part114

163 21 0
                                    

unicode

အခန်း-၁၁၄

“အရှင့်သားရဲ့ နတ်သက်တမ်းကို အဲဒီနတ်စွမ်းအား ထိန်းသိမ်းတဲ့ ကြာပန်းပေါ်မှာ ထည့်သွင်းနိုင်ပါတယ်”

“ကောင်းပြီ”

လုံဆစ်က အရှေ့သို့ တိုးလာပြီးနောက် ထိုကြာပန်းပေါ်တွင် လက်ကို တင်လိုက်သည်။ လိမ္မော်ရောင် နတ်စွမ်းအား အလင်းတန်းက ထိုကြာပန်းအတွင်း စီးဝင်သွားပြီး ပြိုးပြိုးပြပြ လင်းလက်လာ၏။

“ခင်ဗျားက ကောင်းကင်နဂါးလား၊ နတ်စွမ်းအား နတ်သက်တမ်း နှစ်တစ်သန်းကို ပေးချေလိုက်တာ မထူးဆန်းတော့ဘူး၊ ဒီနတ်သက်တမ်း နှစ်တစ်သန်းက ခင်ဗျားရှင်သန်လာတဲ့ နှစ်သန်းပေါင်းများစွာနဲ့ ယှဉ်ရင် ဘာမှမဟုတ်တာကိုး”

“နတ်စွမ်းအားက နတ်သက်တမ်းပေါ်မှာ မူတည်နေတာ မဟုတ်မှန်း ထျန်းရန်နတ်သားလည်း သိမှာပါ၊ ဒါပေမဲ့ ကျွန်တော်ကတော့ ကျွန်တော့်သခင်ရဲ့စကားကို နာခံရမယ်လေ၊ ပြောရရင် အရှင့်သားက ကျွန်တော့်သခင်ရဲ့ သွေးသားမို့ ကျွန်တော်က သေချာပေါက် ကောင်းကောင်း စောင့်ရှောက်ရမှာ၊ သူ့ကို နတ်စွမ်းအား နည်းပါးသွားစေလို့ မဖြစ်ဘူး”

“ငါတို့ သွားစို့”

ဟူအာ ထိုနေရာတွင် မည်သည့်အရာကိုမှ သိရှိနိုင်မည် မဟုတ်မှန်း သိလိုက်ကတည်းက ထိုနေရာတွင် ဆက်မနေလိုတော့ပေ။ ထျန်းရန်နတ်သားနှင့်လည်း အလာပသလာပ စကားများ ဆက်မပြောနေချင်ပေ။ ထိုသို့ ပြောနေခြင်းက မည်သည့်အဓိပ္ပာယ်မှ မရှိပေ။

မြက်ခင်း စံအိမ်တော်၏ အတွင်းခန်းမှ ထွက်လာပြီးနောက် ဟူအာ သွေးပုလင်းငယ်ကို တင်းကျပ်စွာ ကိုင်ထားမိ၏။ ညောင်အာက မည်သည့်နေရာတွင် ရှိနေမှန်း သူ မသိရသေးပေ။ နေ့ရက်များကသာ တစ်ရက်ပြီး တစ်ရက် ကုန်ဆုံးလာသည်။

ဟူအာ မြက်ခင်းစံအိမ်တော်မှ ထွက်လာတော့ အနောက်တွင် လေးကန်သော ခြေလှမ်းများဖြင့် လုံဆစ်က လိုက်ပါလာသည်။ သို့သော် ဟူအာအနီးထိ တိုးကပ်မလာပေ။

“လုံဆစ် မင်းက ကောင်းကင်နဂါး မဟုတ်လား၊ ကောင်းကင်နဂါးတွေမှာ ထူးခြားတဲ့ အမြင်အာရုံ ရှိတယ်လို့ ကြားတယ်၊ မင်း ချီလုံတစ်ကောင်ကို ရှာနိုင်မလား”

မြေခွေးလေးရဲ့ ချစ်ခြင်း ဒဏ္ဍာရီWhere stories live. Discover now