ချစ်သဝဏ်လွှာ 💌

By Hmone_SY

601K 48K 21.9K

နှုတ်တစ်ရာစာတစ်လုံး လွမ်းရက်ရှည်တစ်ဘဝလုံး 💌🖋 More

Note
Nway
Maw Kune
Part 1 (U)
Part 1 (Z)
Part 2 (U)
Part 2 (Z)
Part 3 (U)
Part 3 (Z)
Part 4 (U)
Part 4 (Z)
Part 5 (U)
Part 5 (Z)
Part 6 (U)
Part 6 (Z)
Part 7 (U)
Part 7 (Z)
Part 8 (U)
Part 8 (Z)
Part 9 (U)
Part 9 (Z)
Part 10 (U)
Part 10 (Z)
Part 11 (U)
Part 11 (Z)
Part 12 (U)
Part 12 (Z)
Part 13 (U)
Part 13 (Z)
Part 14 (U)
Part 14 (Z)
Part 15 (U)
Part 15 (Z)
Part 16 (U)
Part 16 (Z)
Part 17 (U)
Part 17 (Z)
Maw Kun's Artifact (U+Z)
Part 18 (U)
Part 18 (Z)
Part 19 (U)
Part 19 (Z)
Nway's Artifact 1
Nway's Artifact 2
Part 20 (U)
Part 20 (Z)
Part 21 (U)
Part 21 (Z)
Part 22 (U)
Part 22 (Z)
Part 23 (U)
Part 23 (Z)
Part 24 (Z)
Part 25 (U)
Part 25 (Z)
Part 26 (U)
Part 26 (Z)
Part 27 (U)
Part 27 (Z)
Part 28 (U)
Part 28 (Z)
Part 29 (U)
Part 29 (Z)
Part 30 (U)
Part 30 (Z)
Part 31 (U)
Part 31 (Z)
Part 32 (U)
Part 32 (Z)
Part 33 (U)
Part 33 (Z)
Part 34 (U)
Part 34 (Z)
Part 35 (U)
Part 35 (Z)
Part 36 (U)
Part 36 (Z)
Part 37 (U)
Part 37 (Z)
Part 38 (U)
Part 38 (Z)
Part 39 (U)
Part 39 (Z)
Part 40 (U)
Part 40 (Z)
Part 41 (U)
Part 41 (Z)
Part 42 (U)
Part 42 (Z)
Part 43 (U)
Part 43 (Z)
Part 44 (U)
Part 44 (Z)
Part 45 (U) Final
Part 45 (Z) Final
Thank you to my readers (U + Z)
Special Extra (U)
Special Extra (Z)

Part 24 (U)

8.4K 898 827
By Hmone_SY

Maw Konn

ကုမ္ပဏီဝန်ထမ်းတွေအတွက်သီးသန့်ပြုလုပ်ပေးသော Dinner တွင် ရင်နှီးသောမိတ်ဆွေအချို့ကိုသာဖိတ်ကြားခဲ့၏။ ဖိတ်ကြားထားသူများခဏတစ်ဖြုတ်မျက်နှာပြနှုတ်ဆက်ပြီးပြန်သွားချိန် အဲရစ်လင်းတို့လိုလူရင်းသုံးလေးဦးသာမော်ကွန်းနှင့်တစ်စားပွဲထဲထိုင်ကျန်နေခဲ့၏။

ညနေ ၅ နာရီကစတင်ခဲ့သောညစာစားပွဲလေးမှာ ည ၇ နာရီတိတိတွင်စုပေါင်းမွေးနေ့ပွဲလေးတစ်ခုကို ​ကြား​ဖြတ်ကျင်းပခဲ့၏။ ဝန်ထမ်းတွေထဲကမေလမွေးနေ့ရှင်များအားလုံးကိုရွေးထုတ်လိုက်ပြီး လက်ဆောင်ပေးခြင်းအပြင် မွေးနေ့ကိတ်တစ်လုံးကိုလည်းမှာယူပေးခဲ့ပြီး ဝန်ထမ်းများနှင့်အတူ ပျော်ပျော်ရွှင်ရွှင်ကျင်းပပေးခဲ့သည်။

မေလမွေးနေ့ရှင်တွေမှာ ၅ ဦးသာရှိ၏။ ဒီကိစ္စကိုနွေ့ကိုကြိုတင်မသိမ​ပေးထားဘဲ မမတစ်ယောက်ကိုပဲပြောပြခဲ့ပြီးတိတ်တဆိတ်စီစဉ်ခဲ့ခြင်းဖြစ်သည်။

စီစဉ်ထားသောမွေးနေ့ကိတ်ကြီးကိုထုတ်ယူလာချိန် ဝန်ထမ်းများအံအားတသင့်နှင့်ငြိမ်ကျသွား၏။ စီစဉ်ထားသည့်အတိုင်း မမကမေလမွေးနေ့ရှင်များကိုအရှေ့ထွက်လာရန်ခေါ်ပါတော့သည်။ Account ဌာနက ၂ ဦး၊ Store က ၁ ဦး၊ အင်ယာဌာနကတစ်ဦးနှင့် HR ကတော့မော်ကွန်းရဲ့ဘေဘီလေးပေါ့။ အစီအစဉ်ကိုမသိခဲ့သောနွေ့မှာ တစ်ခြားဝန်ထမ်းများနည်းတူအံ့ဩနေသောမျက်နှာလေးနှင့်ရှေ့ထွက်လာ၏။

"ဒီနေ့ပွဲက ကုမ္ပဏီဝန်ထမ်းတွေအတွက်ဂုဏ်ပြုညစာစားပွဲလေးလည်းဖြစ်သလို ဝန်ထမ်းတွေအတွက်ဥက္ကဌကြီးကစီစဉ်ပေးထားတဲ့မွေးနေ့ပွဲလေးလည်းပါဝင်ပါ​သေးတယ်။ နောက်လတွေမှာလည်းလအလိုက်မွေးနေ့ရှင်လေးတွေကို အမှတ်တရလက်ဆောင်လေးတွေပေးသွားမှာပါ။ ကုမ္ပဏီအနေနဲ့အကျွေးအမွေးတစ်ခုခုလည်းစီစဉ်ပေးသွားမှာပါ။ ဒီလိုမျိုးပွဲကြီးနဲ့တော့မဟုတ်ဘူးပေါ့။ မေလမွေးနေ့ရှင်တွေကတော့ ညစာစားပွဲနဲ့တိုက်ဆိုင်သွားတာကံကောင်းသွားတယ်လို့ပြောရမှာပေါ့။ မွေးနေ့ရှင်များအားလုံးရှေ့ကိုထွက်လာခဲ့ကြပါအုံးရှင်"

အမျိုးသမီးနှစ်ယောက်အမျိုးသားကသုံးယောက်မှာ စိတ်လှုပ်ရှားသောမျက်နှာလေးကိုယ်စီနှင့် ကြီးမားလှသောမွေးနေ့ကိတ်ကြီးနားမှာရပ်လိုက်ကြပြီး အမှတ်တရဓာတ်ပုံအရိုက်ခံကြ၏။ မပြုံးမရယ်မျက်နှာလေးနှင့်နွေက မော်ကွန်းကိုလှစ်ခနဲလှမ်းခိုးကြည့်လိုက်တာကိုမြင်ဖြစ်အောင်မြင်လိုက်သည်။

မွေးနေ့ကိတ်လှီးခါနီးမှာမော်ကွန်းကိုလှမ်းခေါ်လာချိန် နွေ့အနားတွင်သွားရပ်လိုက်၏။ မွေးနေ့ဆုတောင်းသီချင်းကိုအများနဲ့အတူသီဆိုပေးပြီးချိန် ဓားကိုယ်စီနှင့်နှစ်ပေပတ်လည်နှစ်ထပ်ကိတ်မုန့်ကြီးကိုခွဲလိုက်ကြပြီး လက်လှမ်းမီရာဝန်ထမ်းတွေကိုခွံကျွေးနေကြသည်။

မော်ကွန်းကိုတော့ဘယ်သူမှလာခွံမကျွေးရဲကြ။ သို့ပေမဲ့ ပထမဆုံးကိတ်တုံးလေးတစ်တုံးကို ပန်းကန်လေးထဲထည့်ပြီးလက်ထဲထည့်ပေးလာသူကနွေ။ ပန်းကန်လေးကိုကိုင်ပြီး စားပွဲကိုပြန်လာတဲ့မော်ကွန်းမျက်နှာကမပြုံးမရယ်ရှိနေပေမဲ့ ကိတ်ကိုတော့နှစ်ဇွန်းလောက်ခပ်စားဖြစ်အောင်ခပ်စားလိုက်၏။

မွေးနေ့ကိတ်လှီးနေချိန်မှာ နွေ့ကိုသေသေချာချာမြင်လိုက်သောအဲရစ်လင်းက အနားကပ်လာပြီးခပ်တိုးတိုးပြောလာသည်။

