Chapter 1137

353 47 1
                                    

စာစဉ် 76 Chapter 1137 ယဲ့ဘုရင်

တောက်! တောက်!
ဟွားလုံတျောင်၏ နှလုံးသားမှ သွေးများ တတောက်တောက် စီးကျနေသည်။ ဟွားလုံတျောင်၏ ရင်ဘတ်၌ သွေးသံတရဲရဲနှင့် အပေါက်တစ်ပေါက် ဖြစ်နေပြီး ခန္ဓာကိုယ်ထဲမှ နှလုံးသား ဆွဲထုတ်ခံထားရသည်ကို လူတိုင်း မြင်နေရသည်။
“မင်းက ... တကယ့် နတ်ဆိုးပဲ”
ဟွားလုံတျောင်သည် နှာခေါင်းနှင့် ပါးစပ်တို့မှ သွေးများ စီးကျလာသောကြောင့် စကားကို မနည်း ပြောယူနေ ရသည်။ သူ့မျက်နှာ ပြာနှမ်းနေပြီး မျှော်လင့်ချက်မဲ့နေဟန်များ ထင်ဟပ်နေသည်။
“ဂျွတ်”
ယဲ့ဖန်က သူ့လက်မောင်းမှဆွဲ၍ နှစ်ခြမ်းဆွဲဖြဲလိုက်သည်။
“ဒုန်း”
“ဒုန်း”
ဟွားလုံတျောင် ကိုယ်နှစ်ခြမ်း ဆွဲဖြဲခံလိုက်ရသည်နှင့် ဟွိုင်အန်းမြို့မှ အင်အားကြီးပုဂ္ဂိုလ်များအားလုံး တစ်ယောက်ပြီး တစ်ယောက် ဒူးထောက်လာကြသည်။
သူတို့အားလုံး မျက်နှာပြာနှမ်းနေပြီး အလွန် ရူးမိုက်သော ဆုံးဖြတ်ချက်တစ်ခုအား ချခဲ့မိသည်ဟု သိလိုက်ကြ လေသည်။ ထိုဆုံးဖြတ်ချက်မှာ ယဲ့ဖန်နှင့် ရန်သူဖြစ်ရန် ဆုံးဖြတ်ခဲ့မိခြင်းပင်။
*မင်းကို တစ်ချက်တည်းနဲ့ သတ်ပစ်မယ်*
*ယဲ့ဖန် တကယ် အဲ့အတိုင်း လုပ်ခဲ့တာပဲ*
*ပြိုင်ဘက်ကင်းတဲ့ အင်မော်တယ် ဟွားလုံတျောင်ကို တစ်ချက်တည်းနဲ့ သတ်ပစ်ခဲ့တာပါလား*
ထန်မင်လီနှင့် အခြားသူများ၏ မျက်နှာတွင် အလွန် ထိတ်လန့်နေဟန်များ ထင်ဟပ်နေသည်။ သူတို့ ယဲ့ဖန်ကို အထင်ကြီးမိနေပြီဟု ထင်ခဲ့မိသော်လည်း တကယ်တမ်းတွင် သူတို့သည် လျှော့တွက်မိခဲ့ကြခြင်းသာ ဖြစ်သည်။
*လူကြီးမင်းယဲ့ရဲ့ ခွန်အားက ငါတို့ မှန်းဆနိုင်တဲ့အရာ မဟုတ်ပါလား*
*ဒီလူ ...*
ကျုံးဝမ် အိပ်မက်မက်နေသည်ဟု ထင်မှတ်မိနေ၏။ ယဲ့ဖန်နှင့် သူမ ယခုမှ နှစ်ကြိမ်သာ တွေ့ဖူးသေးသော်လည်း ယဲ့ဖန် သေရတော့မည်ဟု သူမ မြင်လာချိန်တွင် ဘာရယ်ကြောင့်မှန်းမသိဘဲ သူမ အသက်ရှင်ချင်စိတ် ပျောက်ဆုံး သွားသလို ခံစားလိုက်ရသည်။ ထိုသို့သောအချိန်၌ သူမ နှလုံးသားတစ်ခုလုံး ကွဲကြေသွားသလို ခံစားလိုက်ရသည်။
လက်ရှိအချိန်၌ ယဲ့ဖန်က လက်ပိုက်၍ ဂုဏ်ယူစွာ ရပ်နေသည်။ သူ၏ပုံစံက ရက်စက်ကြမ်းကြုတ်မှုများနှင့် ပြည့်နှက်နေသော နတ်ဆိုးတစ်ကောင်အတိုင်းပင်။
