Part 29 (U)

7.8K 808 371
                                    

Nway Hnaung Wathan

အကင်နဲ့ဝိုင်သောက်မယ်ဆိုပြီး ဆာတေးမျိုးစုံကိုမှာလိုက်၏။ နှစ်ယောက်စာအတွက်လုံလောက်ရုံတင်မက ပိုလျှံနေတဲ့အကင်ပန်းကန်တွေကမှန်စားပွဲပေါ်မှာအပြည့်။ အပေါ်ထပ်ဧည့်ခန်းက စကားပင်တန်းဘက်ကိုမျက်နှာမူထားတော့ မှန်ပြတင်းကနေဖြတ်ပြီးစကားပင်တန်းလေးတွေကို ရှင်းရှင်းလင်းလင်းလှမ်းမြင်နေရသည်။

ဝိုင်ခွက်ထဲကျင်ကျင်လည်လည်ငှဲ့ထည့်နေသောမော်ကွန်းက တီရှပ်အဖြူ၊ ကာကီစိမ်းရောင်ဘောင်းဘီရှည်ကိုဝတ်ဆင်ထား၏။ အိမ်နေရင်းတောင်ဘောင်းဘီတိုဝတ်တာကိုဝဿန်မမြင်ဖူးပါ။ ဝဿန်က Over size တီရှပ်အနက်တစ်ထည်နဲ့ အသားရောင်ဘောင်းဘီတိုပွပွတစ်ထည်ကိုဝတ်ထားသည်။ ဝဿန့်အတွက်ဝယ်ပေးထားတဲ့အဝတ်အထည်ထဲမှာ ဘောင်းဘီတိုတွေကတစ်ဝက်လောက်ပါ၏။

မျက်နှာကျက်မှာတပ်ထားတဲ့မီးပန်းဆိုင်းရဲ့မီးရောင်ဝါလဲ့လဲ့က မှန်စားပွဲဆီကိုအလင်းဟပ်နေသည်။ နံရံတွေမှာမြုပ်ထားတဲ့မီးလုံးဖြူဖြူလေးတွေရဲ့အလင်းရောင်က ခပ်ဖျော့ဖျော့သာ။ အခင်းအကျင်းကအိမ်တစ်ခုရဲ့ဧည့်ခန်းထက် အဆင့်မြင့်ဘားဆိုင်တစ်ဆိုင်ကိုရောက်နေတာနဲ့တောင်ဆင်တူနေသည်။

"မီးရောင်တွေကသိပ်လည်းမလင်းဘူးနော်"

"တမင်လျော့ထားတာ၊ Romantic Dinner လေးပေါ့"

"Boss ကအရမ်းကိုရိုဆန်နေတာပါလား"

"နွေကရိုဆန်ဆန်လေးမှသဘောကျတာမဟုတ်လား"

"ဘယ်တုန်းကပြောဖူးလို့လဲ"

"မပြောပေမဲ့သိနေတယ်လေ"

ဝိုင်ခွက်ကိုကမ်းပေးလာပြီးခွက်ချင်းတိုက်လိုက်ပြီးမှ ဖြည်းဖြည်းချင်းဇိမ်ဆွဲသောက်လိုက်တဲ့မော်ကွန်းကအထာကျကျနဲ့ကြည့်လို့ကောင်းနေတော့ နှုတ်ခမ်းလေးနဲ့ထိရုံသောက်နေရင်း မျက်လုံးလေးထောင့်ကပ်ကာခိုးကြည့်လိုက်မိသည်။

"အားမနာပါနဲ့၊ ပေါ်တင်ကြည့်လို့ရပါတယ်။ ကိုယ်ကနွေ့လိုကပ်စေးမနဲပါဘူး"

တဲ့တိုးပြောလိုက်တဲ့မော်ကွန်းကြောင့် ဝဿန့်မျက်နှာလေးမထားတတ်တော့။ သူကြည့်နေရင်တော့မသိဟန်ဆောင်ပေးရတယ်။ ခုလည်းမသိဟန်ဆောင်နေပါ့လား။ လူကိုရှက်အောင်ပဲလိုက်လိုက်ပြောနေတာ။ ချစ်အောင်လည်းမနေတတ်ဘူး။

ချစ်သဝဏ်လွှာ 💌Where stories live. Discover now