"ခင်များ HR လေးက Cutie လေးဗျာ၊ အားလုံးထဲမှာထင်းနေတာပဲ"

ဒီလိုပြောလာတော့မယ်မှန်းမော်ကွန်းခန့်မှန်းမိလိုက်သား။ ညစာစားပွဲမှာနွေဝတ်စားလာပုံကခပ်ရိုးရိုးဆိုပေမဲ့ ဖြူဆွတ်နေသောအပေါ် အောက်ဒီဇိုင်းနှင့်ရှင်းသန့်ကြည်လင်နေပြီးထင်းလင်းနေခဲ့တာကိုး။ လူတွေကြားမှာတမူထူးခြားတဲ့ရုပ်ရည်ရှိသူမို့ ခုလိုဝတ်စားပြင်ဆင်ထားတော့သိပ်ကိုတောက်ပနေတာပေါ့။

"ဟိုတစ်ပတ်ကကိုသန့်နဲ့ဘားမှာဆုံလိုက်သေးတယ်၊ သူတော့ပါမလာပါဘူး။ ကိုယ်တောင်မေးလိုက်မိသေး။ အလုပ်များနေလို့ပါမလာဘူးတဲ့၊ ဖုန်းနံပတ်တောင်းတာကိုမပေးဘူးတဲ့ဗျာ"

"အချစ်ဦးပါ"

"ဗျာ ဘာကိုပြောတာလဲ"

"အဲရစ်ပြောနေတဲ့ HR လေးက ကျွန်တော့်အချစ်ဦးလို့ပြောတာပါ"

"ဘယ်လို"

မီးဆိုတာမလောင်ခင်တားရတာမျိုး။ ရုံးကိုမကြာခဏရောက်လာတတ်သလို အဲရစ်ရဲ့အကြည့်တွေနဲ့ခြေလှမ်းတွေကိုရိပ်မိလိုက်တဲ့မော်ကွန်းမှာ ဒီလိုစကားမျိုးကြိုပြောထားရန်လိုနေပြီဆိုသောအသိနဲ့ ပွင့်ပွင့်လင်းလင်းဝန်ခံလိုက်ထားလိုက်မိသည်။

"ဝဿန်ကကျွန်တော့်အချစ်ဦးလို့ပြောတာပါ။ ဒီကိုပြန်လာရတဲ့အဓိကအကြောင်းအရင်းပေါ့ဗျာ"

"ဟာဗျာ စောစောကမပြောဘူးအဲလ်ရာ၊ ခုတော့ဆောရီးလို့ပြောရတော့မှာပဲ"

အံ့ဩသွားပုံရပေမဲ့ အားနာဟန်နှင့်တောင်းပန်စကားဆိုလာ၏။

"ရပါတယ်ဗျာ အားနာစရာမလိုပါဘူး။ မြင်တဲ့အတိုင်းပဲလေ သူ့ကိုမြင်ရင်ကျားကျားမမကသဘောကျကြတာပဲ၊ အဲရစ်သဘောကျသွားတာမဆန်းပါဘူး။ ရုံးမှာလည်းလူချစ်လူခင်သိပ်များလွန်းတယ်"

"ဒါနဲ့ကိုသန့်နဲ့ကရော"

"Room mate သက်သက်ပဲလေ"

မော်ကွန်းအနေအထားနဲ့ နွေကတိုက်ခန်းလေးမှာနေ​ရတာကိုနားမလည်ဟန်ဖြစ်သွားတဲ့မျက်နှာထားကို သတိထားလိုက်မိပေမဲ့ဘာမှတော့မ​မေးပါ။

"အဆင်ပြေသွားပြီလား"

"ပြေတာပေါ့။ ဘာမပြေစရာရှိလို့လဲ"

"ဒါဆိုကွန်ကရက်ကျူလေးရှင်းလို့ပြောရတော့မှာပေါ့။ ခင်များကကံကောင်းလိုက်တာ၊ မနာလိုတောင်ဖြစ်ချင်လာပါပြီဗျာ"

ရယ်ရယ်မောမောစနောက်ကာ အဲရစ်ကနောက်တစ်ခွက်ထပ်ဖြည့်လိုက်ရင်း Cheer လုပ်ချိန် အလိုက်သင့်နေလိုက်ရင်းနွေတို့ရှိရာဆီကိုလှမ်းကြည့်လိုက်ချိန် လက်ဆောင်ပစ္စည်းတွေကိုထုတ်ယူလာသောမမကြောင့် အဲရစ်ကိုထားခဲ့လိုက်ပြီးထလာရပြန်သည်။

"မွေးနေ့ရှင်တွေအတွက် ဥက္ကဌကြီးစီစဉ်ပေးထားတဲ့မွေးနေ့လက်ဆောင်တွေပါရှင်။ ဒီထဲမှာဘာတွေပါသလဲဆိုတာကို မမတောင်မသိပါဘူးနော်။ ပါကင်လေးတွေမှာ နံပတ်လေးတွေတပ်ပေးထားတယ်။ မွေးနေ့ရှင်တွေကမဲနှိုက်ပြီးရတဲ့နံပတ်ကိုယူရမှာပါ"

ဖန်ခွက်လေးတစ်ခုထဲမှာမဲလိပ်ငါးလိပ်ရှိပြီး အသက်အငယ်ဆုံးကိုအရင်စနှိုက်ခွင့်ပေး၏။ နွေကတတိယမြောက်မဲနှိုက်ရသူ။ အားလုံးနှိုက်ပြီးသွားချိန်မှမဲလိပ်တွေကိုတစ်ပြိုင်နက်ထဲဖွင်လိုက်ချိန် နွေရလိုက်တဲ့နံပတ်လေးက No. 1 ဖြစ်နေတာကိုသိလိုက်တဲ့မော်ကွန်းနှုတ်ခမ်းတွေမှာပြုံးရိပ်လေးပြေးသွားသည်။ လက်ဆောင်ထုပ်လေးတွေကို မော်ကွန်းကိုယ်တိုင်လက်ထဲထည့်ပေးချိန် ကျေးဇူးတင်ပါကြောင်းပြောပြီးနေရာမှာပြန်သွားထိုင်ကြ၏။

ဘာလဲသိချင်နေကြသောအခြားဝန်ထမ်းတွေရှေ့မှာ ကျန်လေးဦးကဖွင့်ဖောက်ကြည့်ကြပေမဲ့ နွေကတော့ဖွင့်မပြခဲ့။ အတင်းလည်းသွားမပြောရဲဘဲ ဘာများလဲဆိုသောသိချင်စိတ်တွေဖြစ်နေကြတဲ့ဝန်ထမ်းငယ်တွေမှာ ဂိမ်းပွဲလေးကိုစတင်လိုက်ချိန်ကျမှအာရုံတွေပြောင်းသွား၏။

ညစာစားပွဲလေးက ၈ နာရီခွဲခန့်ကစပြီး ဂိမ်းကစားခြင်းဖြင့်သက်ဝင်လှုပ်ရှားနေတော့သည်။ ဌာနအလိုက်မဟုတ်ဘဲဌာနစုံကလူတွေကိုအဖွဲ့ခွဲ​ပေးပြီး Group အလိုက် ဂိမ်းပြိုင်ပွဲတွေပြုလုပ်ကြ၏။ အော်သံရယ်သံများနှင့် မြူးတူးနေကြပုံကလွတ်လွတ်လပ်လပ်။

ဂိမ်းကစားရာမှာလည်း နွေကအလိုက်သင့်လေးပူးပေါင်းပါဝင်ခဲ့ပါတယ်။ အကြီးပိုင်းတွေထက် ဝန်ထမ်းငယ်တွေအတွက်စီစဉ်ထားတဲ့ပွဲဖြစ်နေတော့ အကြီးတွေကိုဇွတ်ဝင်မကစားခိုင်းကြ။ တစ်ပွဲလောက်သာဝင်ဆော့ပေးကြပြီး ခပ်လှမ်းလှမ်းကနေထိုင်ကြည့်ပြီးအားပေးရယ်မောနေကြသည်။

၉ နာရီလောက်မှ မော်ကွန်းမိတ်​ဆွေတွေပြန်သွားကြ၏။ ရုံးလူကြီးပိုင်းတွေနှင့်ဆက်ထိုင်နေရတဲ့မော်ကွန်းမှာ နွေရှိနေသောစားပွဲဝိုင်းကိုမကြာမကြာလှမ်းကြည့်နေတာကို ပထမဆုံးသတိထားလိုက်မိသူက Admin မမ။

"လကုန်ပြီး ၁၅ ရက်လောက်ဆိုရင် ဝဿန့်အလုပ်ထွက်ရက်ပြည့်ပြီ။ မမလည်းဘယ်လိုမှတားမရနိုင်တော့ဘူးထင်ပါတယ်ကွယ်။ ဝန်ထမ်းတစ်ယောက်အမြန်ခေါ်ဖို့တော့အလျှင်လိုနေပြီ"

