Maw Kun
အပြေးတစ်ပိုင်းခြေလှမ်းလေးတွေနဲ့ အခန်းထဲကနေခပ်သုတ်သုတ်ထွက်သွားတဲ့ပုံရိပ်ကလေး။ တံခါးရွက်ကိုအသာစေ့ပိတ်သွားတော့မှ မချုပ်ထိန်းထားနိုင်တော့တဲ့စိတ်ရဲ့ထွက်ပေါက်အနေနဲ့ တောက်တစ်ချက်ကိုခပ်ပြင်းပြင်းခေါက်လိုက်မိတာတောင် မကျေနပ်နိုင်သေး။
ဘေးနားမှာရှိနေတဲ့ခုံတစ်လုံးကို ပိတ်ကန်ထည့်လိုက်တော့ လျောကနဲထွက်သွားပြီးနံရံနားကိုကပ်သွားရှာ၏။ နောက်ထပ်လုပ်မိလုပ်ရာလုပ်လိုက်မိတာက စားပွဲပေါ်ကဖုန်းကိုကောက်ယူလိုက်ပြီး ဖုန်းကင်မရာမှာပေါ်လာတဲ့ကိုယ့်မျက်နှာကိုယ် ဟိုဒီလှည့်လို့ကြည့်မိလိုက်ခြင်းပါ။
ဟုတ်တယ် ဒါငါပဲလေ၊ ဘာလို့နွေကမမှတ်မိရတာလဲ။ အခန်းမီးတွေကလည်းလင်းထင်းနေသလို မနီးကပ်လွန်းပေမဲ့သိပ်လည်းမဝေးတဲ့အကွာအဝေးပါ။ ဘာလို့မော်ကွန်းကို တစ်ချက်မှတောင်မှတ်မိလိုက်ပုံမရတာလဲ။
ဒါမှမဟုတ် လုံးလုံးကိုသတိမရတော့တာမျိုးလား။ နွေ့အတွေးထဲမှတ်ဉာဏ်တွေထဲမှာ မော်ကွန်းအက္ခရာဆိုတဲ့လူသားက ပျောက်ကွယ်သွားပြီလား။
ခံပြင်းစရာကောင်းလိုက်တာ။ ရုံးပေါ်တက်လာမိတိုင်း ဘယ်အချိန်ဘယ်နေရာမှာများ မျက်နှာချင်းဆိုင်တည့်တည်တိုးလိုက်မလဲဆိုပြီးရင်ခုန်နေခဲ့ရတာလေ။
မျက်နှာချင်းဆိုင်လိုက်တာနဲ့ ဖြစ်ပျက်သွားမဲ့မျက်နှာလေးထက်က ပြောင်းလဲသွားမဲ့ပုံလေးတွေကို စိမ်ပြေနပြေစိုက်ကြည့်နေပြီးမှ Hello ဝဿန်လို့ နှုတ်ဆက်လိုက်မယ်တွေးထားတာလေကွာ။
အခုတော့ မင်္ဂလာပါ Boss တဲ့လား။
သူ့ကိုယ်သူတောင် Self Intro လုပ်သွားပုံကအေးအေးလူလူ။ နေပါအုံး မော်ကွန်းမျက်နှာက ခွဲစိတ်ပြုပြင်ထားတာမျိုးလည်းတစ်ခုမှမရှိပါဘဲ မမှတ်မိစရာလား။ ဘယ်လောက်များပြောင်းလဲသွားလို့လဲ။တောင်ငူက ဦးလေးဇော်တို့လင်မယားကတောင် တန်းမှတ်မိတာပဲလေ။ ဘာလို့နွေကမမှတ်မိရတာလဲ။ ဆံပင်ရှည်တွေကြောင့်များလား။ ဒါလည်းဖြစ်နိုင်တာပဲ။
အပြင်ကိုထွက်သွားပြီး လမ်းကြုံတာနဲ့ဝင်လျှော်လာခဲ့တဲ့ဆံပင်တွေကို ပြန်စည်းဖို့မေ့သွားခဲ့တာက ဒီညနေကျရင်ဝန်ထမ်းအငယ်တွေနဲ့တွေ့လိုက်ပါအုံးဆိုတဲ့ အန်ကယ်သန်းဦးစကားကြောင့်ပေါ့။