"သူမရဲ့ နတ်စွမ်းအားက သန့်စင်ပါတယ်"

ဟူအာ အလိုလို အယူခံဝင်လိုက်မိသည်။

ကောင်းကင်ဧကရီက ခေါင်းညိတ်သည်။

"သူမကသာ မြေအောက်ကမ္ဘာကနေ အပေါ်ကို ခိုးဝင်လာခဲ့တယ်ဆိုရင် ဒါက ကောင်းကင်ကို ဆန့်ကျင်နေတာပဲ။ သေချာပေါက် ကောင်းကင်ရဲ့အမြင်ကနေ အကြာကြီး ကွယ်မနေနိုင်ဘူး။ နှစ်တစ်သိန်းအတွင်းမှာ သူမရဲ့ ပုံစံအမှန်က ပေါ်လာလိမ့်မယ်။ အကောင်းဆုံးကတော့ မင်း သူမနဲ့ မပတ်သတ်တာပဲ"

"ကောင်းကင်ကနေ မိစ္ဆာတွေကို ရှင်သန်ဖို့ ခွင့်မပြုထားတာမျိုး မရှိဘူး မဟုတ်လား။ အဘွားတော်က ဘာလို့.."

ကျွန်တော့်ကို ဖိအားလာပေးနေတာလဲ ဆိုသည့် စကားကို ဟူအာ ဆက်မပြောနိုင်ပေ။ သူက အငယ်သားသာ ဖြစ်ပြီး ကောင်းကင်ဧကရီ၏ အဆင့်အတန်းက သူနှင့် အငြင်းပွားလို့ ရသည့် အဆင့်အတန်းမျိုး မဟုတ်ချေ။

"ကောင်းကင်ကနေ မိစ္ဆာတွေရဲ့ ရှင်သန်မှုကို မကန့်သတ်ထားဘူး။ ဒါပေမဲ့ သူတို့က မြေအောက်ကမ္ဘာနဲ့ ပတ်သတ်မှု မရှိရဘူး"

"ဘာလို့လဲ"

"မြေအောက်ကမ္ဘာမှာ တစ်လောကလုံးကို လောင်ကျွမ်းပစ်နိုင်တဲ့ အကြွင်းမဲ့နတ်မီးလျှံတွေ ရှိတယ်။ လက်ရှိမှာ အဲဒီမီးလျှံတွေကို ဘယ်သူက ထိန်းနိုင်မလဲ ဆိုတာ ဘယ်သူမှ မသိနိုင်ဘူး။ ပြီးတော့ မြေအောက်ကမ္ဘာရဲ့ အရှင်သခင်က ကောင်းကင်ကို တည်ခဲ့တဲ့နတ်မင်းတစ်ပါးပဲ။ သူက ကောင်းကင်ကို ထိခိုက်ဖို့ ဘယ်တုန်းကမှ ခွင့်မပြုခဲ့ဖူးဘူး။ ဒါကြောင့် မြေအောက်ကမ္ဘာကနေ ထွက်လာတယ် ဆိုတာက ခိုးထွက်လာတာပဲ။ ဖြစ်နိုင်တာက အရာအားလုံးက မင်းထင်သလို မရိုးရှင်းဘူး"

"သူမက ဘယ်တုန်းကမှ မြေအောက်ကမ္ဘာကို မသွားခဲ့တာလည်း ဖြစ်နိုင်တာပဲလေ"

ဟူအာ ပြောလိုက်တော့ ကောင်းကင်ဧကရီက ခေါင်းညိတ်သည်။ ပြီးနောက် သွေးပုလင်းငယ်ကို လေပေါ်သို့ မြောက်တင်လိုက်၏။

ဟူအာ ထိုသွေးပုလင်းလေးကို ဖမ်းဆုပ်ရန် ပြင်လိုက်သော်လည်း ကောင်းကင်ဧကရီ၏ လက်အတွင်းမှ အနန္တမီးလျှံက ထွက်ပေါ်လာပြီး၊ ထိုသွေးပုလင်းလေးက လောင်ကျွမ်းသွားကာ အမှုန်အစအဖြစ်သို့ ပြောင်းလဲသွားတော့သည်။

မြေခွေးလေးရဲ့ ချစ်ခြင်း ဒဏ္ဍာရီWhere stories live. Discover now