Chapter - 51

2.7K 346 15
                                    

Unicode

တစ်ရက်စီ ကျော်လွန်သွားသည့်အခါ နှစ်သစ်ကူးက နီးကပ်လာခဲ့ပြီ။ ကျန်းမန့်ကတော့ လီဝေကို အခုထိ ရှာလို့မရနိုင်သေးပေ။ သူမ ကမ္ဘာကြီးထဲက မျက်လှည့်ပြကွက်တစ်ခုသဖွယ် အစအနမကျန်အောင် ပျောက်ချင်းမလှ ပျောက်ကွယ်သွားခဲ့သည်။

N မြို့၌ ရက်အတော်ကြာအောင် ခြောက်ကပ်နေခဲ့သည်။ နှစ်သစ်ကူးအကြိုနေ့ နေ့လယ်ကျမှ မိုးသားမိုးဖွဲတို့ဟာ အကြောင်းကြားချင်းမရှိ အလည်ရောက်လာခဲ့သည်။ 

ကျန်းဟွေ့ဖန်းက စားစရာတွေ ဝယ်ခြမ်းဖို့ ဈေးကို သွားခဲ့သည်။ ညနေခင်းမှာတော့ ကျန်းမန့် သူမနှင့်အတူ ဦးလေးရွှီအိမ်ကို နှစ်သစ်ကူးအတွက် သွားနှုတ်ဆက်ကြဖို့ သဘောတူထားခဲ့သည်။

ကျန်းမန့် အပြင်ဘက်က မိုးပေါက်သံတို့ကို နားထောင်ရင်း အိပ်ရာပေါ်မှာ လဲနေသည်။

အောက်ထပ်တွင် ရပ်ကွက်ထဲမှ အဆော့သန်သည့် ယောက်ျားလေးအတော်များများဟာ ဗျောက်မီးပန်းတို့ဖောက်နေကြသည်။ ဤကဲ့သို့ စိုထိုင်းထိုင်းနှင့် မိုးဖွဲသောနေ့တွင် ဗျောက်မီးညှိရန် သူတို့ အသားကုန် ကြိုးစားမှရမည်ပင်။ အချိန်ကုန်လူပင်ပန်းဖြစ်သည့်တိုင် သူတို့ဟာနဲ့သူတို့ ပျော်နေကြ၏။

ဤသည်မှာ ပူပင်စရာမရှိ လွတ်လပ်မြူးတူးကြသည့် အကောင်းဆုံးအရွယ်ဖြစ်သည်။ ဘာကိုမှ စိတ်ပူပြီး စိတ်လေးနေစရာမလိုဘဲ ဒီတိုင်းလေး ဗျောက်အိုးဖောက်သံကို နားထောင်ရရုံနှင့်ပင် အကြာကြီးဆွဲမျောသွားမည့် ရိုးစင်းလှသော တသိမ့်သိမ့် ပျော်ရွှင်နိုင်သည့် မြီးကောင်ပေါက်အရွယ်ပါပင်။

ကျန်းမန့် ပြတင်းပေါက်ဘောင်ကို ကြည့်လိုက်သည်။ ရက်အတော်ကြာအောင် ရေမလောင်းဖြစ်သည့်အတွက် သစ်ခွပင် တစ်ဝက်ကျော်လောက်က ခြောက်ကပ်ကာ သေသွားကြကုန်ပြီ။

၁၂ ရက်။

သူမကို သူထားသွားခဲ့တာ ၁၂ ရက်ရှိနေပြီ။

သူနဲ့အတူ ရှိခဲ့တုန်းက နေ့တိုင်းဟာ လျင်မြန်စွာနှင့် ကုန်ဆုံးသွားခဲ့သလိုပဲ။ သို့သော် သူထွက်သွားခဲ့ကတည်းက ရက်များကို ရှည်ကြာစွာဖြင့် လက်ချိုးရေတွက်ရတော့သည်။

(Completed) An Encounter With Your Younger Self (Myanmar Translation)Where stories live. Discover now