Nway Hnaung Wathan
အိုးလေးထဲကဆီထမင်းကို ဂျိုးကပ်မကပ်ဇွန်းလေးနဲ့ထိုးကော်ကြည့်လိုက်တော့ လိုချင်တဲ့အနေအထားကကွက်တိ။ အသင့်ပြင်ထားတဲ့ပန်းကန်လေးထဲလှလှပပထည့်နေစဉ် ခါးကိုပွေ့ဖက်လိုက်တဲ့လက်ဖဝါးနှစ်ဖက်ရဲ့အထိအတွေ့မှာရင်ထဲနွေးခနဲ။
"ကြည့်...အသံမပေးဘဲလန့်အောင်လာလုပ်နေတယ်"
"ဘေဘီလေးကဘာတွေလုပ်နေတာလဲ"
"ဆီထမင်းထိုးနေတာ"
"စားချင်စရာလေးပါလား။ ဒါတွေလည်းဖြစ်တာပဲလား"
"ဘာခက်တာမှတ်လို့ very easy ပါကွာ"
ပန်းကန်လေးကိုမ,ကာ ထမင်းစားပွဲပေါ်တင်လိုက်ပြီးမှခုံတွင်ဝင်ထိုင်လိုက်ချိန် သူ့နေရာသူသွားမထိုင်နိုင်သေးတဲ့မော်ကွန်းက အရပ်ဂလန်ဂလားကြီးကိုဒူးညွတ်ငုံ့ကိုင်းပြီးဝဿန့်ပါးပြင်နှစ်ဖက်ကို ခပ်ပြင်းပြင်းနမ်းရှိုက်နေသေးသည်။
"စုံနေတာပဲ။ ပဲပြုတ်ကဘယ်ကရလာတာလဲ"
"မနေ့ထဲကဦးမောင်ကိုကြိုမှာထားရတာပေါ့၊ ခုနကမှလာပို့ပေးသွားတာ"
ရွှေဝါရောင်သန်းပြီး ဂျိုးလေးကပ်အောင်ထိုးထားတဲ့ဆီထမင်းတစ်ပန်းကန်။ စတော်ပဲပြုတ်ကိုကြက်သွန်နီဆီချက်ဆမ်းထားတဲ့ပန်းကန်နဲ့ ငါးရံ့ခြောက်ဖုတ်တစ်ပန်းကန်။ ရွှေပုဇွန်ကိတ်နဲ့အီကလဲယားထည့်ထားသောပန်းကန်နှစ်ချပ်နှင့်ကော်ဖီတစ်ခရား။ ဒါကဝဿန်တို့ရဲ့မနက်စာအဟာရ။
"စားလို့ကောင်းလား"
"အရမ်းကောင်း အရမ်းကြိုက်"
မြန်မာမုန့်တွေကိုကြိုက်တတ်တဲ့မော်ကွန်းအတွက် ဒီလိုထူးထူးခြားခြားလုပ်ပေးရတာကိုပျော်ရွှင်မိ၏။ တစ်ချို့ရက်တွေမှာတော့ဝဿန်ကြိုက်တဲ့စကာကြီးမုန့်ဟင်းခါးနဲ့ ဦးကြည်နန်းကြီးသုပ်။ မော်ကွန်းကြိုက်တတ်တဲ့ကော်ဖီကြမ်းကိုတော့ မပြတ်တည်ပေးထားရသည်။
"၉ နာရီထွက်မယ်နော်"
လွန်ခဲ့သောလက ကုမ္ပဏီတစ်ခုရဲ့ဖွင့်ပွဲကိုတက်ရောက်ပေးရမယ်ဆိုပြီး ဝဿန့်ကိုပါခေါ်ခဲ့တဲ့မော်ကွန်း။ Sule square အောက်ထပ်က Cosmetic Showroom တစ်ခုရဲ့ဖွင့်ပွဲကိုရောက်သွားချိန်မှ ဝဿန့်အတွက်စီစဉ်ပေးထားသောကုမ္ပဏီဖြစ်ကြောင်းကိုသိလိုက်ရသည်။ လူအများကြားမို့ဟန်မပျက်နေလိုက်ခဲ့ရပေမဲ့ ရုံးခန်းထဲရောက်ချိန်အခြေအတင်ဖြစ်ခဲ့ရသေး၏။ ဒီလောက်ကြီးကျယ်သောကုမ္ပဏီတစ်ခုကို ရုတ်တရက်ဦးစီးလိုက်ရတဲ့ဝဿန့်အတွက် နည်းနည်းလေးမှထည့်မတွက်ခဲ့တဲ့မော်ကွန်းကိုစိတ်လည်းဆိုးခဲ့မိသည်။