ဟူအာ အိပ်မောကျခြင်းနှင့် အသိမလွတ်သွားခြင်း စပ်ကြားတွင် ထိုနယ်မြေအတွင်းသို့ ကျရောက်သွားခြင်း ဖြစ်လေသည်။ ဟူအာ ထိုနေရာသို့ ရောက်ရှိသွားတော့ တစ်ပုံစံတည်း တူညီနေသော ဝိဉာဉ်အငွေ့အဖွဲ့များကို တွေ့ရှိရလေ၏။ ထိုဝိဉာဉ်အငွေ့အဖွဲ့များက တစ်ဦးနှင့်တစ်ဦး ရုပ်ရည်အားဖြင့် တူညီနေသော်လည်း ပုံပန်းသဏ္ဍာန်အားဖြင့် ကွာခြားချက်များ ရှိနေလေသည်။

“မင်းတို့က ဘယ်သူတွေလဲ”

ထိုအထဲတွင် မျက်လုံးနှစ်လုံးလုံးကို ဖွင့်နေကာ လှုပ်ရှားသွားလာနေသော အနီရောင်လွင်လွင် ဝတ်စုံဖြင့် တစ်ဦးက ဟူအာကို ကြည့်လာပြီးနောက်၊

“ဟား ဟားဟား ပြောကြည့်လေ ငါတို့က ဘယ်သူတွေလဲ”

ထိုတစ်ဦးက ထပ်ဆင့်မေးလိုက်တော့ လှုပ်ရှားမှု ကင်းမဲ့နေကြသော တခြားသော သူများက ဟူအာနှင့် ထိုအနီရောင် လှုပ်ရှားမှုကို ကြည့်ရှုလိုက်ပြီးနောက် တစ်ပြိုင်နက်တည်း ဖြေကြားလာလေသည်။

“ငါတို့က မင်းပဲလေ”

ဟူအာ လန့်ဖြတ်သွားတော့မတတ် ဖြစ်သွားသည့်တိုင် အနီရောင်ဝတ်ရုံကို ဖရိုဖရဲ ဝတ်ဆင်ထားသော ထိုသူက ခေါင်းမော့ကာ တဟားဟား အော်ရယ်လေ၏။

“ပိုင်ဟုန်ဟူ ပိုင်ဟုန်ဟူ၊ ငါတို့က မင်းပဲ၊ မင်းကလည်း ငါတို့ပဲ၊ မတူညီတာ ဆိုလို့ မင်းက အားနည်းပြီးတော့ ငါတို့က သန်မာတယ်”

“မင်းတို့က ဘယ်လိုဖြစ်ပြီး ငါ ဖြစ်နေမှာလဲ မဖြစ်နိုင်တာ”

“မင်းမသိဘူးလား၊ အေးလေ မင်းက အားနည်းတဲ့ မြေခွေးငယ်လေး ဆိုမှတော့ ဒီလိုဟာကို ဘယ်သိပါ့မလဲ”

“မင်းက”

ဟူအာ ဆံပင်နီတို့ တစ်စနှစ်စ လွင့်ပျံ့နေသော ထိုသူကို သေသေချာချာ ကြည့်လိုက်ပြီးနောက် ဆိုတော့ ထိုသူက ဟူအာ အနီးသို့ လှစ်ခနဲ ရောက်လာပြီးနောက်၊

“မင်းက အားနည်းနေတဲ့ ဝိဉာဉ်လေးပဲလေ၊ ငါတို့အားလုံးကို မင်းက ဦးဆောင်နိုင်မယ် ထင်နေတာလား၊ မဖြစ်နိုင်တာ၊ ငါ့ကိုပဲ မင်းနေရာကို ပေးလိုက်စမ်းပါ၊ မင်း ငါတို့ကို ထိန်းချုပ်ဖို့ မတတ်နိုင်ပါဘူး၊ မင်းမတတ်နိုင်တာကို ဘာလို့ အင်အားကုန်ခံနေမှာလဲ မင်း လက်လျော့လိုက်တော့”

မြေခွေးလေးရဲ့ ချစ်ခြင်း ဒဏ္ဍာရီWhere stories live. Discover now