောင့် သွေးများ ပွက်ပွက်ဆူလာသလို ဖြစ်လာ၏။
လက်ရှိတွင် ယဲ့ဖန်သည် ယန်နယ်မြေသို့ သွားရန်မစောင့်နိုင်တော့ဘဲ ကျိုးယန်တောင်တစ်ခုလုံးအား သတ်ဖြတ် ဖျက်ဆီးချင်လာ၏။ အင်အားကြီးသော အဖွဲ့အစည်းတစ်ခုကို ပထမဆုံးအကြိမ်အဖြစ် နက်နက်ရှိုင်းရှိုင်း မုန်းတီးမိလာသည်။
“အင်း …”
ထိုစဉ် ကောင်းကင်တာအို၏ မျက်လုံးသည် ယဲ့ဖန်၏ ဒေါသကို ခံစားမိဟန်ဖြင့် နိုင်လိုမင်းထက် ပြုမူချင်ဟန်ဖြင့် စကားစလာ၏။
“ငရဲဘုံပုရွက်ဆိတ်၊ မင်း ဒေါသထွက်နေတာကို ငါ သိတယ်၊ မင်း ဝမ်းနည်းနေမှန်းလည်း သိတယ်”
“ငါက မင်းကို ဒေါသတကြီးတွေဖြစ်ပြီး ဝမ်းနည်းပက်လက်နဲ့‌ သေစေချင်တာကွ၊ ဟားဟားဟား …”
သူ၏ ရယ်သံက ဆိုးယုတ်လွန်းလှသည်။ ကောင်းကင်တာအိုက ယဲ့ဖန်ကို လွန်စွာ မုန်းတီးနေမှန်း သိသာပေသည်။ တစ်ချိန်က ဤပုရွက်ဆိတ်ကောင်သည် ကောင်းကင်ကို ဆန့်ကျင်ခဲ့သူဖြစ်ပြီး သူ့အား သတ်နိုင်လုနီးပါး ဖြစ်ခဲ့သူ ဖြစ်ပေသည်။
ထို့ကြောင့် ယခု သူ ဒေါသထွက်ကာ ဝမ်းနည်း၍ ကြံရာမရသောစိတ်ဖြင့် သေဆုံးသွားမှသာ ကောင်းကင်တာအို စိတ်သက်သာရာ ရပေတော့မည်။
“ကောင်းပြီလေ၊ ငါ မင်းကို တော်တော်များများ ပြောပြပြီးပြီဆိုတော့ မင်း သေရမယ်ဆိုရင်တောင်မှ ဂုဏ်ယူ သင့်နေပြီ”
“ကဲ … အခု ငါ့စားစရာလေးတွေ မင်းတို့ တမလွန်ကို သွားလို့ရပြီ”
ထိုစကားအဆုံး၌ ကောင်းကင်တာအို၏ မျက်လုံးက ရုတ်ချည်းဆိုသလို ဝဲကတော့အသွင် ပြောင်းလဲသွားသည်။ ထိုဝဲကတော့အတွင်းမှနေ၍ များစွာသော ရွှေရောင်သတ္တဝါများ ပျံသန်း ထွက်ပေါ်လာ၏။
“သတ်”
ကောင်းကင်တာအို၏ စကားအဆုံးတွင် ထိုရွှေရောင်သတ္တဝါများက အောက်ဘက်ရှိလူများထံသို့ အသည်းအသန် ပျံသန်းသွားလေသည်။ အကောင်ပေါင်း သောင်းချီ၍ ရှိနေသည်။
လက်ရှိအချိန်၌ များစွာသော ရွှေရောင်သတ္တဝါများက ကောင်းကင်ထက်မှ ဆင်းသက်လာပြီး ၎င်းတို့၏ ခန္ဓာကိုယ်တွင် ယန်စွမ်းအင်များ စီးဆင်းနေ၏။ ၎င်းတို့သည် ကြမ်းကြုတ်ရက်စက်သောအသွင်ဖြင့် အောက်ဘက်ရှိ လူများထံသို့ ဦးတည်လာကြသည်။
ထိုရွှေရောင်သတ္တဝါများက မဟာနတ္ထိ ရှေးဧကရာဇ်နှင့် အခြားသူများကို ကိုက်ဖြတ်တိုက်ခိုက်ရုံသာမက ရှေးဟောင်းမျိုးနွယ်သုံးခုမှ လူများကိုပါ သတ်ဖြတ်လာသည်ကို အားလုံး မြင်တွေ့လာရသည်။
“မဟုတ်ဘူးလေ၊ ငါက ထိုက်ကူနဂါးမျိုးနွယ်လေ၊ ငါတို့က ကောင်းကင်တာအိုဘက်ကလူတွေလေ …”
ထိုက်ကူနဂါးမျိုးနွယ်များသည် သူတို့ အသက်ရှင်ရန် မျှော်လင့်ချက်ရှိလာပြီဟု တွေးတောပြီး ဝမ်းသာနေရာမှ ရွှေရောင်သတ္တဝါများက သူတို့ထံ ဦးတည်ပျံသန်း၍ သတ်ဖြတ်လာသည်ကို တွေ့လိုက်ရသဖြင့် ထိတ်လန့်တကြား အော်ဟစ်ကြလေသည်။
သို့ရာတွင် ရွှေရောင်သတ္တဝါများက ထီမထင်ဟန် ပြုံးနေကြသည်။
“ငါတို့ဘက်က ဟုတ်လား၊ မင်းတို့အားလုံးက ငရဲဘုံသားတွေပဲ”
“အဲ့ထက်မပိုဘူး”
ရွှေရောင်သတ္တဝါများ၏ စကားများကြောင့် ရှေးဟောင်းမျိုးနွယ်များမှ သိုင်းပညာရှင်များအားလုံး မျက်နှာပျက် သွားကြသည်။
ထိုစဉ် ရှောင်တိမ်းရန် ပြင်နေသည့် ထိုက်ကူနဂါးတစ်ကောင်သည် ရွှေရောင်သတ္တဝါတစ်ကောင်၏ ဖမ်းဆီးခြင်း ခံလိုက်ရပြီး ထိုသတ္တဝါက နဂါးဦးခေါင်းကို လက်တစ်ဖက်ဖြင့်ကိုင်၍ နောက်လက်ဖြင့် ခန္ဓာကိုယ်ကို ကိုင်ကာ အားဖြင့် ဆွဲဖြတ်လိုက်သည်။
“အား…”
ထိုက်ကူနဂါးသည် ငယ်သံပါအောင် တစ်ချက်မျှ အော်ဟစ်လိုက်ပြီးနောက် ခန္ဓာကိုယ် နှစ်ခြမ်းပြတ်ကာ သေဆုံး သွားလေသည်။ ဧရာမ ထိုက်ကူနဂါး၏ အလောင်းကို အောက်သို့ပစ်ချလိုက်ချိန်တွင် လူတိုင်း အုတ်အော် သောင်းတင်း ဖြစ်သွားကြသည်။

ငရဲမှလာသောသူ (Chapter 1001-1200)Where stories live. Discover now