"ကျွန်တော်သိပါတယ်"

"စိတ်တောင်မကောင်းဘူးကွယ်။ ဝဿန်ကအလုပ်လုပ်တာလည်းတော်သလို စည်းကမ်းလည်းကောင်းတယ်။ ပြီးတော့ ဝန်ထမ်းတွေနဲ့လည်းအဆင်ပြေအောင်ပေါင်းတတ်သင်းတတ်တယ်"

"သူနဲ့မမသိတာကြာပြီလား"

"၆ နှစ်ကျော်ပြီ"

"သူနဲ့ဘယ်လိုစသိတာလဲဆိုတာကိုပြောပြပါလား"

အံ့ဩသလိုတစ်ချက်လှည့်ကြည့်လာပြီး စတင်သိကျွမ်းခဲ့သောအကြောင်းတွေကိုပြန်ပြောပြလာပါတော့သည်။

"သူနဲစတွေ့တာကဆောက်လုပ်ရေးကုမ္ပဏီတစ်ခုမှာပါ။ အဲတုန်းကသူကအငယ်တန်းအင်ယာလေး။ ဆိုဒ်တွေနဲ့အင်ယာဌာနမှာ တောက်တိုမယ်ရသာသာလေးပါ။ မြင်တဲ့အတိုင်းနုနုနယ်နယ်လေးဆိုတော့ အလုပ်ကြမ်းလည်းခိုင်းလို့မရတော့ စာရွက်စာတမ်းကိစ္စတွေပဲလုပ်ပေးနေရတာ။ ဆောက်လုပ်ရေးလုပ်ငန်းဆိုတော့သိပ်ပင်ပန်းတာကိုး။ ခဏခဏလည်းဖျား​​တော့ ပျက်ရက်​တွေများ​နေတာ​ပေါ့။ သူကအလုပ်ကြမ်းသာမဖြစ်တာ ရုံးကိစ္စတွေကျတော့တိတိကျကျနဲ့ သေသေသပ်သပ်လုပ်တတ်တယ်။ ရထားတဲ့ပညာနဲ့သူ့ပုံလေးက မအပ်စပ်ဘူးဖြစ်နေတာပေါ့ကွယ်။ ဒါနဲ့မမလည်းသူ့ကို HR လိုင်းဘက်စိတ်ဝင်စားလားလို့မေးကြည့်လိုက်တော့ စိတ်ဝင်စားတယ်တဲ့။ HR မှာလည်းလူထပ်ခန့်ဖို့ရှိနေတော့ သင်တန်းတစ်ခုတက်ခိုင်းလိုက်ပြီး HR ဌာနအောက်ကိုဆွဲထည့်ခဲ့လိုက်တယ်။ မမအလုပ်ပြောင်းတော့သူ့ကိုပါခေါ်သွားပြီး HR Staff တစ်နေရာရအောင်လုပ်ပေးလိုက်တယ်"

"ဪ"

"၃ နှစ်လောက်အတူတူတွဲလုပ်ပြီးမှ မမကနေပြည်တော်ကဟိုတယ်တစ်ခုကိုအလုပ်ပြောင်းတယ်။ သူကအရင်ကုမ္ပဏီမှာပဲရာထူးတိုးပြီးကျန်ခဲ့တယ်။ ဒီကုမ္ပဏီကိုမမရောက်လာတော့မှ သူ့ကိုလှမ်းခေါ်လိုက်တာပါ။ ဒီမှာကအရင်အလုပ်ထက် လစာပိုတယ်လေ။ ဝဿန်အလုပ်လုပ်တာတိကျတာကိုလည်းသဘောကျလို့ အနားမှာခေါ်ထားလိုက်တာပါ"

"သူ့မိသားစုအကြောင်းတွေရောမမသိလား"

"မိသားစုအကြောင်းပြောတာသိပ်ရှားတယ်။ အစ်မတစ်ယောက်ကစင်္ကာပူမှာ တစ်ယောက်က Beauty Saloon ဖွင့်ထားတယ်ဆိုတာလောက်ပဲသိတယ်။ မိဘတွေကမရှိရှာတော့ပါဘူး။ နည်းနည်းလေးနွဲ့​နေပေမဲ့ စိတ်ဓာတ်လေးကတော့မာတယ်ဆိုရမယ်။ စိတ်မာလို့လည်းတစ်ယောက်ထဲရပ်တည်နေနိုင်တာပေါ့။ ဒါနဲ့အဲလ်ဘတ်က သူ့အကြောင်းဘာလို့သိချင်တာလဲဟင်"

"နောက်တော့သိလာမှာပါ"

ဒီလောက်ပဲပြောလိုက်တော့ မမကလည်းဆက်မမေးတော့ပါ။ ဂိမ်းကစားတဲ့ဘက်ဆီလှမ်းကြည့်လိုက်ပြီး ၁၀ နာရီခွဲလောက်ဆိုရင် ပွဲသိမ်းခိုင်းလိုက်တော့မယ်ဆိုတဲ့အကြောင်း မော်ကွန်းကိုအသိပေးပြီးမှ မမကပွဲဘက်ကိုထွက်သွား၏။

မမထွက်သွားမှ Message Box ထဲပို့ထားတဲ့စာအခြေအနေကိုဝင်ကြည့်လိုက်မိချိန် ထုံးစံအတိုင်းဖတ်သာဖတ်ပြီးပြန်စာကမရှိ။ အပြန်လိုက်ပို့ပေးမယ်ပြောထားတာကိုအကြောင်းမပြန်ထားတော့ ဖုန်းဆက်လိုက်ရသည်။ ဖုန်းဝင်လာတာကိုတစ်ချက်ငုံ့ကြည့်ပြီးမှ ခပ်လှမ်းလှမ်းထထွက်သွားပြီး...။

"ဘာလဲ"

"၁၀ မိနစ်လောက်နေရင်ကားပါကင်မှာစောင့်နေ"

"မလိုက်ချင်ဘူး။ ကျွန်တော်ကဖယ်ရီနဲ့ပဲပြန်မှာ"

"မလိုချင်ဘူး။ စောင့်ဆိုစောင့်နေလိုက်၊ ပြောစကားနားမထောင်ရင် ဖြစ်လာမဲ့အကျိုးဆက်ကိုကြိုစဉ်းစားပြီးမှငြင်း"

"ဘာလို့အတင်းအဓမ္မတွေလာလုပ်နေတာလဲ"

"ဘေဘီကကောင်းကောင်းပြောရင်ရလို့လား"

"..."

"ဖယ်ရီနဲ့လိုက်ရဲလိုက်သွားကြည့်၊ ကားပေါ်ကနေလိုက်ဆွဲချမှာ။ မလုပ်ရဲဘူးမထင်နဲ့၊ ကိုယ်တစ်ကယ်လုပ်ရဲတယ်နော်"

"လူရမ်းကား"

"ပြောပြန်ပြီလား"

"..."

"ကိုယ်ပြန်သွားပြီး ခဏ​ကြာရင်ထွက်လာခဲ့လိုက်တော့၊ BMW နဲ့လာ​ခေါ်မယ် ဒါပဲ"

အိမ်ထောင်သည်အကြီးပိုင်းတစ်ချို့ကပြန်ကုန်ကြပြီ။ ပွဲကလူငယ်ပွဲမို့ သူ့အရှိန်နဲ့သူစည်ကားနေတုန်းပါပဲ။ ပြန်တော့မယ်ဆိုတဲ့အကြောင်း မမနဲ့ DH တွေကိုပြောခဲ့လိုက်ပြီးမှ ကုမ္ပဏီကနေထွက်လာခဲ့သည်။ လမ်းထိပ်ရောက်မှအသင့်စောင့်ခိုင်းထားတဲ့ BMW ပေါ်ပြောင်းတက်လိုက်ပြီး ကိုယ်တိုင်မောင်းကာကုမ္ပဏီဝန်းထဲကိုပြန်လှည့်လာလိုက်၏။

ကားပါကင်မှာရပ်လိုက်သည်နှင့်အဖြူရောင်အရိ​ပ်လေးက အရွက်ဖားဖားအပင်အုပ်အုပ်အောက်ကနေခပ်သုတ်သုတ်ပြေးထွက်လာ၏။ ရှေ့ခန်းမှာဝင်ထိုင်လိုက်သည်နှင့်ကားကိုအမြန်မောင်းထွက်လာခဲ့သည်။ ဘယ်သူများမြင်သွားမလဲမျက်နှာလေးနှင့် ပတ်ဝန်းကျင်ကို ၃၆၀ ဒီဂရီလှည့်ကာကြည့်နေတာကိုမြင်လိုက်ချိန် အသံထွက်အောင်ရယ်လိုက်မိ၏။

