Chapter - 39

3K 381 18
                                    

Unicode

ဘယ်လောက်မှ မကြာလိုက် ရေချိုးခန်းတံခါးပွင့်လာပြီး လီဝေ ထွက်လာခဲ့သည်။

ကျန်းမန့် သူ့ကို ငေးကြည့်နေပြီး အသက်ထွက်သွားရသလို တွံတွေးမျိုချမိသည်။

ထိုကောင်လေးက အခုပဲ ရေချိုးပြီးလာသည်အတွက် သူ့အသားဖွေးဖွေးလေးတို့က အနည်းငယ် နီစွေးစွေးဖြစ်နေပြီး ဖြောင့်စင်းထူတန်းနေသော မျက်ခုံးမွေးများထက်တွင်လည်း မြူမှုန်စလေးတို့က ငွေ့ရည်ဖွဲ့နေကြသည်။ ထို့အတူ အစုစုဖြစ်နေသော မဟူရာရောင် ဆံစလေးတို့မှလည်း ရေများ တွဲလွဲကျနေကြသည်။ ခုနက အဝတ်ကိုပဲ ပြန်ဝတ်လာသော်ငြား လူတစ်ယောက်လုံးက ချက်ချင်းဆိုသလို မတူသော ခံစားချက်များကို ထုတ်လွှတ်ပေးနေသည်။

ရေစိုရွှဲနေသည့် အိမ်မွေး အမွေးပွခွေးအကြီးစားများနှင့် တူနေသေးသည်။ 

သူ့လက်ထဲတွင် ဝယ်လာခဲ့သည့် သဘက်ကို ကိုင်ထားပြီး ဒီဘက်ကို လျှောက်လာရင်း ဆံပင်ကို သုတ်နေသေး၏။

" မန့်မန့်၊ မင်းလည်း ရေချိုးသင့်တယ်။ ကိုယ် မင်းအတွက် တဘက်ကို ရေချိုးခန်းထဲ ထည့်ပေးခဲ့တယ် "

သူပြောပြီးသည်နှင့် အိပ်ရာခင်းကို မလိုက်ကာ စောင်ကို ဖယ်လိုက်ပြီး သူဝယ်လာသည့် စောင်အသစ်ကို အိတ်ထဲမှ ဖြန့်ထုတ်လိုက်သည်။ သေသပ်စွာဖြင့် အစွန်းတို့ကို ပြန့်ပြန့်ပြူးပြူး ဖိချပြီး သက်တောင့်သက်သာ သန့်သန့်ရှင်းရှင်း အိပ်လို့ရအောင် ပြင်နေသည်။

" ပြီးမှ သွားလိုက်မယ် "

ကျန်းမန့် ဖုန်းထုတ်လိုက်ပြီး သူ့ကို လှမ်းပေးကာ အနေခက်စွာဖြင့် ချောင်းဟန့်လိုက်သည်။

" အဲ့တာ ... ငါ့အမေ ပြောတာလေ။ အခုပဲ နင့်ကို ဖုန်းခေါ်ခိုင်းနေလို့ "

လီဝေ သိသိသာသာကို အံ့အားသင့်သွားရသလိုမျိုး သူ့ဆံပင်ကို သုတ်နေသည့်လက်များက ရုတ်ချည်းဆိုသလို တန့်သွားခဲ့သည်။ ဆံပင်ထိပ်ဖျားလေးများမှ ရေစက်တို့သည် တစ်ပေါက်ချင်းကျဆင်းလာကာ လည်တိုင်မှ တစ်ဆင့် ညှပ်ရိုး အထိ ပြေးဆင်းသွားခဲ့သည်။

(Completed) An Encounter With Your Younger Self (Myanmar Translation)Where stories live. Discover now