part 118

158 21 0
                                    

unicode

အခန်း-၁၁၈

ကျိုးဖုန်းက ခေါင်းယမ်းပြသည်။

“ကောင်းကင်နတ်တွေက ကလေးမွေးတဲ့အခါ အသက်ဓာတ်ကုန်ဆုံးလေ့ ရှိတယ်။ ဒါပေမဲ့ နတ်ခန္ဓာကတော့ နာကျင်မှု မရှိဘူး။ ပြီးတော့ သေမျိုး ဒါမှမဟုတ် မြေပြင်နတ်ဒေသတွေနဲ့ ရေနေနတ်တွေနဲ့ ကွာခြားတယ်။ အဓိကက သူမကို အသက်ဓာတ်သွင်းပေးရမယ်”

ကျိုးဖုန်းက ပြောပြီးသည်နှင့် ဟူအာကို အကူအညီ တောင်းနေသည့်နှယ် မော့ကြည့်လာသည်။

“ကောင်းပြီ”

ဟူအာက ကျိုးဖုန်းထံမှ သူမမိခင်၏လက်ကို လှမ်းယူလိုက်သည်။ အသက်ဓာတ်သွင်းရုံ ဆိုလျှင်လည်း သူက အသက်ဓာတ်သွင်းပေးရုံသာ ရှိသည်။ သူက ကလေးမွေးခြင်းနှင့် ပတ်သတ်သော ဂါထာများ မန္တာန်များ များများစားစားကို မသိပေ။

ဟူအာက တလီဖုန်းယွဲ့၏ ညာလက်ကို ကိုင်ထားလိုက်ပြီး သူ၏ညာလက်ဖဝါးဖြင့် ထပ်လိုက်ကာ သူ၏ အသက်ဓာတ်များကို ဖြည်းညင်းစွာ လွဲပြောင်းပေးလိုက်သည်။ တလီဖုန်းယွဲ့၏ မျက်နှာက ကြည်လင်လာပြီးနောက်တွင် တိုးတိုး ညည်းညူလာ၏။

“အား..”

ဟူအာ လန့်သွားကာ လက်ကိုပင် လွှတ်ချလုမတတ် ဖြစ်သွားသည်။ သို့သော် စိတ်ကို တင်းလိုက်ပြီးနောက် အသက်ဓာတ်လွဲပြောင်းပေးမှုကိုသာ ဆက်၍ လုပ်ဆောင်နေလိုက်သည်။ တလီဖုန်းယွဲ့က ဟူအာနှင့် လက်ချင်းထပ်နေရာက ဟူအာ၏ လက်ကိုတင်းတင်း ဆုပ်ကိုင်လာသည်။

တလီဖုန်းယွဲ့က အားတင်းပြီး ပြောလာသည်။

“သူက ထွက်လာတော့မယ်။ သူက ဒီအသက်ဓာတ်တွေကြားမှာ တကယ်ပျော်မွေ့နေတာပဲ”

“အို.. သူ ထွက်လာတော့မှာလား”

ကျိုးဖုန်းက စတင်စိတ်လှုပ်ရှားလာဟန် တူသည်။ သူမက အမောကော မေးလိုက်ပြီးနောက် ဟူအာကို ဆက်လုပ်ရန် အချက်ပြသည်။ ပြီးနောက် သူမက ဟူအာ အနောက်တွင် ခေါက်တုံ့ခေါက်ပြန် လျှောက်နေသည်။

အတန်ကြာသည်တွင် တလီဖုန်းယွဲ့၏ ညည်းညူသံ ပို၍ တိုးသွားပြီးနောက် သူမ၏ ဝမ်းဗိုက်အတွင်းမှ အဖြူနှင့်အပြာရောင် ရောနေသော အငွေ့မှုန်လေးများ ထွက်လာပြီး စုစည်းလာသည်။ ကျိုးဖုန်းက ထိုမြင်ကွင်းကို အလွန်အမင်း စိတ်လှုပ်ရှားဟန်ဖြင့် လှမ်းကြည့်နေ၏။

မြေခွေးလေးရဲ့ ချစ်ခြင်း ဒဏ္ဍာရီWhere stories live. Discover now