"တိုက်ခန်းကိုတန်းပို့ပေး"

တွေ့လိုက်တာနဲ့အကန်စကားတွေကြီးစပြောတဲ့နွေ။ ခုမှတွေ့ရတာကိုချက်ချင်းလိုက်ပို့ပေးလိုက်စရာလား။

"ကိုယ့်သဘောပါ"

မန္တလေးမသွားခင်တွေခဲ့စဉ်က လူကိုထုရိုက်ဆဲဆိုကာဒေါသတကြီးဖြစ်ခဲ့ပြီးသည့်နောက်ပိုင်း ဖုန်းဆက်လည်းမကိုင်။ မနက်ထဲကညပြန်ပို့ပေးမဲ့အကြောင်းနှင့် ဖုန်းဆက်ရင်ချက်ချင်းကိုင်ပါဆိုပြီးအကျပ်ကိုင်လိုက်​တော့မှ မော်ကွန်းဖုန်းကိုကိုင်ခြင်းပါ။ ခုတော့စူပုတ်ကောက်ချိတ်နေသောမျက်နှာလေးနှင့် ကားပေါ်ပါလာ၏။ လှတဲ့လူများကျတော့လည်း စူပုတ်ထားတာတောင်လှနေတာပါပဲဗျာ။

"လက်ဆောင်ကိုဖောက်ကြည့်လိုက်အုံးလေ"

"မကြည့်ချင်လို့မကြည့်တာ"

"ဖောက်ဆိုဖောက်လိုက်၊ ကိုယ်တိုင်ဝတ်ပေးချင်လို့"

လက်ဆောင်ပစ္စည်းတွေထဲမှာ ဒီ No. 1 လေးက နွေ့အတွက်ရည်ရွယ်ပြီး ကိုယ်တိုင်ဝယ်ခဲ့သောတန်ဖိုးအကြီးဆုံးအရာလေးလည်းဖြစ်၏။ မေတ္တာရင်းမှန်ကန်ခဲ့လျှင် နွေ့ဆီကိုဒီပစ္စည်းလေးဆိုက်ဆိုက်မြိုက်မြိုက်ရောက်သွားပါစေလို့လည်း ကောင်းမှုတော်ဘုရားကိုရည်မှန်းပြီးဆုတောင်းခဲ့မိတဲ့မော်ကွန်းဆန္ဒကပြည့်ဝခဲ့၏။ ခုတော့ နွေ့ကိုကိုယ်တိုင်ဝတ်ပေးရပြီပေါ့။

"မော်ကွန်း"

"ပြော"

"တိုက်ခန်းကိုပဲပြန်ပို့ပေးပါနော်။ ကျွန်တော်အရမ်းပင်ပန်းနေ​ပြီ။ နားချင်လို့ပါ"

ညစာစားပွဲအတွက်ပင်ပန်းခဲ့တာကိုသိနေတော့ နွေ့စကားအတိုင်းနာနတ်တောလမ်းဘက်ကိုသာဦးတည်လိုက်မိသည်။ တိုက်အောက်မှာပဲစကားပြောရတော့မှာပေါ့။ အမှန်တော့မော်ကွန်းလည်းမအားပါ။ ပင်လည်းပင်ပန်းနေပြီ။

ဒါပေမဲ့ နွေ့မွေးနေ့လေးမှာခဏလေးပဲဖြစ်ဖြစ် အတူတူရှိချင်နေတဲ့စိတ်လေးနဲ့ အတင်းအကျပ်ခေါ်ခဲ့လိုက်မိခြင်းမျိုး။ လက်ဆောင်ဗူးလေးဖောက်နေတာကို မသိမသာအကဲခတ်နေလိုက်၏။ လေးထောင့်ဗူးလေးထဲကဆွဲကြိုးလေးကိုမြင်လိုက်ချိန်ငေးစိုက်ကြည့်နေရင်း...။

"ရာသီခွင်လေးလား"

"ဟုတ်တယ်။ နွေ့ရာသီခွင်လေးလေ၊ သဘောကျလား"

"ကျပါတယ်"

ဗူးလေးကိုပြန်ပိတ်ပြီးလက်နဲ့ဆုတ်ကိုင်ထားရင်း အပြင်ဘက်ကိုကြည့်နေပုံလေးကတွေတွေငေးငေး။ မော်ကွန်းအနားရောက်လာရင်နွေ့အမူအရာလေးတွေကပုံမှန်မဟုတ်​တော့ဘဲ တစ်ခုခုကိုခံစားနေသလိုအတွေးတွေများနေတာကိုသတိထားမိပေမဲ့မဖြေရှင်းနိုင်သေးပါ။ တစ်ချိန်ချိန်တော့အားလုံးပြေလည်သွားမယ်ဆိုတာိုမော်ကွန်းယုံကြည်ပါသည်။

"Dinner နဲ့တိုက်သွားလို့ သီးသန့်မွေးနေ့ပွဲလေးမလုပ်ပေးလိုက်ရဘူး။ နောက်နှစ်ကျရင်နှစ်ယောက်ထဲလုပ်ကြမယ်နော်"

"..."

"နောက်လ ၁၅ ရက်နေ့ဆိုရင်အလုပ်ထွက်တော့မှာမဟုတ်လား။ ကိုယ့်အိမ်ကိုဘယ်နေ့​ပြောင်းလာမှာလဲ"

"လာမယ်လို့မပြောထားမိပါဘူး"

"မင်းကတိပေးထားပြီးသားလေ"

"ကျွန်တော်ကတိမပေးခဲ့မိပါဘူး။ မင်းဘာသာလျှောက်ပြောနေလို့ ရွဲ့ပြောလိုက်တာမျိုးပါ"

"ကိုယ်လျှောက်မပြောပါဘူး၊ အတည်မေးခဲ့တာပါ။ မင်းလည်းလုပ်မယ်လို့ပြောခဲ့တာပဲ၊ လစာလည်းလွှဲပေးထားပြီးပြီလေကွာ"

"ဟင်"

"ငွေမစစ်ကြည့်ရသေးဘူးလား"

မေးလိုက်မှမျက်လုံးလေးအဝိုင်းသားနှင့် မော်ကွန်းဘက်ကိုလှည့်ကြည့်လာပြီး...။

"မသိဘူး၊ မစစ်ကြည့်မိဘူး"

"ဒါဆိုစစ်ကြည့်လိုက်အုံး၊ ပြီးမှဆက်ပြောကြတာပေါ့"

"ထည့်ပေးထားလည်းပြန်လွှဲပေးလိုက်မယ်။ ကျွန်တော်...ကျွန်တော်...အတူတူမနေနိုင်ပါဘူး၊ မဖြစ်နိုင်ပါဘူး"

"ဘာလို့လဲ၊ ဘာကမဖြစ်နိုင်တာလဲ"

"ဘာဆိုင်လို့လာနေရမှာလဲ၊ ဘာမှမဆိုင်ဘဲနဲ့မနေနိုင်ပါဘူး"

တိုက်ခန်းကိုပြန်လိုက်ပို့ပေးပါပြောတုန်းကဒီလေသံမဟုတ်၊ ခုတော့လေသံကဘောက်ဆတ်ဆတ်နှင့် စိတ်မရှည်သလိုအချိုးပြောင်းသွား၏။ မရရအောင်ခေါ်ရမှာကမော်ကွန်းအလုပ် မလိုက်ချင်လည်းအတင်းခေါ်ရတော့မှာပဲ။ နွေ့အတွက်အားလုံးပြင်ဆင်ထားပြီးမှ ဘယ်သူ့ကိုသွားခေါ်ရမှာလဲ။

"ဒါဆို အခုဆိုင်လိုက်ရင်လည်းရတာပဲလေ၊ မဟုတ်ဘူးလား"

"စကားကိုကောင်းကောင်းပြောပါ၊ မင်းအဆင့်အတန်းနဲ့ လမ်းဘေးကစကားမျိုးတွေလာမပြောပါနဲ့"

"လမ်းပေါ်မှာပဲစကားတွေပြောနေရတော့ လမ်းဘေးစကားတွေဖြစ်နေတာပေါ့ကွာ။ မင်းတိုက်ခန်းပေါ်လိုက်ပြီးတိုက်ခန်းစကားပြော​ကြမလား။ ဒါမှမဟုတ် ကိုယ်နေတဲ့ဟိုတယ်ကိုလိုက်ခဲ့လေ ဟိုတယ်စကားတွေပြောကြတာပေါ့"

"မင်း..."