ထို့‌နောက် သူက ထန်မင်လီနှင့် အခြားသူများကို လှမ်းကြည့်၍ ပြုံးလိုက်သည်။
“မင်းတို့ရဲ့ သစ္စာရှိမှုကို ငါကိုယ်တိုင် မြင်ခဲ့ပြီးပြီ၊ အဲ့ဒါကြောင့် မင်းတို့ကို ငါ အသိအမှတ်ပြုတယ်”
ထိုသို့ပြောပြီးသည်နှင့် ယဲ့ဖန်က ထူးခြားဆန်းကြယ်သော အမှောင်ထု အငွေ့အသက်နှင့်အတူ ထူးဆန်းသော မန္တန်တစ်ခုကို ရွတ်ဆိုလေသည်။
ထိုအခါ ထိတ်လန့်ဖွယ် မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာသည်။ မြေကြီးပေါ်မှ သွေးစက်များ စုစည်းစပြုလာပြီးနောက် လူသားတစ်ယောက်အသွင် ဖွဲ့စည်းလာ၏။ ထို့နောက် သေဆုံးသွားသော ဖျင်အန်းမြို့မှ သိုင်းပညာရှင်တိုင်း အသက်ပြန်ရှင်လာသည်။
“ဟာ...”
ယဲ့ဖန်သည် ကြီးမားသော တုန်လှုပ်ဖွယ်ကောင်းသည့် အဖြစ်အပျက်တစ်ခုကို ထပ်မံဖြစ်ပေါ်လာစေတော့သည်။
*သေရာကနေ အသက်ပြန်သွင်းတာလား*
*ယန်နယ်မြေမှာ ဘာတွေဖြစ်နေတာလဲ*
*ဒါ နတ်ဘုရားတွေပဲ လုပ်နိုင်တဲ့ နည်းလမ်းလေ*
*ယဲ့ဖန်က ... သူ ဘယ်လိုလုပ်လိုက်တာလဲ*
ထန်မင်လီသည် စိတ်လှုပ်ရှားမှုနှင့်အတူ ဟစ်ကြွေးလိုက်သည်။
“လူကြီးမင်းယဲ့က တကယ် နတ်ဘုရားပဲ”
သူတို့ နတ်ဘုရားသဖွယ် သတ်မှတ်ထားသည့်လူက တကယ့် နတ်ဘုရား ဖြစ်နေလိမ့်မည်ဟု သူတို့ ထင်မထားမိချေ။
“ဟုတ်တယ်၊ လူကြီးမင်းယဲ့က တကယ့် နတ်ဘုရားပဲ”
ဖျင်အန်းမြို့မှ မိသားစုခေါင်းဆောင်တိုင်း စိတ်လှုပ်ရှားစွာ ခေါင်းညိတ်နေကြပြီး ယဲ့ဖန်နှင့် သူတို့ ဆုံတွေ့ခဲ့သည်က ကောင်းကင်မှ ရတနာတစ်ပါး ကျလာသလိုပင်ဟု ခံစားမိနေသည်။
တုန်လှုပ်နေသော ယဲ့ကျန်းချောင်သည်လည်း မျက်စိရှေ့မှ မြင်ကွင်းကြောင့် အမြင်အားလုံး ကပြောင်းကပြန် ဖြစ်သွားလေသည်။
*သေရာကနေ ပြန်ရှင်လာတယ်*
*ဒါ ယန်နယ်မြေရဲ့ ဒဏ္ဍာရီခေတ်က ကောင်းကင်ဘုံကို ဆန့်ကျင်တဲ့ နည်းလမ်းလေ၊ ဒဏ္ဍာရီလာ ဧကရာဇ် တစ်ပါးထဲကပဲ ဒီလိုလုပ်နိုင်မှာ၊ သူက ဘယ်လိုလုပ် ...*
“ဒါ ... ငါ ဘာဖြစ်တာလဲ၊ ငါ သေသွားပြီ မဟုတ်ဘူးလား”
“ငါ ... ငါ့ခွန်အားက သုံးဆတိုးသွားပြီ၊ သောက်ကျိုးနည်း ဘာတွေဖြစ်ကုန်တာလဲ”
အသက်ပြန်ရှင်လာသော သိုင်းပညာရှင်တိုင်း တွေဝေနေကြပြီး ဘာဖြစ်နေသလဲဆိုသည်ကို သတိမမူမိကြချေ။ သူတို့သည် အစောပိုင်းက ဟွားလုံတျောင်၏ သတ်ခြင်းခံရကာ သွေးအိုင်အဖြစ်သို့ ပြောင်းလဲသွားကြောင်း ရှင်းလင်းစွာ မှတ်မိနေ၏။ သူတို့ ဘယ်လိုလုပ် အသက်ပြန်ရှင်လာသနည်း။ ခွန်အားတောင်မှ တိုးလာသေးသည်။
