Chapter - 52

2.9K 379 17
                                    

_ " လီဝေ၊ ဟိုမှာ ကြည့်။ ကမ်းခြေမှာ လွှတ်နေတဲ့ မီးပန်းတွေက သိပ်လှတာပဲ "

အမှောင်ယံအောက်တွင် ငြိမ်သက်နေသော ပင်လယ်ပြင်ကြီးကို မြင်နေရသည့် တောင်ပေါ်လမ်း တစ်ဝက်ရှိ အိမ်ယာဝင်းထဲ၌ နှင်းစက်တို့ဖုံးကျကာ မြူဆိုင်းနေသော လမ်းသွယ်လေးထက်တွင် ကောင်မလေးဟာ လူငယ်လေး၏ အင်္ကျီကိုဆွဲထားလျက် သူ့ကို မော့ကြည့်နေခဲ့၏။

သူတို့အနောက်မှ ကျယ်လောင်သောအသံနှင့်အတူ ပြန့်ကားထွက်လာသည့် မီးရှူး မီးပန်းတို့ဟာ ထည်ဝါလှပကာ ထင်းနေလေသည်။ ပထမဆုံးပစ်လွှတ်လိုက်သည့် မီးပန်းမှာ ခလုတ်ဖွင့်ကာ အချက်ပြလိုက်သည့်အနှယ် တစ်ချိန်တည်း အနောက်မှ မီးပန်းတို့ဟာ တဖောင်းဖောင်း မြည်သံပြုရင်း လိုက်ပါကာ ပွင့်ကျလာတော့သည်။ မြို့ကြီး၏ ကောင်းကင်ရှစ်မျက်နှာ တစ်ခွင်လုံးကို တစ်ဝက်အတိ ဖုံးနိုင်အောင် မီးရှူးမီးပန်းဆိုင်များက တငွားတစွင့် တက်လှမ်းလာနေကြသည်။ 

လူတွေကလည်း အိမ်အပြင်သို့ ထွက်လာကာ မတ်တပ်ရပ်လျက် နှစ်သစ်ကူးကြိုဆိုသည့် အထိမ်းအမှတ် မီးရှူးပန်းများကို ကြည့်နေကြသည်။ 

ဤဧရိယာမှာ N မြို့၏ အမြင့်ဆုံးနေရာဖြစ်သည်။ ပင်လယ်နှင့်လည်း နီးသလို ကျယ်ဝန်းသော ရှုခင်းတို့လည်း ရှိသည်။ သို့ဖြစ်၍ တစ်မြို့လုံးတွင် မီးရှူးမီးပန်းများကြည့်ရန် အကောင်းဆုံးနေရာဟုဆိုလျှင်‌ ဒီအိမ်ယာဝင်းသာ ဖြစ်နိုင်သည်။ 

ကောင်ငယ်လေးဟာ သူ့ရှေ့တွင် ရပ်နေသည့် မိန်းကလေးကို ငုံ့ကြည့်နေခဲ့သည်။

သူမကို မတွေ့ခဲ့ရသည်မှာ အတော့် အတော်ကို ကြာသွားခဲ့ပြီ။ သူမဟာ ကိုယ်အလေးချိန် တချို့ ကျသွားပုံပေါ်သည်။

သူမ၏ ဖြူလွှလွှပါးပြင်လေးနှစ်ဖက်ဟာ နီမြန့်လို့နေသည်။ သူမ လည်တိုင်ထက်တွင်လည်း ချွေးစက်တို့ တွဲလွဲခိုနေကြသည်။ သူ့ကို စကားပြောလာသည့်အခါ မောပန်းမှုကြောင့် အနည်းငယ် ဟိုက်သံစွက်နေသည်။

သူမ၏ ကင်းဗတ်ရှူးဖိနပ်တွင် မြေစိုင်တို့ဖြင့် ဖုန်တလူးလူး ညစ်ပေနေသည်။ လမ်းလျှောက်ရတာလွယ်အောင် သူမ၏ ဘောင်းဘီများကို ခေါက်တင်ထားခဲ့တာဖြစ်လိမ့်မည်။ ဤကဲ့သို့ ကြမ်းတမ်းသည့် ဆောင်းတွင်းတွင် သူမ၏ ပိန်လှီသော ဒူးဆစ်တို့ဟာ အကာအရံမဲ့စွာနှင့် လှစ်ဟပ်ထားခြင်းခံရသည်။ 

(Completed) An Encounter With Your Younger Self (Myanmar Translation)Where stories live. Discover now