မျက်နှာလေးကတည်တင်းသွားပြီး စိတ်တိုသွားဟန်လေးနဲ့တောက်တစ်ချက်ကိုမပီမပြင်ခေါက်ကာတစ်ဖက်လှည့်သွားချိန်အော်ရယ်မိသည်။ မော်ကွန်းဆီကရယ်သံကိုကြားလိုက်မှလှည့်လာပြီး မျက်မှောက်လေးကုတ်ကာကြည့်လာချိန် တောက်တစ်ချက်ကိုပီပီပြင်ပြင်ခေါက်ပြလိုက်မိတော့ ဆတ်ခနဲတုန်သွားတဲ့ကိုယ်လေးနဲ့ဘာများလဲဆိုတဲ့မျက်နှာပေးလေးကကြောက်ကြောက်လန့်လန့်။

"တောက်ဆိုတာဒီလိုပီပီသသခေါက်ရတယ်ဘေဘီရဲ့၊ ကတောက်ဆိုတာကဘာလဲ လျှာလိပ်သွားတာလား"

ထိုအခါမှမျက်နှာလေးရဲရဲနီသွားပြီး ရန်ထောင်လာ၏။

"တောက်ခေါက်တာများလာယှဉ်နေသေးတယ် အရူး၊ ပိုက်ဆံသာရှိတာကျပ်မပြည့်ဘူးထင်ပါရဲ့"

ဘယ်လိုပြောပြောချစ်စရာအသံနဲ့ဟန်လေးဖြစ်နေတော့ နွေ့အပြောတွေကြားအူမြူးလာ၏။ လူမှန်းသူမှန်းမသိအောင်သောက်ထားတာမျိုးမဟုတ်ပေမဲ့ မဆိုသလောက်လေးဝင်ခဲ့တော့အကြည့်တွေကရဲတင်းနေပြီး ထင်ရာစိုင်းချင်လာတဲ့စိတ်တွေကိုလည်းထိန်းနေရပြန်သည်။

အတင်းအကျပ်ဇွတ်လုပ်တာမျိုးမကြိုက်တာကိုသိနေတော့ ဇွတ်အတင်းမလုပ်ချင်ပြန်။ နွေ့မွေးနေ့လေးမှာတော့မငိုစေ့ချင်ပါ။

"နွေ"

"ဘာလဲ"

"ကိုယ်နည်းနည်းမူးနေတယ်၊ ဒါ့ကြောင့် စိတ်တိုလာအောင်မပြောရင်ကောင်းမယ်။ စိတ်တိုရင်အတင်းနမ်းမိလိမ့်မယ်နော်။ လိမ်လိမ်မာမာနေပါ ကြားလား"

ပြောလိုက်မှပဲကြောက်ရကောင်းမှန်းသိသွားသလို လူကိုအလွတ်မပေးသလိုစိုက်ကြည့်လာပြီး ကားထဲမှာဘာများတွေ့နိုင်မလဲဟိုဒီကြည့်နေတာကိုအမြင် မော်ကွန်းမျက်နှာပြုံးစိစိဖြစ်သွား၏။ ဒီလိုမျက်နှာပေးနဲ့အမူအယာတွေက တစ်ဖက်လူရဲ့စိတ်ကိုလွတ်ထွက်သွားစေနိုင်တယ်ဆိုတာ နွေကတော့သိမယ်မထင်။

"မူးနေရင်ဘာလို့ Driver ခေါ်မလာတာလဲ။ ကားကိုဂရုစိုက်ပြီးမောင်းပါ"

"စိုးရိမ်လို့လား အေးဆေးပါကွာ၊ မျက်စိမှိတ်ပြီးမောင်းပြရမလား"

"အပြန်ကျမှအိပ်ပြီးမောင်းသွား"

ရွဲ့ပြောလာတာကအိပ်ပြီးမောင်းသွားတဲ့။ နွေဘာပြောပြောမော်ကွန်းကတော့ရယ်ပဲရယ်နေမိသည်။ တည့်တည့်လည်းမဟုတ်ဘဲခိုးခိုးကြည့်နေတာကိုသိနေပါရက် မသိဟန်ဆောင်နေရတာလည်းအလုပ်တစ်ခု။ ဘေဘီလေးကခိုးကြည့်တော့လည်းရင်ခုန်နေမိတာပေါ့ဗျာ။

ဖြည်းဖြည်းမှန်မှန်မောင်းလာတဲ့ကားကနွေတို့တိုက်ခန်းရှေ့ရောက်ချိန် တစ်ဖက်ကားလမ်းဘေးမှာရပ်‌ပေးလိုက်တော့ ကားတံခါးဆွဲဖွင့်ပြီးဖွင့်မရတော့မှ...။

"တံခါးဖွင့်ပေးလေ"

"နေပါအုံး၊ ဘာတွေလောနေတာလဲကွာ"

နွေ့လက်ထဲကဗူးလေးကိုဆွဲယူလိုက်ပြီး ဆွဲကြိုးလေးကိုလည်ပင်းမှာဆွဲပေးလိုက်တော့လည်းငြိမ်သက်နေ၏။ ကြည်စင်နေတဲ့မျက်ဝန်းလေးတွေကိုငေးကြည့်ချင်ပေမဲ့ ကြည့်မိသွားရင်ဖြစ်လာမဲ့နောက်ဆက်တွဲတွေကိုလည်းမကျူးလွန်ချင်သေး။ ဒီနေ့တော့အေးအေးချမ်းချမ်းအိပ်စက်စေချင်ပါတယ်။

"လက်ဆောင်ကကျန်သေးတယ်၊ အခန်းထဲရောက်မှကြည့်နော်"

ပါကင်ထုတ်ထားတဲ့ခပ်ပြားပြားဗူးလေးကို နွေ့လက်ထဲထည့်ပေးလိုက်သည်။ ခေါင်းကိုငုံ့ချထားပြီး စင်းချထားတဲ့မျက်တောင်ကော့ကော့ကြီးတွေကလှုပ်လီလှုပ်လဲ့။ ဆံချည်မျှင်သွေးကြောနီနီစိမ်းစိမ်းလေးတွေကိုတောင်မြင်နေရတဲ့ကြည်လင်နေတဲ့ပါးပြင်လေးကို အသည်းယားစဖွယ်။

ကားခါးပတ်ကိုဆွဲဖြုတ်လိုက်ပြီးမှ နွေ့ကိုယ်လုံးလေးကိုအသာဆွဲပွေ့လိုက်မိချိန် မရုန်းမကန်ဘဲအလိုက်သင့်လေးပါလာ၏။ မျက်နှာလေးကိုဆွဲမော့လိုက်ချိန် ဘာလုပ်လုပ်ဆိုတဲ့မျက်နှာပေးလေးနဲ့ မျက်လုံးလေးတွေကိုမှိတ်ချလိုက်ပုံကဂရုဏာသက်ဖွယ်။

နဖူးပေါ်ကျဆင်းနေတဲ့ဆံစတွေကိုသပ်ဖယ်လိုက်ပြီးမှ နဖူးပြေပြေလေးကိုဖွဖွနမ်းလိုက်မိတော့ကိုယ်လေးတွန့်ခနဲဖြစ်သွားပြီး မျက်လုံးကိုတင်းတင်းမှိတ်ချလိုက်ပုံကကြောက်အားလန့်အား။

"ကိုယ်ကလူရမ်းကားဆိုပေမဲ့ လူယုတ်မာကြီးမဟုတ်ပါဘူးနွေရယ်၊ မကြောက်ပါနဲ့နော်"

"..."

"ဒါကမွေးနေ့လက်ဆောင်အနမ်းလေးလို့မှတ်"

နဖူးနဲ့ပါးပြင်နှစ်ဖက်ကို ဖွဖွနမ်းရှိုက်လိုက်ပြီးမှလွှတ်ပေးလိုက်တော့မယုံသလိုမျက်နှာလေးနဲ့မော့ကြည့်လာပုံကြောင့် လွတ်ချင်နေတဲ့စိတ်တွေကိုအားတင်းထိန်းချုပ်လိုက်ရင်း ကားထဲကနေမြန်မြန်ထွက်ခိုင်းလိုက်ရသည်။

"သွားတော့နော် Good Night Baby"

********************************************

Nway Hnaung Wathan

အခန်းထဲရောက်မှရေတစ်ခွက်ပြေးခတ်သောက်ပြီး လှုပ်ရှားနေသောစိတ်တွေကိုထိန်းသိမ်းလိုက်ရသည်။ ဘာလဲ လူကိုအတင်းအဓမ္မနမ်းတတ်တဲ့လူမဟုတ်တော့သလို ဒီတစ်ခါဘယ်လိုတွေလုပ်သွားပြန်တာလဲ။ နဖူးနှင့်ပါးပြင်နှစ်ဖက်ကိုဖွဖွထိကိုင်လိုက်ရင်းပြောခဲ့တဲ့စကားတွေကိုပြန်စဉ်းစားမိတော့ သူကလူယုတ်မာမဟုတ်ပါဘူး မကြောက်ပါနဲ့တဲ့။ ဒီတစ်ခါလည်းဘယ်လိုတွေလုပ်လိုက်အုံးမလဲအတွေးတွေနှင့် ထိတ်လန့်နေခဲ့တာအမှန်။ ခုတော့ အသည်းတအေးအေးဖြစ်သွားအောင်အနမ်းတွေကနုညံ့နေလိုက်တာ။