“အရူးတွေ လူကြီးမင်းယဲ့ကို မြန်မြန် ကျေးဇူးမတင်သေးဘူးလား”
ထန်မင်လီက ရယ်မော၍ ဆဲဆိုလေသည်။ ထိုသိုင်းပညာရှင်များ ရုတ်ချည်းဆိုသလို အသိဝင်လာပြီး မျက်ရည်လည်ရွဲဖြင့် ယဲ့ဖန်ထံ လှမ်းသွားပြီး ဒူးထောက်လေသည်။ သူတို့အားလုံး၏ မျက်နှာ၌ ကျေးဇူးတင်သော အရိပ်အယောင်များဖြင့် ပြည့်နှက်နေသည်။
“လူကြီးမင်းယဲ့ကို ကျေးဇူးအများကြီး တင်ပါတယ်”
ယဲ့ဖန်က သူတို့အသက်ကို ကယ်ခဲ့ရုံသာမက သိုင်းအဆင့်ကိုပါ တိုးလာအောင် လုပ်ပေးခဲ့သဖြင့် မယုံနိုင်စရာ ကောင်းလှပေသည်။ ယဲ့ဖန်က လက်ကာပြ၍ ပြန်ပြောလိုက်သည်။
“မင်းတို့ရဲ့ အပြုအမူကြောင့် ငါ အသိအမှတ်ပြုတာကို ခံရတာပါ၊ ဘာမှ ကျေးဇူးတင်စရာ မလိုပါဘူး”
သူတို့၏ အသက်အသေခံသော စိတ်ဓာတ်က ယဲ့ဖန်ကို တုန်လှုပ်အောင် မလုပ်နိုင်ခဲ့လျင် ယဲ့ဖန်သည်လည်း ဘုံကိုးပါး ယန်စွမ်းအင်ကို သုံး၍ ဘုံကိုးပါး ဧကရာဇ်ထဲမှ တစ်ပါးဖြစ်သော ပထမဧကရာဇ်၏ လျှို့ဝှက်သိုင်းကျမ်းကို သုံးပြီး သူတို့ကို ပြန်အသက်သွင်းမိမည် မဟုတ်ပါ။
“လူကြီးမင်းယဲ့အတွက်ဆို ကျွန်တော်တို့ ဘာမဆို ရင်ဆိုင်ဖြတ်ကျော်ချင်စိတ် ရှိပါတယ်”
ထိုသိုင်းပညာရှင်များသည် ဦးညွှတ် အရိုအသေ ပေးလာသည်။ သူတို့ မှန်ကန်သော ဆုံးဖြတ်ချက်ကို ချခဲ့ကြောင်း ပိုပို၍ သေချာလာလေသည်။
ကျုံးဝမ်က ယဲ့ဖန်ကို တအံ့တဩနှင့် ကြည့်နေမိသည်။ ယခုအခါတွင်မှ ဤလူများက အဘယ်ကြောင့် ယဲ့ဖန်အပေါ် လေးစားရသလဲဆိုသည့် အကြောင်းရင်းကို သူမ နားလည်သွားလေသည်။
အဘယ်ကြောင့်ဆိုသော် ဤလူ၌ ခေါင်းဆောင်တစ်ယောက် ထူးခြားသော ကိုယ်ရည်ကိုယ်သွေးများ ရှိနေ သောကြောင့်ပင်။ လူများသည် သူ့နောက်လိုက်၍ သူ့အတွက် အစတေးမခံဘဲ မနေနိုင်ကြချေ။
“ထုံမိသားစု ရှေ့ကိုတက်လာခဲ့”
ယဲ့ဖန်က ရုတ်တရက် အော်ပြောလိုက်သည်။
“ထုံမိသားစု ဒီမှာပါ”
ထုံမိသားစုဝင်အားလုံး ယဲ့ဖန်ထံ ပြေးတက်လာပြီး သေသပ်စွာ ဒူးထောက်လိုက်ကြသည်။
“ရွှစ်”
ရုတ်ချည်းဆိုသလိုပင် လှပသော ကျောက်စိမ်းဖြူ ရတနာကြေးမုံတစ်ချပ် ထွက်ပေါ်လာပြီး လေထဲ၌ ဝဲပျံနေပြီး နတ်ဘုရားသဖွယ် မရေတွက်နိုင်လောက်သော အတိတ်နမိတ်ကောင်း အငွေ့အသက်များ ပျံ့လွှင့်နေသည်။
“ဒါ ...”
