မနေ့ညက သန်းခေါင်ကျော်အထိသီချင်းနားထောင်ကောင်းခဲ့တော့ နွေတို့အဖွဲ့အိပ်ယာဝင်နောက်ကျခဲ့ကြသည်။ တီကြီးသူငယ်ချင်းအိမ်မှာမအိပ်ဘဲ တည်းခိုတဲ့အိမ်ကိုပြန်လာခဲ့ကြတော့ မနက်တော်တော်နဲ့မထနိုင်ကြတော့ချေ။
မနက် ၆ နာရီမှာအိပ်ယာထနေကျမို့ ဆက်ပြီးလည်းမအိပ်နိုင်တော့။ ညကလည်းနှစ်နှစ်ခြိုက်ခြိုက်အိပ်မပျော်နိုင်။ သူများတွေပျော်နေကြတဲ့ညမှာ နွေ့မှာတော့ငေးငေးငိုင်ငိုင်နဲ့ရှိနေခဲ့၏။
တစ်သက်နဲ့တစ်ကိုယ်ဒီလောက်စိတ်ဆင်းရဲဖြစ်နေခဲ့ရတာကလည်း ကိုယ့်အပြစ်နဲ့ကိုယ်။ အစထဲကသာယောက်ျားတစ်ယောက်ပါလို့ ပွင့်ပွင့်လင်းလင်းဖွင့်ပြောပြခဲ့လိုက်မိရင် ခုချိန်မှာဘာကိုမှဖုံးကွယ်နေစရာမလိုဘဲ မော်ကွန်းနဲ့ခင်မင်ရင်းနှီးနေမှာ ပျော်ရွှင်နေရမှာ။ ခုများတော့...။
အိမ်အပေါ်ထပ်ကနေအောက်ထပ်ကိုဆင်းလာရင်း မကိုဋ်တို့အခန်းကိုနားစွင့်မိတော့တိတ်ဆိတ်နေစဲဖြစ်၍ တစ်ခုခုသွားစားဖို့တစ်ယောက်ထဲထွက်လာခဲ့သည်။ မနေ့မနက်ကအိမ်ရှင်တွေဝယ်ကျွေးခဲ့တဲ့ ဒေါ်ပိုမုန့်ဟင်းခါးကိုနွေတော်တော်ကြိုက်နေမိတော့ အိမ်နဲ့ခပ်လှမ်းလှမ်းကဒေါ်ပိုမုန့်ဟင်းခါးဆိုင်လေးဆီကို တစ်ယောက်ထဲလျှောက်လာခဲ့၏။
ဆိုင်ထဲကိုအဝင်တွင် နှုတ်ဆက်လိုက်တဲ့အသံကြောင့်လှည့်ကြည့်လိုက်မိတော့ ဆိုင်ကယ်ကိုခွလျှက်သားနဲ့မော်ကွန်း။
"ဝဿန်တစ်ယောက်ထဲလား၊ နွေရော..."
နွေလည်းဒီကဝဿန် ဝဿန်ဆိုတာလည်းနွေပါပဲဆိုတာကိုပြောပြလိုက်ချင်တဲ့နှုတ်ခမ်းတွေကို ခပ်တင်းတင်းစေ့ထားလိုက်ရင်းတွေတွေကြီးလုပ်နေမိတော့အိပ်ချင်နေတုန်းလားတဲ့။
"နွေကအိပ်နေတုန်း၊ ကျွန်တော်ကဗိုက်ဆာလို့မုန့်ဟင်းခါးလာစားတာပါ"
"တောင်ငူမုန့်ဟင်းခါးကိုစားတတ်လို့လားဗျ"
"ပါးစပ်ပါတာပဲဟာ၊ စားတတ်တာပေါ့"
လှုပ်ရှားနေတဲ့စိတ်နဲ့ ထွက်သွားတဲ့လေသံကဘုဘောက်ဖြစ်နေမလား။ စိတ်ဆိုးသွားပုံမရဘဲ သူ့ဆိုင်ကယ်ကိုလမ်းဘေးမှာကပ်ရပ်လိုက်ပြီးမှ...။