လက်ဆောင်ဗူးပြားလေးကိုဖွင့်လိုက်ချိန် မြင်လိုက်ရတာက ဓာတ်ပုံလေး ၃ ပုံနှင့်လက်ရေးစာလေးတစ်စောင်။ ဓာတ်ပုံလေးတွေထဲကအပေါ်ဆုံးပုံထဲတွင် လှပပြီးသစ်လွင်နေသော ၂ ထပ်ခွဲတိုက်အိမ်ကြီးတစ်လုံး။ နောက်တစ်ပုံမှာတော့စီရီနေသောသဇင်တိုင်တွေက ခုမှစစိုက်ထားပုံနှင့်ထိုတိုက်ကြီးဘေးတွင်လှလှပပရှိနေ၏။ နောက်ဆုံးတစ်ပုံမှာ အဆင့်အတန်းမြင့်မြင့်နှင့်လှပကျယ်ဝန်းတဲ့အိပ်ခန်းတစ်ခန်းပုံ။ ကျွန်းကုတင်ခံခံထည်ထည်ကြီး၏ခေါင်းရင်းဘက်မှာတစ်ဆက်ထဲပါရှိနေတာက စာအုပ်စင်ခပ်ကျယ်ကျယ်တစ်ခုနှင့်စာဖတ်မီးအိမ်လှလှလေး။

မော်ကွန်းရဲ့အိမ်ပုံ၊ သဇင်တိုင်တွေနှင့်ဝဿန်နေရန်အတွက် စီစဉ်ပေးထားသောအခန်းလေးမှန်းသိလိုက်ချိန် အတွင်းကလီစာတွေတဒိန်းဒိန်းခုန်လှုပ်လာတာများ နှုတ်ဖျားကနေခုန်ထွက်လာတော့မလားတောင်ထင်လိုက်မိသည်။ သူ့ဘက်ကဒီလိုတွေစီစဉ်ထားပြီးကြောင်းအသိပေးလာခြင်းကဝဿန့်ဘက်မှာငြင်းဆန်စရာအကြောင်းမရှိတော့ဘူးဆိုတာကို ကြိုတင်ပြောပြလိုက်တာပဲ။ 

ဒီလောက်တောင်စီစဉ်ထားပြီးမှ ဘာကြောင့်နှုတ်ဖျားကနေဖွင့်ပြောမလာသေးတာလဲမော်ကွန်းရယ်။ ဝဿန်က ရင်ထဲရှိတဲ့အတိုင်းဖွင့်ပြောဖို့မထိုက်တန်အောင်နိမ့်ကျနေလို့လား အရေးမပါလို့လား။ ဒါမှမဟုတ်ယောက်ျားချင်းဖြစ်နေလို့ သာမာန်ချစ်သူတွေလိုဖွင့်မပြောနိုင်တာမျိုးလား။ မလိုအပ်ဘူးလို့ထင်နေတာလား။ ဓာတ်ပုံလေးတွေကိုအထပ်ထပ်အခါခါကြည့်နေပြီးမှ စာအိတ်ဖြူဖြူလေးထဲကစာရွက်လေးကို ရင်တထိတ်ထိတ်နှင့်ထုတ်ဖတ်လိုက်မိသည်။

နွေ...

အိမ်လေးကလည်းအဆင်သင့်ဖြစ်နေပြီ။ သဇင်တိုင်လေးတွေကလည်း ပိုင်ရှင်ကိုစောင့်နေသလို နွေ့အတွက်ရည်ရွယ်ပြီးပြင်ဆင်ထားတဲ့အခန်းလေးလည်း လှလှပပလေးပြီးစီးသွားပါပြီ။ ပိုပြီးပြည့်စုံအောင်ပြောပြရရင် တစ်ခြံလုံးမြက်ခင်းစိမ်းစိမ်းလေးတွေစိုက်ထားပြီး ခြံပတ်ပတ်လည်မှာလည်း တရုတ်စကားပင်လေးတွေအများကြီးစိုက်ထားပြီးပါပြီ။

ပန်းတွေအများကြီးပွင့်နေပြီ၊ ကြွေကျနေတာဖွေးနေတာပဲ။ တစ်ယောက်ယောက်လာကောက်မလားလို့မျှော်နေကြမလားမသိဘူးနော်။ မေးချင်တယ် နွေကိုယ်တိုင်သုပ်ကျွေးမဲ့တရုတ်စကားပွင့်သုပ်လေးကိုဘယ်တော့စားရမှာလဲ။

ကိုယ့်ခြံလေးက အင်လျားကန်ဘောင်ကိုကျောပေးဆောက်ထားတော့ အားလပ်ချိန်တွေဆိုရင်ကန်စပ်မှာထိုင်ပြီး သိပ်လှတဲ့ရှု့ခင်းတွေကိုထိုင်ငေးနေလို့လည်းရတယ်။ နွေပျင်းရင်စီးဖို့ လှေလေးတစ်စီးလည်းအသင့်ရှိနေတယ်။

သဇင်တွေစိုက်ရင်းပျင်းတဲ့အခါမှာ အတူတူဆော့ဖို့မွေးပေးထားတဲ့ခွေးနှစ်ကောင်ကတော့ လကုန်မှရောက်လာလိမ့်မယ်။ သူတို့ကသိပ်အဆော့သန်တဲ့ Husky အမျိုးအစားမို့ နွေ့ကိုခင်သွားဖို့ရက်သိပ်လိုမယ်မထင်ပါဘူး။ ကိုယ်အလုပ်သွားတဲ့အချိန်တွေမှာ သူတို့စုံတွဲကနွေ့ကိုအဖော်ပြုပေးပါလိမ့်မယ်။

ကိုယ့်အခန်းကအပေါ်ထပ်မှာပါ။ နွေ့အခန်းကိုအောက်ထပ်မှာသီးသန့်ပြင်ထားပေးတယ်။ နွေလိုချင်တဲ့ကုတင်ပုံကဒီလိုလေးဆိုတာမှန်ရဲ့လား။ အတတ်နိုင်ဆုံး အနီးစပ်ဆုံးဖြစ်အောင်ပြင်ဆင်ပေးထားတယ်။ အတွင်းအပြင်အဆင်နဲ့ နွေ့အတွက်စီစဉ်ထားတာတွေလည်းအများကြီးရှိပါသေးတယ်။ ရောက်လာမှကြည့်ပေါ့။

ကြိုပြောထားချင်တာက သိပ်လည်းမကြောက်ပါနဲ့၊ အတူတူနေမယ်ဆိုတာကသူငယ်ချင်းလိုပါ အများကြီးမတွေးလိုက်ပါနဲ့။ ကိုယ်ကတစ်ယောက်ထဲနေရမှာဆိုတော့ နွေ့ကိုအနားမှာခေါ်ထားချင်လို့ပါ။ ငြင်းလို့မရတော့ဘူးဆိုတာကိုသဘောပေါက်ရင် လကုန်တာနဲ့အိမ်ပြောင်းဖို့အတွက်ပြင်ဆင်ထားလိုက်ပါ။

ငြင်းမယ်လို့တော့မကြံလိုက်နဲ့။ ဗိုလ်ချုပ်ပြောခဲ့တဲ့စကားလို ကောင်းကောင်းတောင်းလို့ရရင်ရ မရရင်တော့လုရတော့မှာပဲ။ မော်ကွန်းလိုချင်တယ်ဆိုရင် ဘာမဆိုဖြစ်အောင်လုပ်တတ်တာကိုသိတယ်မဟုတ်လား။ တိုက်ပေါ်တက်ပြီးဆွဲခေါ်မခံချင်ရင် ပြောစကားကိုကောင်းကောင်းနားထောင်ပါ။

လန်ဒန်မှာကျောင်းသွားတက်ချိန်တုန်းက ကဗျာတစ်ပုဒ်ရေးခဲ့ဖူးတယ်။ ကြာတော့ကြာနေခဲ့ပါပြီ။ နွေ့မွေးနေ့မှာအမှတ်တရလက်ဆောင်အနေနဲ့ပေးလိုက်တယ်။ သဘောကျမယ်လို့ယုံကြည်ပါတယ်။

"ဟန်ဆောင်ခြင်း"

ရင်တွင်းကမြင်ကွင်းတစ်ခုကို
ဖောက်ထွင်းကာကြည့်လိုက်မိတော့
တစ်ခါတစ်လေမှာသေချာမှုတွေက
မရေရာမှုတွေဖြစ်သွားတယ်။

သိစိတ်ထက်မသိစိတ်ကပို
ရှိစိတ်ထက်မရှိစိတ်ကပိုနေတော့
လွဲမှားမှုတွေကအခါခါ...