လူတိုင်း ထိုရတနာကိုမြင်ပြီး ခေါင်းမွေးထောင်ကာ ထိတ်လန့်သွားကြသည်။
“ကျောက်စိမ်းဖြူ ရတနာကြေးမုံ”
“မှားနိုင်စရာ မရှိဘူး၊ ဒါ ... ဒါ သန့်စင်တဲ့ ယန်လက်နက်ပဲ”
ထုံမိသားစုဝင်များ အလွန်အမင်း ထိတ်လန့်နေကြသည်။ ဤရတနာ ကြေးမုံသည် သူတို့မိသားစုက ယဲ့ဖန်ကို ပေးခဲ့သော ရှေးဟောင်း ရတနာ ဖြစ်သည်။ ထိုအချိန်က သာမန် ရှေးဟောင်းပစ္စည်းသာ ဖြစ်သော်လည်း ယခုအခါတွင် သန့်စင်သော ယန်လက်နက်အဖြစ်သို့ အဆင့်တက်သွားလေသည်။
သန့်စင်သော ယန်လက်နက်များသည် လောက၌ ရှားပါးလှသည်။ ယင်းတစ်ခုချင်းစီက လောကကို တုန်လှုပ် စေသည့် မယှဉ်နိုင်သော လက်နက်များ ဖြစ်ကြသည်။
ကျုံးကျိုး အင်ပါယာတွင်း၌ ဖီးနစ်ငှက်မွေးနှင့် သိင်္ဂဿမြင်းတို့ကဲ့သို့ ရှားပါးလှသော ရတနာများ ဖြစ်သည်။ ယဲ့မိသားစုကဲ့သို့ အလွန် အင်အားကြီးသော မိသားစုကြီးများသာ ယင်းတို့ကို ပိုင်ဆိုင်ကြလေသည်။
ယဲ့ဖန်ကမူ သာမန် ‌ရှေးဟောင်း ရတနာကို သန့်စင်သော ယန်လက်နက်များအဖြစ်သို့ ပြောင်းလဲပစ်နိုင်၏။ မယုံနိုင်စရာ ကောင်းလှပေသည်။
ထိုစဉ် ယဲ့ဖန်က စကားစလာ၏။
“ထုံမိသားစုက ကောင်းမွန်တဲ့ စောင့်ရှောက်သူပဲ၊ အဲ့တော့ ဒီရှေးဟောင်း ဟင်းလင်းပြင်ကြေးမုံကို မြို့ရတနာအဖြစ် ချီးမြှင့်မယ်”
လူတိုင်း အုတ်အော်သောင်းတင်း ဖြစ်သွားကြသည်။ ဘယ်ဘက်မှ အင်အားစုမဆို မျက်လုံးပြူးကာ ထိတ်လန့် တကြား ဖြစ်လာသည်။
*ယဲ့ဖန်က ဒီသန့်စင်တဲ့ ယန်လက်နက်ကို ထုံမိသားစုကို ပေးမလို့လား*
*ဒါက သန့်စင်တဲ့ ယန်လက်နက်လေ*
*ကျုံးကျိုး အင်ပါယာထဲက ဘယ်သူ့ကိုမဆို ရူးမတတ် ဖြစ်သွားစေနိုင်တဲ့ ရတနာလေ*
*ဒါကို ယဲ့ဖန်က သူများကို ပေးမလို့လား*
*ထုံမိသားစုလို တတိယတန်းစားမိသားစုကိုလေ*
*သူတို့က ဒါနဲ့ ထိုက်တန်လို့လား*
ထုံမိသားစုခေါင်းဆောင်တောင်မှ မှင်တက်သွားပြီး ပြန်ပြောလိုက်သည်။
