part89

184 22 0
                                    

unicode
အခန်း ၈၉

ဟူအာက စကားကို ယတိပြတ် ပြောလိုက်ခြင်း ဖြစ်ကာ တစ်ပါးသောသူများ မကြားစေရန် သိုဝှက်ထားလိုစိတ်လည်း မရှိပေ။ လုံဆစ်က ဟူအာအနီးသို့ တိုးလာသည်။ အကယ်၍ တစ်ခုခု ဖြစ်လာမည် ဆိုပါက တုံ့ပြန်မှု မြန်ဆန်စေရန် ရည်စူးထားဟန် ရှိသည်။

“မင်း.. ဘယ်လို ဖြစ်ပြီးတော့ မင်းအဖေနဲ့ မတူဘဲနဲ့ မင်းအမေနဲ့ တူနေရတာလဲ၊ လက်ပေါက်ကပ်လိုက်တာ”

ချင်းရန်နတ်မင်းက ဟူအာကို ချက်ချင်းပင် အပြစ်တင်ဟန် ပြောဆိုလာသည်။ ဟူအာ မကြားသယောင်သာ ဟန်ဆောင်လိုက်ပြီးနောက် မေးလိုက်သည်။

“လက်ရှိ ဖြစ်ပျက်နေတာက ဘာတွေလဲ”

ရှင်းထုံက ရှေ့သို့ တိုးလာပြီးနောက် ပြောသည်။

“ကျွန်တော်တို့ရဲ့ သက်တမ်းက နှစ်သုံးသောင်းပဲ ကျန်ပါတော့တယ်၊ ကောင်းကင်နတ်တစ်ပါးအနေနဲ့ အနှစ်သုံးသောင်းဆိုတာက အရွယ်မတိုင်သေးတဲ့ ကာလလို့ ဆိုနိုင်ပါတယ်၊ ပြီးတော့ ကျွန်တော်တို့က ဒီအလင်းအကာအရံကို ဆက်ပြီး ဖြစ်ပေါ်လာနိုင်အောင် နတ်စွမ်းအား မလုံလောက်ပါဘူး၊ ဒါကြောင့် နှစ်တိုင်းမှာ ကောင်းကင်နတ်တွေကို အကူအညီတောင်းပြီးတော့ အလင်းအကာအရံကို ဖြည့်တင်းပေးဖို့ တောင်းဆိုရပါတယ်၊ ကျင့်ကြံနိုင်တဲ့နတ်တွေက နည်းသထက်နည်းလာပါတယ်၊ မကျင့်ကြံနိုင်တဲ့ နတ်တွေ ဖြစ်လာပြီးနောက်မှာ ကျွန်တော်တို့ကိုယ်ကို နတ်လို့ခေါ်ဖို့ ရှက်ရွံ့မိပါတယ်၊ ပြီးတော့ ကျွန်တော်တို့က စားသောက်ဖို့ လိုအပ်တဲ့ နတ်တွေ ဖြစ်ပါတယ်၊ ဒီနယ်မြေကနေ တခြားကို ရွေ့သွားဖို့ကလည်း မလွယ်ကူတဲ့အပြင် တခြားနယ်က နတ်မျိုးနွယ်တွေကလည်း ကျိုးရင်းနတ်ဘုရားမကို အပြစ်ပြုမိမှာ စိုးတော့ ကျွန်တော်တို့ကို လက်မခံရဲကြဘူး၊ ဒါပေမဲ့ ဒီနယ်မြေက လောင်ကျွမ်းစေတဲ့ နတ်စွမ်းအင်ကြောင့်မို့ စိုက်ပျိုးလို့ မရတော့ပါဘူး၊ ဒါကြောင့် ကျွန်တော်တို့မျိုးနွယ်က သေဖို့ မွေးဖွားလာတဲ့ နတ်မျိုးနွယ် ဖြစ်နေပါတယ်”

ချင်းရန်နတ်မင်းကို ဟူအာ တစ်ချက် လှမ်းကြည့်လိုက်မိသည်။ ကြယ်တာရာနတ်ဒေသ၏ လိုအပ်ချက်များကို စိတ်ထဲမှ စိစစ်လိုက်မိသည်။ တစ်အချက် အလင်းအကာအရံ၊ နှစ်အချက် နတ်စွမ်းအင် ကျင့်ကြံ၍ မရတော့ခြင်း၊ သုံးအချက် အသက်တိုလာခြင်း၊ လေး.. စိုက်ပျိုး၍ မရတော့ခြင်း။

မြေခွေးလေးရဲ့ ချစ်ခြင်း ဒဏ္ဍာရီWhere stories live. Discover now