Part 25 (Z)

2.3K 108 13
                                    

Pann MaGiad

ချိန်းဆိုထားသောဟိုတယ်ဝင်ပေါက်တွင် စောင့်ကြိုနေသောမောင့်သူငယ်ချင်းက သီးသန့်ခန်းထဲကိုဦးဆောင်ခေါ်လာချိန် မကိုဋ်ကပတ်ဝန်းကျင်ကိုဝေ့ဝဲအကဲခတ်နေမိသည်။ ဒီလိုဟိုတယ်ကြီးတွေကိုမကိုဋ်တို့မကြာခဏရောက်တတ်ပါသည်။

သို့ပေမဲ့ မင်္ဂလာဆောင်စဉ်ကအလတ်စားဟိုတယ်တစ်ခုမှာ‌ပဲပြုလုပ်ခဲ့၏။ ဆောက်လုပ်ရေးဝန်ကြီးဌာနက ဝန်ထမ်းတွေဖြစ်သောမကိုဋ်တို့လင်မယားမှာ အတန်အသင့်ပြေလည်ကြပါသည်။ ကျောက်မြောင်းမှာနှစ်ဦးပိုင်တိုက်ခန်းလေးနှင့်နေထိုင်ကြ၏။

ယနေ့မှာမောင့်ရဲ့သူငယ်ချင်းက ရှန်ဂရီလာဟိုတယ်မှာချိန်းဆိုပြီး မင်္ဂလာဂုဏ်ပြုညစာစားပွဲလေးပြုလုပ်ပေးမည်ပြောလာချိန် အံ့အားတသင့်နှင့်လက်ခံလိုက်ရသည်။ ပုဂ္ဂလိကကုမ္ပဏီကြီးတစ်ခုက AM တစ်ယောက်ဖြစ်သော ကိုဇော်လင်းထွေးဆိုသူမှာအင်မတန်လည်းရည်မွန်လှ၏။

မောင်နဲ့ ၅ နှစ်ကြာကျောင်းအတူတူတက်ခဲ့သောငယ်သူငယ်ချင်းပါတဲ့။ လာရာလမ်းမှာသူ့သူငယ်ချင်းအကြောင်းကိုစုံစုံစေ့စေ့ပြောပြလာမှ ကိုဇော်လင်းထွေးအလုပ်လုပ်တဲ့ကုမ္ပဏီက နွေအလုပ်လုပ်နေတဲ့ကုမ္ပဏီဖြစ်နေမှန်းသိလိုက်ပါတော့သည်။

စားသောက်စရာတွေမှာပြီးစကားထိုင်ပြောဖြစ်ကြစဉ် မောင်ကသူ့သူငယ်ချင်းကိုမကိုဋ်နဲ့မိတ်ဆက်ပေးပြီး နွေနဲ့မကိုဋ်ကသူငယ်ချင်းဖြစ်ကြောင်းကိုပြောပြလိုက်၏။

"ဝဿန်နဲ့မကိုဋ်ကသူငယ်ချင်းတွေလား တိုက်ဆိုင်လိုက်တာဗျာ"

"ဝဿန်ကိုသိလားဟင်၊ ကျွန်မနဲ့ကငယ်သူငယ်ချင်းတွေပါ"

"ကျွန်တော်က အင်ယာရုံးဘက်တွေမှာအနေများတော့ HR ရုံးဘက်အရောက်နည်းပါတယ်။ ဒါပေမဲ့ ရင်းနှီးပါတယ်"

"ငါတို့ Wedding ရော Dinner ရောလာသွားတယ်၊ အဲ့တုန်းကမင်းနဲ့မဆုံဖြစ်သေးလို့မဖိတ်လိုက်ရတာ"

"ဟုတ်ပါ့ကွာ၊ စိတ်တောင်မကောင်းဘူး။ တို့အဖွဲ့ထဲမှာမင်းကဒုတိယစွံတဲ့လူပဲ"

သူတို့အချင်းချင်း သူငယ်ချင်းတွေအကြောင်းပြောပြီးသောက်စားနေချိန် မကိုဋ်ကအအေးသောက်ရင်းနားထောင်နေရသည်။ ဟင်းပွဲတွေရောက်ရှိလာချိန်မကိုဋ်ဘက်ကိုဦးစားပေးတည်ခင်းပေး​နေရင်း ကိုဇော်လင်းထွေးကတစ်ခွန်းပြောလာ၏။

ချစ်သဝဏ်လွှာ 💌Where stories live. Discover now