“အရှင် ဒီရတနာကို ပေးလို့မဖြစ်ပါဘူး၊ ဒီရတနာကို ကျွန်တော် လက်ခံနိုင်မှာ မဟုတ်ပါဘူး၊ အရှင့်လို ဒီလောကရဲ့ ဘုရင်တစ်ပါးကသာ ဒါကို ထိန်းချုပ်ဖို့ အရည်အချင်း ရှိတာပါ”
လက်ရှိတွင် သူ ယဲ့ဖန်ကို ခေါ်သော နာမ်စားတောင်မှ ပြောင်းလဲလာသည်။ ယဲ့ဖန်က မျက်နှာထားတင်းတင်းဖြင့် ပြန်ပြောလိုက်သည်။
“ယူဆိုယူလိုက်၊ ငါ ပြောတဲ့အတိုင်း လိုက်နာစမ်း”
“ဒါက ... ကျေးဇူး အများကြီး တင်ပါတယ်၊ ယဲ့ဘုရင်”
ထုံမိသားစုခေါင်းဆောင်က အလျင်အမြန် ခေါင်းညိတ်လိုက်မိသည်။ တစ်ကိုယ်လုံး သွေးဆူကာ ခေါင်းပေါက်မတတ် ဖြစ်နေသော်လည်း သူ အရေးမစိုက်နိုင်ချေ။
“ကျေးဇူး အများကြီး တင်ပါတယ်၊ ယဲ့ဘုရင်”
ထုံမိသားစုဝင်များလည်း ကျေးဇူးတင်၍ ကျသော မျက်ရည်များ ဒူးထောက်အရိုအသေ ပေးလေသည်။ ဤအရာသည် သန့်စင်သော ယန်လက်နက်ဖြစ်သည်။ ဤလက်နက်သာ ရှိနေလျင် နောင်တွင် မည်သူက သူတို့ကို ရန်စဝံ့တော့မည်နည်း။
လူတိုင်း ထုံမိသားစုကို အလွန် မနာလိုအားကျသော အကြည့်ဖြင့် ကြည့်နေကြသည်။ နောင်အနာဂတ်၌ ထုံမိသားစု အမြင့်သို့ တက်လှမ်းသွားနိုင်မည်ကို သူတို့ သိနေကြသောကြောင့်ပင်။
“ကျောက်မိသားစု ရှေ့တက်လာခဲ့”
ယဲ့ဖန် ထပ်အော်လိုက်သည်။
ဤသည်ကြောင့် ကျောက်မိသားစုသည်လည်း ဝမ်းသာသွားပြီး ရှေ့သို့ပြေးတက်ကာ ယဲ့ဖန်ရှေ့၌ ဒူးထောက် လေသည်။
*ငါတို့လည်း ဆုချခံရမှာလား*
“ရွှစ်”
ထိုစဉ် ရွှေရောင် အလင်းတန်းတစ်ချက် ထွက်ပေါ်လာပြီး ကျောက်မိသားစုရှေ့သို့ ရှေးဟောင်း စာအုပ်တစ်အုပ် ကျလာသည်။ ထို့အတူ ယဲ့ဖန်၏အသံလည်း ထပ်မံ ထွက်ပေါ်လာသည်။
“ကျောက်မိသားစုကလည်း ကောင်းမွန်တဲ့ ကာကွယ်သူတွေပဲ၊ ဒီတော့ နတ်ဆိုးစာအုပ်ကို ချီးမြှင့်တယ်”
ကျောက်မိသားစုခေါင်းဆောင်သည် ရှေးဟောင်း စာအုပ်ကိုကိုင်ပြီး တုန်လှုပ်နေသော မျက်နှာထားဖြင့် ရေရွတ်လိုက်မိသည်။
“ဒါ ... ဒါ .... ဒါက ကောင်းကင်ဘုံစာအုပ်ပဲ”

ငရဲမှလာသောသူ (Chapter 1001-1200)Where stories live. Discover now