December 2016
Yangon.Nway Hnaung Wathan
လူတိုင်းလူတိုင်းဟာ ဘဝဆိုတဲ့လမ်းမကြီးထက်ယုံကြည်ချက်ကိုယ်စီ၊ ရည်ရွယ်ချက်ကိုယ်စီနဲ့အားတင်းလျှောက်လှမ်းရင်းရုန်းကန်နေကြရ၏။ လျှောက်လှမ်းရင်းနဲ့မျှော်လင့်ထားသလိုဖြစ်လာတတ်သလို မမျှော်လင့်တာတွေလည်းတွေ့ကြုံရတတ်စမြဲ။
အကောင်းနဲ့အဆိုးဒွန်တွဲနေတဲ့လောကကြီးမှာ အကြောင်းနဲ့အကျိုးဆိုတာတစ်ခုနဲ့တစ်ခုချိတ်ဆက်နေကြတာမျိုး။ အတွေးအကြံတွေအပေါ်မှာမူတည်ပြီး ဘဝတွေကလည်းကွဲပြားသွားတတ်ပြန်သည်။ ငါဘာဖြစ်လာမှာလဲဆိုတာကိုမှန်းဆနေဖို့ထက် ငါဘာလုပ်သင့်တယ်ဆိုတာကိုပဲတွေးပြီး ရှင်သန်နေထိုင်ခြင်းကအပြစ်ကင်းပါလိမ့်မည်။
ဝဿန့်အတွက်တော့ ဘဝရဲ့ပြောင်းလဲခြင်းဟာ ၇ နှစ်သားကစတင်ခဲ့တယ်လို့ထင်ခဲ့မိပေမဲ့ တကယ်တော့ ၁၉ နှစ်မှာမှအမှန်တကယ်ပြောင်းလဲသွားခဲ့၏။ ဘုရားဟောတရားတွေက တကယ့်ကိုလက်တွေ့ကျကျမှန်ကန်နေခဲ့တယ်ဆိုတာကို ဘဝနဲ့ရင်းပြီးမှသိခဲ့ရပြန်သည်။
ဘဝနဲ့ဆန္ဒ၊ စိတ်နဲ့ကိုယ် ဒါတွေတစ်ထပ်ထဲကျဖို့ဆိုတာ မလွယ်ကူတဲ့အရာတွေပါ။ စိတ်သွားတိုင်းကိုယ်ပါ စိတ်ဆောင်တိုင်းကိုယ်ကမလိုက်နိုင်တော့တဲ့အခါမှာ ဘဝလမ်းကြောင်းတွေကလွဲမှားတတ်ကြရပြန်၏။ ဘယ်ကိုမှမကြည့်ဘဲ ဝဿန်တို့မိသားစုအသိုက်အမြုံကိုပဲကြည့်။
လမ်းကြောင်းတွေလွဲမှားချွတ်ချော်သွားတဲ့အခါမှာ ပျက်ဆီးသွားခဲ့ရတာကဘဝတစ်ခုတင်မဟုတ်ဘဲ ဘဝများစွာပြိုလဲခဲ့ရတာမျိုး။ အဆင့်ဆင့်ရိုက်ခတ်လိုက်တဲ့လှိုင်းချက်တွေလိုပဲ နောက်ဆုံးမှာတော့ငြိမ်သက်ခြင်းနဲ့အတူ ကျန်ရစ်ခဲ့တာကနောင်တတရားတွေပါပဲ။
"လုပ်တိုင်းမဖြစ် စိတ်မညစ်နှင့်
ကိုယ်လုပ်တိုင်းသာဖြစ်နေပါက
ဘယ်မှာဒုက္ခရှိမည်နည်း တဲ့"ဝဿန်ဖတ်ခဲ့ဖူးတဲ့သံဝေဂတရားပြစာသားလေးတစ်ခုပေါ့။ လောကဓံနဲ့တွေ့ကြုံလာချိန်မှာအတတ်ပညာထက်အသိပညာရှိခြင်းကပဲ ဘဝလမ်းကြောင်းကိုပြန်တည့်မတ်နိုင်တယ်ဆိုတာကိုလက်တွေ့သိခဲ့ရသည်။ ဝဿန့်ဘဝမှာလည်းစာဖတ်ခြင်းကနေရရှိခဲ့တဲ့အသိပညာအကျိုးတွေကြောင့်သာ လဲပြိုမသွားခဲ့တာမျိုး။