Kun Kho Yake Nyein
ဘဝရဲ့အလှတရားတွေကိုရှာဖွေသူတိုင်း ကိုယ်ကျင့်တရားကိုခဝါမချခဲ့သင့်ဘူးတဲ့။ ဖတ်ခဲ့ဖူးတဲ့စာအုပ်တစ်အုပ်ထဲကစာသားတစ်ချို့ပေါ့။ စဉ်းစားကြည့်မိတယ်။ သွေးနဲ့သားကိုစတေးပြီးနေမပျော်တဲ့ဘဝမှာရော ဘယ်လိုအလှတရားတွေကရှိနိုင်မှာတဲ့လဲ။
ကိုယ်ကျင့်တရားနဲ့အသိဉာဏ်ကိုမျက်ကွယ်ပြုပြီးပျော်ကောင်းပျော်နိုင်ပါရဲ့။ ဒါပေမဲ့ အခိုက်အတန့်ဖြစ်လေမလား။ ဒါလည်းမသေချာပါဘူး။
အမှောင်ကမ္ဘာထဲယောင်လည်လည်နဲ့ဖြတ်သန်းနေထိုင်ရင်း ငါ့ရဲ့ပျော်ရွှင်ခြင်းတွေကပျောက်ကွယ်ခဲ့ရပြီထင်ပါရဲ့အတာ။
အသိဉာဏ်မပါဘဲ အကျည်းတန်သွားရတဲ့လူတွေထဲကလူတစ်ယောက်ဖြစ်နေခဲ့ရခြင်းမှာ နောင်တတရားဆိုတာအဖော်သဟဲဖြစ်နေခဲ့ရတာဘာများထူးဆန်းသွားလို့လဲ။
ကိုယ်ကျင့်တရားနဲ့ချစ်ခြင်းမေတ္တာကိုလဲလှယ်ခဲ့ရတဲ့လူတစ်ယောက်အဖြစ်နဲ့ အကောင်းဆုံးရပ်တည်နေထိုင်ခဲ့ရတဲ့ရက်တွေထဲမှာ ပျော်ရွှင်ခြင်းတွေပျောက်ဆုံးနေခဲ့တာဆယ်စုနှစ်နှစ်စုနီးပါးတောင်ဖြစ်နေခဲ့ပြီပဲ။
အချိန်ရာသီတွေဘယ်လိုပင်ပြောင်းလဲပါစေဦး။ နှလုံးသားရဲ့ဟိုးအတွင်းပိုင်းမှာတိတ်တိတ်လေးတည်ရှိနေခဲ့တဲ့နွယ်မြက်ပင်လေးကတော့ ဘယ်လိုနည်းနဲ့သတ်သတ်အမြစ်တွယ်ပြီးရှင်သန်နေစဲဆိုတာကိုယ်တိုင်အသိဆုံးပေါ့အတာရယ်။
ဖြစ်လာသမျှအကြောင်းတွေကိုအကောင်းလို့သာမှတ်ထင်ရင်း ဖခင်တစ်ဦးပီသအောင်ကြိုးစားရအုံးမှာ။ မသိမမြင်နိုင်ဘူးဆိုပေမဲ့ မင်းကျေနပ်နိုင်လိမ့်မယ်လို့ယုံကြည်မိပါတယ်အတာ။
**************************************
တက္ကသိုလ်ဘုန်းနိုင်ရဲ့ သူငယ်ချင်းလိုပဲဆက်၍ခေါ်မည်ခိုင်စာအုပ်လေးကအတော်ပင်ဟောင်းနွမ်းနေခဲ့ပြီ။ ဟောင်းဆိုနှစ်တွေကကြာနေခဲ့ပြီကိုး။ ဒီစာအုပ်လေးရတဲ့အချိန်က ၁၉၈၄ ခုနှစ်သူ့အသက် ၁၈ နှစ်ပြည့်တဲ့နေ့။
အဆုံးသတ်ကိုမကြိုက်ခဲ့ပေမဲ့ ဆရာ့ရဲ့အရေးအဖွဲ့တွေနဲ့ ရင်နင့်အောင်ခံစားခဲ့ရတာကိုလည်းသူမမေ့နိုင်ခဲ့ပေ။ ကွန်းခိုရိပ်ငြိမ်းဆိုတာ နာမည်နဲ့လိုက်အောင်ဘဝကိုပျော်ပျော်ရွှင်ရွှင်နဲ့ အပူပင်ကင်းကင်းငြိမ်းငြိမ်းချမ်းချမ်းဖြတ်သန်းခဲ့ရတဲ့ရွှေပေါ်မြတင်မင်းသားလေးတစ်ပါးလိုလူမဟုတ်လား။