Chapter - 24

3K 371 3
                                    

Unicode

နိုဝင်ဘာလပြီးသည့်နောက် N မြို့ ၏ ဆောင်းဦးရာသီသည် တိတ်ဆိတ်စွာပြီးဆုံးသွားချိန်တွင် လမ်းမကြီး၏ တစ်ဖက်တစ်ချက်ရှိ ရွက်ကြွေပင်များသည် ပြောင်သလင်းခါနေချေပြီ။ အပူချိန် ကျဆင်းသွားပြီး လေသည် ခြောက်သွေ့ အေးခဲလာကာ ရာသီလေးခုတွင် အဆိုးရွားဆုံး အခြေအနေသို့ ရောက်ရှိလာပြီ ဖြစ်သည်။

ကျန်းမန့် ပြန်လည်မွေးဖွားလာသည်မှာ သုံးလကျော်ရှိပြီဖြစ်သည်။

ဒီဇင်ဘာလ အစောပိုင်း လပတ် စာမေးပွဲ တွင် သူမ အပြင်းအထန် ကြိုးစားဖြေခဲ့သည်။ ယခုတစ်ကြိမ်သည် စာမေးပွဲ၏ ရူပဗေဒရမှတ်နှင့် နောက်လာမည့် စာမေးပွဲများသည် အလွန်အရေးကြီးသည်။ အထက်တန်းဒုတိယနှစ် ရူပဗေဒပြိုင်ပွဲတွင် ပါဝင်မည့် ကျောင်းသားများကို အတန်းပိုင်များက ရွေးချယ်သွားမည်ဖြစ်သည်။

ကျန်းမန့် စိတ်ထဲမှာ ရှင်းရှင်းလင်းလင်း အားလုံးကို ကြိုစီစဉ်ပြီးသွားချေပြီ။ လီဝေက သူမကို သုံးလကျော် စာပြန်ပြပေးခဲ့တာ အရင်ကထက်စာရင် သူမ သိသိသာသာ တိုးတက်လာသည်မှာ သဘာဝကျကျပင်၊ ထို့ကြောင့် လီဝေအနေဖြင့် သံသယဝင်စရာမရှိပေ။

ထို့ကြောင့် ပုံမှန်ထက် အနည်းငယ်ပိုခက်သည့် နောက်ဆုံးပုစ္ဆာကြီးတစ်ပုဒ်ကို အလွတ်ချန်ခဲ့သည်ကလွဲလျှင် သူမ စိတ်တိုင်းကျ အစွမ်းကုန်ဖြေခဲ့သည်။

သေချာပေါက်ပင် အမှတ်စာရင်း ထွက်လာပြီးသည့်နောက်တွင် အတန်းထဲ၌ အနည်းငယ် လှုပ်လှုပ်ရွရွ အုံကြွသွားခဲ့သည်။ သူမဟာ ကျောင်းစတက်တုန်းက အခြေအနေဆိုးရွားခဲ့ပြီး ယခုအချိန်တွင်မူ ရူပဗေဒ စာမေးပွဲ အမှတ်ပြည့် 120 ကို သူမ 100 ကျော်နှင့် အောင်ခဲ့သည်ပင်။ အတန်းပိုင်ဆရာ လျိုကျစ်ကျွင်းက သူမ တိုးတက်လာမှုကို သတိထားမိသည်ကြောင့် သူမကို ရုံးခန်းခေါ်ကာ မျက်နှာချင်းဆိုင် ချီးကျူးခဲ့သေးသည်။

ကျန်းမန့် ရုံးခန်းမှ ပြန်ရောက်လာသည့်အခါ သူမ ရူပဗေဒ အဖြေလွှာစာရွက်ကို လီဝေအား ပျော်ရွှင်စွာ ပေးလိုက်ပြီး စားပွဲပေါ် တံတောင်ဆစ်ထောက်ထားလျက် သူမ ပါးနှစ်ဖက်ကို လက်နှစ်ဖက်ဖြင့် အုပ်လိုက်ကာ ချီးမွမ်းခံလိုသော တောက်ပနေသည့် မျက်လုံးများဖြင့် လီဝေကို ကြည့်နေလေ၏။

(Completed) An Encounter With Your Younger Self (Myanmar Translation)Where stories live. Discover now