ပြင်ပကဟန်ပြချက်ကို
ဟန်ဆောင်မှုမျက်နှာဖုံးအောက်
ဖုံးဖိကာထားကြည့်ပေမဲ့
ရုန်းထွက်လွတ်မြောက်အောင်
ပျံသန်းသွားနိုင်ဖို့တော့အခက်သား...

#မော်ကွန်း

**********************************************

2004 April

မင်္ဂလာနေ့ရက်လေးပါမော်ကွန်းရေ...

နွေနေကောင်းသွားပါပြီ။ နေကောင်းကောင်းချင်းစာထိုင်ရေးလိုက်တာပါ။ မော်ကွန်းရောနေကောင်းရဲ့လား တုတ်ကွေးတွေတအားဖြစ်နေတယ်နော်။ ကျန်းမာရေးကိုဂရုစိုက်။ နွေတို့အိမ်မှာတော့တုတ်ကွေးကလူစေ့အောင်နှုတ်ဆက်ပြီးမှ ပြန်ထွက်သွားပါပြီ။ နွေကတော့နောက်ဆုံးပိတ်အိတ်နဲ့လွယ်ဆိုသလိုဖြစ်သွားသလားမသိပါဘူး။ လူလည်းအီစလံဝေသွားတာပဲ။

နေကောင်းခါစဆိုတော့ ပါးစပ်ကပျက်နေတယ်။ ဘာစားစားအရသာမရှိဘူးဖြစ်နေတာပေါ့။ မော်ကွန်းစာထဲမှာမကြာမကြာပါတတ်တဲ့ တောင်ငူတို့ဟူးသုပ်ချဉ်ငံစပ်လေးစားလိုက်ရရင်တော့ ခံတွင်းလိုက်သွားမယ်ထင်ပါရဲ့။ တို့ဟူးသုပ်ကိုကြိုက်တယ်ပြောလို့ နွေကြိုက်တဲ့အသုပ်လေးကိုလည်းပြောပြရအုံးမယ်။ နွေကတရုတ်စကားပွင့်သုပ်ကြိုက်တယ်။ အရင်ကသုပ်စားလို့ရမှန်းမသိခဲ့ပါဘူးမော်ကွန်းရယ်။ ၈ တန်းနှစ်တုန်းက စစ်ကိုင်းဆွမ်းဦးပုညရှင်ကိုသွားဖူးခဲ့တယ်။ ဆွမ်းဦးတောင်မှာအသုပ်တွေအများကြီးရောင်းတယ်လေ။ အဲထဲကမှတရုတ်စကားပွင့်သုပ်လေးစစားခဲ့မိတယ်။ နွေသိပ်ကြိုက်သွားတာပေါ့။

အိမ်မှာတော့တရုတ်စကားပင်မရှိပါဘူး။ နွေတို့စာအုပ်သွားငှားတဲ့ဆိုင်ဘေးကခြံမှာ တရုတ်စကားပင်ကြီးတစ်ပင်ရှိတယ်။ မနက်ပိုင်းဆိုရင်ဖွေးနေအောင်ကြွေကျနေတာ။ မမကြီးနဲ့ဈေးလိုက်သွားရတဲ့ရက်တွေနဲ့ကြုံရင် နိုင်သလောက်ကောက်ခဲ့မိတာပဲ။ ပြီးရင်ရေနွေးနဲ့ပြုတ်ပြီးဆီချက်လေး မြေပဲလှော်လေးနဲ့သုပ်စားလိုက်တာ။ ခုတော့ပန်းတွေပွင့်တာမတွေ့တော့ဘူး။ တရုတ်စကားပွင့်သုပ်လေးလည်းမစားရတာကြာနေပြီ။ မော်ကွန်းတို့ဆီမှာရောသုပ်စားတတ်ကြလားဟင်။

ဪ ရေးနေရင်းနဲ့အသုပ်အကြောင်းရောက်သွားပြန်ပြီ။ မော်ကွန်းတော့ နွေ့စာဖတ်ရတာအရူးစာဖတ်နေရသလိုများထင်နေပြီလားမသိပါဘူး။ ဒါပေမဲ့မှတ်ထားနော် မော်ကွန်းကတို့ဟူးသုပ်ကြိုက်တယ် နွေကတရုတ်စကားပွင့်သုပ်ကြိုက်တယ်။

မော်ကွန်းရေ...နေမကောင်းဖြစ်တဲ့အချိန်မှာလေ မွမ်းကျပ်လွန်းတဲ့မြို့ပြကနေ အေးချမ်းတိတ်ဆိတ်တဲ့နယ်မြို့လေးမှာသွားနေချင်မိသား။ ခုတော့ ကားသံလူသံတညံညံနဲ့စိတ်တွေလည်းမအေးချမ်းနိုင်ပါဘူး သိပ်ပြီးမွမ်းကျပ်တာပဲ။ မော်ကွန်းတို့မြို့လေးကိုလာလည်ချင်သား။ တစ်နေ့နေ့တော့လာခွင့်ကြုံမှာပါလေ။ နွေလာရင်မြို့အနှံ့လိုက်ပို့ပေးမယ်မဟုတ်လား။

ဒါနဲ့ မော်ကွန်းကဗျာလေးမဂ္ဂဇင်းထဲပါလာပြန်ပြီနော်။ ဒီကဗျာလေးကိုလည်းနွေသိပ်ကြိုက်တာပဲ။ မော်ကွန်းကတော်လိုက်တာ။ နွေကတော့တစ်ခါပဲပါပြီး ခုထက်ထိအရွေးမခံရသေးဘူး။ နေမကောင်းတာတစ်ပတ်ကျော်ကြာတော့ ကဗျာတွေလည်းမရေးဖြစ်ပါဘူး။ စာတောင်ကောင်းကောင်းမဖတ်နိုင်ဘူး။ မော်ကွန်းရောဘာစာအုပ်တွေဖတ်ဖြစ်သေးလဲဟင်။ ကောင်းတာလေးတွေ့ရင်ပြောပြအုံးနော်။

ဟိုတစ်နေ့က မကိုဋ်ရယ်ပန်းဆိုးတန်းဘက်ရောက်လို့တဲ့၊ နွေ့အတွက်ဆရာမဂျူးရဲ့အမှတ်တရစာအုပ်အဟောင်းလေးဝယ်လာပေးတယ်။ မော်ကွန်းကြိုက်ရင်လက်ဆောင်ပေးမယ်လေ။ မော်ကွန်းပို့လိုက်တဲ့ နှလုံးသားအဟာရစာအုပ်လေးကိုနွေသိပ်ကြိုက်ပါတယ်။ တိုတိုလေးနဲ့ထိထိမိမိရေးထားတဲ့တစ်မျက်နှာဇာတ်လမ်းလေးတွေက သိပ်အနှစ်သာရရှိတာပဲ။ လက်ဆောင်ကောင်းလေးအတွက်သိပ်ကျေးဇူးတင်ပါတယ်။

မော်ကွန်းရေ...သိပ်မကြာခင်သဇင်ဥတွေရောက်လာတော့မယ်။ မိုးစကျတော့မယ်ဆိုရင် သဇင်တွေစိုက်ရတော့မယ်။ ကျောင်းကလည်းမဖွင့်သေးတော့ မမကြီးကိုကူရတော့မှာပေါ့။

နွေတို့ခြံကကျယ်ပေမဲ့ သဇင်တိုင်နဲ့ပိန်းပင်တွေများတော့မြေလွတ်သိပ်မရှိပါဘူး။ နွေကလေ...ခြံကျယ်ကျယ်မှာမြက်ခင်းစိမ်းစိမ်းလေးတွေနဲ့နေချင်တာ။ အရင်ကတော့ခြံကကျယ်ပါတယ်။ သဇင်တိုင်တွေတိုးစိုက်တိုးစိုက်နဲ့ ခုဆိုမြေလွတ်တောင်သိပ်မရှိချင်တော့ဘူး။

မော်ကွန်းစိတ်ထဲမှာဘယ်လိုအိမ်မျိုးနဲ့နေချင်လဲဟင်။ နွေကတော့ မြက်ခင်းစိမ်းစိမ်းလေးတွေအပြည့်ခင်းထားတဲ့ခြံအကျယ်ကြီးနဲ့နေချင်တယ်။ ပြီးရင် ခြံပတ်ပတ်လည်မှာတရုတ်စကားပင်လေးတွေစိုက်ချင်တယ်။ တရုတ်စကားပွင့်လေးတွေက အနံ့လေးလည်းမွှေးသလို သုပ်စားလို့လည်းရတယ်လေ နော်။

