အပိုင်း ၁၂၀၃-၁၂၀၄

187 19 0
                                    

စာစဥ် ၅၂ : အပိုင်း ၁၃

အပိုင်း ၁၂၀၃ : သူတော်စင် ကောင်းကင်ဓား ပြန်ပေါ်လာခြင်း

ရှန်နဂါးဘုရင်သည် ယခုလေးတင် ဗီပရာလိုပါ အဆင့်သို့ တက်လှမ်းနိုင်သည့် အစွမ်းထက်သော ရှေးပဝေသဏီ နတ်နဂါး တစ်ကောင်ဖြစ်သည်။ သို့ရာတွင် သူသည် သူ့ကိုယ်သူ ဂုဏ်သတင်း ကျော်ကြားအောင် အစွမ်းပြနေလိုစိတ်များ မရှိနေချေ။

သူတို့သည် အကြိမ်အနည်းငယ်သာ ကြုံတွေ့ခဲ့သော်လည်း ဇူရီက သူ့အား ကောင်းစွာ နားလည်နေသည်။ ဤမိစ္ဆာသည် လုံးဝကို တည်ငြိမ်အေးဆေးကာ ကောင်းမွန်သော ရလဒ်ကို ရနိုင်မှသာ လှုပ်ရှားတတ်သော မိစ္ဆာတစ်ကောင် ဖြစ်သည်။

ရှန်နဂါးဘုရင်သည် ဇူရီနှင့် ဟီဂန် ရွှေရောင်တံတား သို့မဟုတ် ထျန်းကန်း ဓားမာစတာက ရှီးလင်မြို့ သို့မဟုတ် ပိုင်ယွင်တောင်တွင် တိုက်ခိုက်နေသည် ဟူသော သတင်းကို မရသရွေ့ ဆက်လက် လှုပ်ရှားမည် မဟုတ်ချေ။

ဇူရီက ပြောလိုက်သည်။ "ကြည့်ရတာ ကောင်းကင်ကိုးလွှာ ကမ္ဘာဦးဓား ဝင်္ကပါကို လည်ပတ်နိုင်ဖို့ အချိန်အနည်းငယ် ယူရဦးမယ်နဲ့ တူတယ်… တကယ်လို့ အချိန်မီ ပြီးစီးခဲ့ရင် သူက ရှီးလင်မြို့နဲ့ ပိုင်ယွင်တောင်က အခြေအနေကို မကူညီနိုင်ရင်တောင် ရှန်နဂါးဘုရင်ကို ရင်ဆိုင်ဖို့ တောင်ပိုင်း တောရိုင်းဒေသကို စစ်ကူပေးနိုင်လိမ့်မယ်"

"တကယ်လို့ ငါက အချိန်ရရင် မင်းကို လာကူနိုင်မယ်… ဒါပေမဲ့ အဲ့ဒီအချိန် မတိုင်ခင်မှာ မင်းက အသေအချာ ဂရုစိုက်ရမယ်"

ရှီထျန်းဟောင်က သူ၏ခေါင်းကို ညိတ်၍ ပြောလိုက်သည်။ "စိတ်မပူပါနဲ့… ဒုတိယ စီနီယာ… ကျွန်တော် နားလည်ပါတယ်"

ပြီးတာနှင့် သူသည် ဇူရီနှင့် ထျန်းကန်း ဓားမာစတာအား နှုတ်ဆက်လိုက်ကာ ဟင်းလင်းပြင်ကို ချိုးဖောက်၍ မိုးကုပ်စက်ဝိုင်း အစွန်းဘက်သို့ ပျံသန်းသွားခဲ့သည်။ လုယွမ် မဟာပဏ္ဍိတနှင့် ကျူးကော်ကျန်းတို့ကလည်း အနောက်မှ ထပ်ကြပ်မကွာ လိုက်လာခဲ့၏။

ဇူရီနှင့် ထျန်းကန်း ဓားမာစတာတို့သည် ဟီဂန် ရွှေရောင်တံတား အပေါ်တွင် ရပ်နေ၍ ထွက်ခွာသွားသော ရှီထျန်းဟောင်နှင့် ကျန်သောသူများကို ကြည့်နေကြ၏။ ထျန်းကန်း ဓားမာစတာသည် အသံလွှင့် ကျောက်တုံးတစ်လုံးကို ဖိခြေလိုက်၍ မေးလိုက်သည်။ "ဝမ်လွေ… အချိန်ဘယ်လောက် စောင့်ရဦးမလဲ"

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၅) End (Unicode)Onde as histórias ganham vida. Descobre agora