Nway Hnaung Wathan
မော်ကွန်းရုံးကိုထွက်သွားတာနဲ့ ဝဿန်လည်းကလေးနှစ်ကောင်နဲ့ကျန်နေရစ်ခဲ့၏။ နေ့လယ်စာပြန်လာမစားဖြစ်ဘူးနော်လို့ပြောသွားတော့ စားခါနီးမှပဲလက်သင့်ရာချက်စားလိုက်မယ်အတွေးနဲ့ ခြံထဲဆင်းပြီးဆော့နေလိုက်သည်။ မနေ့ကတစ်ညနေလုံးအခန်းထဲကမထုတ်ဖြစ်လိုက်တော့ ကလေးတွေကစိတ်ကောက်ချင်နေပြီ။ တော်တော်ကြာအောင်ဆော့ကစားပေးပြီးမှတိုက်ထဲပြန်ဝင်လာချိန် အသင့်ဆီကဖုန်းဝင်လာ၏။
အသင်ဖုန်းချသွားတာနဲ့ မော်ကွန်းဆီကိုဖုန်းခေါ်လိုက်သည်။ အား,မအားသတိရလိုက်မိမှပြန်ချထားလိုက်ပြီး ကလေးတွေအစာစားနေတဲ့ဘေးမှာငုတ်တုတ်လေးထိုင်ချလိုက်၏။ အားပါးတရစားနေတာကိုထိုင်ကြည့်နေရင်း အမွှေးပွပွလေးတွေကိုပွတ်သပ်ချော့မြူနေချိန် မော်ကွန်းဆီကဖုန်းပြန်ဝင်လာသည်။
"ဘာလို့ဖုန်းချသွားတာလဲ၊ ဘာပြောချင်လို့လဲ ပြောလေ"
"မင်းကအားလို့လား"
"မအားပေမဲ့ဘေဘီ့အတွက်ဆိုရင်အားပေးရမှာပေါ့။ ပြော...ဘာလိုချင်လို့လဲ"
"မဟုတ်ပါဘူး။ အသင်လေ ငါ့ကိုအပြင်ထွက်လည်ဖို့ခေါ်နေတယ်။ အဲတာ..."
"လိုက်သွားချင်လိုက်သွားလေ၊ နွေလည်းပျင်းနေတယ်မဟုတ်လား"
"သိတာမကြာသေးတဲ့ကောင်လေးနဲ့လိုက်သွားရမှာကို မင်းကစိတ်ချလို့လား"
"နွေ့ကိုသွားခေါ်ချင်တယ်လို့ အဲရစ်ကတစ်ဆင့်ကိုယ့်ဆီမှာခွင့်တောင်းပြီးသားပါ။ နွေလိုက်မယ်ဆိုရင်ခေါ်သွားပေါ့လို့ပြောလိုက်ပါတယ်။ လိုက်ချင်လိုက်သွားလေ"
"ဘယ်သွားမှန်းလည်းမသိဘဲနဲ့"
အသင့်လိုခင်မင်စရာကောင်းတဲ့ကောင်လေးနဲ့ အပျင်းပြေလိုက်သွားချင်ပါသည်။ မနေ့ကပြောခဲ့တဲ့သူသွားနေကျနေရာလေးတွေကိုလည်း လျှောက်ကြည့်ပြီးစပ်စုချင်သေး၏။ ဒါပေမဲ့ မော်ကွန်းမကြိုက်မှာလည်းစိုး၏။ ရုံးကိုထွက်မသွားခင်က လက်ထဲထည့်ပေးခဲ့တဲ့ ATM သုံးကဒ်ကလည်းရှိနေတော့ မော်ကွန်းအတွက်မျက်လုံးထဲတွေ့တာလေးတွေ ကိုယ်တိုင်လည်းဝယ်ပေးချင်သေးတယ်လေ။