Part 175

98 6 0
                                    

အခန်း-၁၇၅

အနောက်ပင်လယ်ရေဘုရင်က ထွက်သွားသော်လည်း အစောင့်များစွာ ချန်ထားခဲ့သည် ဖြစ်ရာ ဟူအာ ထိုအနီရောင်ပန်းခင်းအနီးတွင်သာ ကျန်နေရစ်ခဲ့တော့၏။ ပန်းခင်းအတွင်းသို့ ခြေလှမ်းချလိုက်သည်နှင့် သွေးညှီနံ့သင်းသော ပန်းရနံ့က မူးဝေလာသည်အထိ မွှေးပျံ့နေတော့သည်။

သို့သော် ပန်းခင်းအတွင်း တစ်နေရာတွင် မတူညီသော ရနံ့တစ်မျိုးကို ရလိုက်ပြီးနောက် ဟူအာ ခြေလှမ်းများ ရပ်တန့်သွားတော့၏။ ထိုနေရာတွင် ပန်းရနံ့နှင့် ဆင်တူသော်လည်း မတူညီသည့် သွေးညှီနံ့သဲ့သဲ့က မသိမသာ တည်ရှိနေ၏။

အကယ်၍ သေချာအာရုံမစိုက်လျှင် မရနိုင်သော ထိုရနံ့ကို ပန်းရနံ့များက ဖုံးလွှမ်းထားလေသည်။ ဟူအာ ထိုနေရာတွင် ရပ်သွားပြီးနောက် ပန်းခင်းအောက်ခြေသို့ စိုက်ကြည့်လိုက်မိသည်။ တစ်စုံတစ်ခု လွှဲမှားနေသည့်နှယ် ခံစားရသော်လည်း မည်သည့်အရာမှန်းမသိပေ။

ဟူအာက ထိုနေရာတွင် မြဲမြံစွာ ရပ်နေပြီး ထိုဆင်တူသော်လည်း မတူညီသည့် သွေးရနံ့နှစ်ခုကို ရှုရှိုက်နေမိသည်။ နှစ်ခုလုံးမှာ ညောင်အာ၏ ရနံ့နှင့် ဆင်တူနေ၏။ သို့သော် ဟူအာက မိစ္ဆာသွေးမျိုးဆက် မဟုတ်လေရာ ရနံ့ကို ပိုင်းခြားနိုင်စွမ်းက ထိုထက်မပိုတော့ပေ။ ထို့ကြောင့် အတိအကျ မခွဲခြားနိုင်တော့။

ဟူအာ နားလည်သလောက် ဆိုရလျှင် ထိုပန်းရနံ့နှင့် နောက်ထပ် ရရှိသော ရနံ့သည် ဆင်တူနေသည်။ သို့သော် ကွာခြားချက် ရှိ၏။ ဟူအာ သိရှိနိုင်သည်က ထိုမျှသာ ဖြစ်နေ၏။

ထိုပန်းခင်း၏ အောက်ခြေကို တူးထုတ်ကြည့်လျှင် အဖြေရနိုင်မလားဟု တွေးလိုက်မိသည်။ သို့သော် ဟူအာသည် ရေကမာဂူကို ဖြိုချလိုက်ခြင်း၏ အကျိုးဆက်နှင့် နာမည်ဆိုးရှိနှင့်ပြီးသူ ဖြစ်၏။ ထပ်မံ၍ တစ်ခုခုကို တူးထုတ်ခြင်းက ကောင်းမည် မဟုတ်ပေ။

ဟူအာ ထိုနေရာတွင် တွေဝေစွာ ရပ်နေစဉ် အနောက်ပင်လယ်ရေဘုရင်နှင့် ကျန်းမင်ရှီနတ်မင်းက ရောက်ရှိလာတော့၏။ ကျန်းမင်ရှီနတ်မင်းက ထိုသွေးတိမ်သလာပန်းများကို တွေ့သည်နှင့် ဟူအာ အနီးသို့ ပြေးလာပြီး ပြောသည်။

မြေခွေးလေးရဲ့ ချစ်ခြင်း ဒဏ္ဍာရီWhere stories live. Discover now