အခန်းကျယ်ကျယ်တစ်ခန်းလည်းလိုချင်တယ်။ အခုနွေနေရတဲ့အခန်းလေးက ကုတင်ရယ်စာကြည့်စားပွဲရယ် ဗီဒိုတစ်လုံးနဲ့တင်ပြည့်နေပြီ။ နွေထားချင်တဲ့စာအုပ်စင်လေးတောင်ထားလို့မရပါဘူး။ ကိုယ်ပိုင်အိမ်လေးရှိလာရင်တော့ စာကြည့်ခန်းလေးသတ်သတ်ထားချင်တယ်။ ဒါမှနွေ့စာအုပ်လေးတွေအသက်ဝဝရှူနိုင်မှာ။ ခုတော့ကျွတ်ကျွတ်အိတ်တွေထဲမှာ အသက်ရှုကျပ်နေပြီထင်ပါရဲ့။ ဒီကြားထဲခြတွေရဲ့ရန်ကိုလည်းကြောက်ရသေး။

နိုင်ငံခြားဇာတ်ကားတစ်ကားထဲမှာ ကုတင်နဲ့တွဲလျှက်စာအုပ်စင်လေးပါတာကိုတွေ့လိုက်တယ်။ နွေကအိပ်ခါနီးတိုင်းစာဖတ်တတ်တဲ့အကျင့်ရှိတယ်။ ခေါင်းရင်းမှာစာအုပ်စင်အသေးလေးတစ်ခုပါရင် ဖတ်ချင်တဲ့အချိန်ဆွဲယူဖတ်လိုက်ရုံပဲနော်။ နွေကတော့ရတဲ့မုန့်ဖိုးတစ်ဝက်လောက်ကိုစာအုပ်ဝယ်တဲ့နေရာမှာသုံးပါတယ်။ စာအုပ်တွေကိုလည်းသိပ်ချစ်တာပဲ။

တောင်ငူမှာရှာမတွေ့တဲ့စာအုပ်တွေရှိရင်နွေ့ကိုပြောနော်။ နွေကတစ်လနှစ်ကြိမ်လောက်ပန်းဆိုးတန်းကစာအုပ်အဟောင်းတန်းတွေဘက်ကိုရောက်တတ်ပါတယ်။ လိုချင်တဲ့စာအုပ်တွေကများတော့ ထွက်တိုင်းဝယ်ရရင်လည်းမွဲတော့မယ်။

ဒါ့ကြောင့် အဟောင်းလေးတွေထဲကလိုက်ရှာပြီးစုတတ်တယ်။ ရှာရင်ရှာနိုင်သလို အဟောင်းထဲကအကောင်းလေးတွေတွေ့တတ်တယ်။ အားမနာနဲ့နော် နယ်ထက်စာရင်ရန်ကုန်မှာက စာအုပ်အဟောင်းတွေပိုစုံတယ်။

နွေ့ကိုသူငယ်ချင်းတစ်ယောက်လို့သတ်မှတ်ရင် အားမနာတမ်းရှာခိုင်းလို့ရပါတယ်နော်။ နွေလိုချင်တဲ့စာအုပ်လေးတွေရှိရင်လည်းပြောမယ်နော်။ တောင်ငူမှာတွေ့ရင်ဝယ်ပို့ပေးမယ်မဟုတ်လား။ ကျောင်းတွေဖွင့်ရင်လည်း အဆက်အသွယ်မပြတ်ကြေးနော်။ နွေကတော့ တစ်ပတ်တစ်စောင်ရေးနိုင်ပါတယ်။ မော်ကွန်းဆီကစာတွေကိုလည်းမျှော်နေပါတယ်။

မော်ကွန်းအပျင်းပြေဖို့ မေးခွန်းလေးတွေမေးလိုက်တယ်။ မြန်မာနိုင်ငံထဲမှာရှိတဲ့မြို့နာမည်လေးတွေကို ညဏ်စမ်းအနေနဲ့မေးလိုက်တာပါ။ ကလေးဆန်လိုက်တာလို့မထင်လိုက်ပါနဲ့။ နွေနဲ့မကိုဋ်ကတော့ တစ်ယောက်နဲ့တစ်ယောက်ပြန်မေးရင်းရယ်နေရတယ်။

မော်ကွန်းဘာသာစဉ်းစားပြီးဖြေနော်။ သူများကိုမမေးပါဘူးလို့ကတိပေး။ အဖြေကိုပြန်စာရေးတဲ့အခါထည့်ရေးပေးလိုက်။ အားလုံးမှန်ရင်မော်ကွန်းလိုချင်တဲ့စာအုပ်တစ်အုပ်ဆုချမယ်။ ကဲ ဖြေကြည့်လိုက်ပါအုံး။

၁။ မြစ်အဖေကြီးနဲ့မြစ်အမေကြီးကမွေးတဲ့မြို့

၂။ စွပ်ပြုတ်လုပ်သောက်လို့ရတဲ့မြို့

၃။ ကလီစာတွေအူတွေအခွေလိုက်ရှိနေတဲ့မြို့

၄။ လူကြီးမဖြစ်သေးတဲ့မြို့

၅။ သကြားချက်ရင်အဆင်ပြေတဲ့မြို့

၆။ ဆင်တွေ က,တဲ့မြို့

၇။ စိုစိုပြေပြေမရှိတဲ့မြို့

၈။ ကျန်စစ်သားမိန်းမနာမည်နဲ့မြို့

၉။ ဖားကောက်ခိုင်းတဲ့မြို့

၁၀။ လေဘေးထည်မြို့

၁၁။ မိန်းမမှာညီမတွေရှိရင် သတိထားပေးရော့ဆိုတဲ့မြို့

၁၂။ ကိုယ်တော်ခံတဲ့ဆွမ်းက အရနည်းတာဒါ့ကြောင့်ကိုး ဆိုတဲ့မြို့

၁၃။ အဲ့ဒီ့မြို့ကပြောင်းပြန်လှန်လိုက်ရင် တော်တော်ရုပ်ဆိုးတဲ့ငှက်ကြီးဖြစ်သွားရော

၁၄။ လျှာမထိအာမထိတဲ့မြို့

၁၅။ ရုံးသွားကျောင်းသွားသတိထား ဒါတွေယူကွဲ့မမေ့နဲ့

၁၆။ အဲ့မြို့ကရွာလိုက်တာမှသည်းကြီးမည်းကြီးတဲ့

၁၇။ ဝိုးတိုးဝါးတားပဲမြင်ရတဲ့မြို့

၁၈။ ဒီနေ့ည ငါတို့တပ်ရင်းစောင့်ရမဲ့အလှည့်မဟုတ်ဘူးဆိုတဲ့မြို့

၁၉။ ဟင်္သာဖိုကြီးဟင်္သာမကိုကျောပိုးထားတဲ့မြို့

၂၀။ အကောင်းဆုံးအသီးနာမည်နဲ့မြို့

ခင်မင်စွာဖြင့်
#နွေနှောင်း

.
With Love
HSY
1.8.2022

ကဲ စောစောရေးပြီးလို့စောစောတင်ပေးလိုက်ပြီနော်။ ဒီနေ့ ၁ ရက်နေ့မှာတိုက်တိုက်ဆိုင်ဆိုင်မွေးနေ့ကျရောက်တဲ့စာချစ်သူညီမလေးအတွက် မွေးနေ့လက်ဆောင်လေးလို့မှတ်ပေးပါရှင်။ အရှည်ကြီးလည်းရေးပေးလိုက်ပါတယ်။

နောက်ဆုံးမှာရေးထားတဲ့စာလေးက နွေနဲ့မော်ကွန်းခင်ကာစမှာ နွေရေးလိုက်ဖူးတဲ့စာလေးလို့ သိကြလိမ့်မယ်ထင်ပါတယ်။ မော်ကွန်းကနွေ့ကိုသိပ်ချစ်ပါတယ်နော်။ သူချစ်တာကိုပြောမပြတတ်လို့ပါ။ နွေကကျသိပ်ကိုအယုအယခံချင်ပြီး သိပ်ကိုရိုချင်သူပါ။ မော်ကွန်းကတော့လက်တွေ့သမားမို့တစ်ခါတစ်လေ လွဲနေတတ်တယ်။

Next Update က ၅ ရက်နေ့မှာပါရှင်

Continue Reading

You'll Also Like

784K 20.8K 43
Limited Time SALE: 40% off! Unlock the next part for 3 Coins or the whole story for 30 Coins only until May 5. While moonlighting as a stripper, Emer...
1.1K 52 5
Hope you enjoy TvT THIS IS FOR ENTERTAINMENT PURPOSES PLEASE DO NOT HATE THIS SHIP OR THE CREATOR!! THANK YOU!
907K 21.8K 43
When young Diovanna is framed for something she didn't do and is sent off to a "boarding school" she feels abandoned and betrayed. But one thing was...
546K 18.5K 49
Ember DeLoughrey runs into a bit of bad luck when she encounters the infamous Joker amidst his escape from Arkham. Her luck improves when the man dec...