Nway Hnaung Wathan
သူဌေးမရောက်ခင် ရှုတ်ခဲ့ရတဲ့အလုပ်တွေက သူဌေးရောက်လာရင်တော့ ပြီးလောက်မယ်ထင်ခဲ့ပေမဲ့ တစ်ရုံးလုံးရှုတ်ယှက်ခတ်အောင်ဖြစ်ရတော့မယ်လို့ ထင်မှတ်မထားခဲ့ပါ။
ဌာနတစ်ခုချင်းစီအလိုက် လုပ်ဆောင်ရမဲ့တာဝန်တွေနဲ့စီမံချက်တွေဟာ နွေခေါင်ခေါင်မှာရုတ်တရက်ရွာချလိုက်တဲ့မိုးလို တဖျောဖျောကျဆင်းလာပါတော့တယ်။
ဌာနအလိုက် ပြုပြင်ပြောင်းလဲခြင်းများအပြင် ကုမ္ပဏီအဆောက်အဦးပါမကျန်ပြင်ဆင်နေရပါတော့၏။ ဝဿန်တို့ဌာနကတော့ ထမင်းတောင်အပြေးအလွှားစားရအောင်အလုပ်တွေများနေခဲ့၏။
ဒီကြားထဲ ရာထူးအပြောင်းအလဲတွေကရုတ်တရက်ပေါ်လာပြန်တော့ ဝန်ထမ်းတွေမှာရှော့ရိုက်ခံလိုက်သလို အံ့အားသင့်သွားရပါတော့တယ်။
ဟိုယောင်ယောင် ဒီယောင်ယောင်ဖြစ်နေခဲ့တဲ့ Purchaser ကိုအေးလွင်တစ်ယောက် ညွှန်ကြားချက်တွေတစ်လှေကြီးနဲ့ ရန်ကုန်မြို့ကရှိရှိသမျှဆောက်လုပ်ရေးပစ္စည်းဆိုင်တွေနဲ့ ကုမ္ပဏီကြီးတွေဆီသွားပြီး ကမ်းလှမ်းမှုတွေလုပ်ခဲ့ရတယ်။
အင်ယာဌာနမှာလည်း ရာထူးအတက်အကျတွေရှိလာသလို ဝဿန်တို့ရုံးဝန်ထမ်းတွေဘက်မှာလည်း ရာထူးတက်သူကတက် ဌာနပြောင်းသူကပြောင်းနဲ့ HR အတွက်နားချိန်မရှိအောင်ဖြစ်ခဲ့ရတယ်။
သက်သာရာ သက်သာကြောင်းနေနေတဲ့အပျိုကြီးခမျာလည်း အစည်းအဝေးတင်မက သူဌေးရုံးခန်းထဲကိုဝင်ချည်ထွက်ချည်နဲ့ထိုင်ရတယ်ကိုမရှိတော့ပါ။
HR လုပ်သက်အနှစ် ၂၀ ကျော်ကြာခဲ့တဲ့အပျိုကြီးရဲ့အရည်အချင်းတွေက ဒီသူဌေးနဲ့တွေ့မှပဲ ထုတ်ဖော်ပြသခွင့်ရသွားသလို အလုပ်လုပ်နိုင်စွမ်းတွေကလည်း အသိအမှတ်ပြုလောက်စရာဖြစ်ခဲ့တယ်။
အပျိုကြီးမမတစ်ယောက် သူဌေးရောက်ပြီးတစ်လမပြည့်ခင်မှာ HR မန်နေဂျာရာထူးကနေ HR & Admin Manager ရာထူးကို ခန့်ခန့်ကြီးရရှိလိုက်ပါတော့တယ်။
ဝဿန်တို့ဌာနအတွက် အမျိုးသားဝန်ထမ်းတစ်ဦးနဲ့အမျိုးသမီးဝန်ထမ်းငယ်တစ်ဦးကိုထပ်မံခေါ်ယူခဲ့ပြီး ဝန်ထမ်းရေးရာကိစ္စတွေကို စနစ်ကျကျကြီးကြပ်စေခဲ့တယ်။
ရုံးဝန်ထမ်းများအတွက် ဖယ်ရီစီစဉ်ပေးရခြင်း၊ နေ့လည်စာစီစဉ်ပေးရခြင်းနဲ့ ကုမ္ပဏီပိုင်ကားတွေစီမံအုပ်ချုပ်ခွင့်ကို HR အမျိုးသားဝန်ထမ်းသစ်က တာဝန်ယူခဲ့ရတယ်။
ဝဿန့်ကတော့ HR Manager ရာထူးကိုရရှိခဲ့ပြီး လက်အောက်ဝန်ထမ်းသုံးယောက်နဲအတူ ဝန်ထမ်းရေးရာတွေကိုတိတိကျကျစီမံနေရပါတော့တယ်။
Account ဌာနမှာလည်း ဝန်ထမ်းသစ်တွေထပ်ခေါ်ယူခဲ့ပြီး စာရင်းတွေကိုလည်းဆိုင်ရာဆိုင်ရာခွဲဝေပေး၏။ အင်ယာဌာနမှာတော့ အပြောင်းအလဲတွေက များစွာဖြစ်ခဲ့ပါတော့တယ်။
"ကိုနိုင်ကရာထူးမပြောင်းလို့ဝမ်းသာနေတုန်း သူ့အထက်မှာတစ်ယောက်ရောက်လာတော့ အီးပိတ်နေတယ်တဲ့"
"မကျေနပ်လည်းမတတ်နိုင်ဘူးလေ။ Organization Chat အရ ဖြစ်သင့်ဖြစ်ထိုက်တယ်ထင်လို့ သူဌေးကတာဝန်တွေခွဲပေးထားတာပဲ။ သူဌေးလိုလူမျိုးကရုံးမှာတစ်ပတ်လောက်ထိုင်လိုက်တာနဲ့ ဘယ်ဝန်ထမ်းက ဘယ်လိုအရည်အချင်းရှိတယ်ဆိုတာကို မသိဘဲနေပါ့မလား"
ရာထူးအပြောင်းအလဲတွေကြား ကျေနပ်တဲ့လူတွေရှိသလို နင်နေသူတွေလည်းရှိခဲ့တယ်။ တစ်ချို့ဆိုရင် အလုပ်ကနေထွက်သွားလို့ အလုပ်သမားဥပဒေအရ လစာတွက်ချက်ပြီးညှိယူခဲ့ရတာတွေလည်းရှိခဲ့တယ်။
အလုပ်သမားရုံးနဲ့ချိတ်ဆက်ပြီး Labour Contract ချုပ်ဆိုရန်ကိစ္စတွေက အရေးတကြီးကိစ္စဖြစ်လာပြန်တယ်။
ကိုနိုင်က အင်ဂျင်နီယာတွေအားလုံးရဲ့အချုပ် Project Manager ရာထူးကနေမပြောင်းလဲခဲ့ပေမဲ့ ကိုနိုင့်အထက်မှာ Area Manager ဆိုပြီး ကိုဇော်လင်းထွေးကရောက်လာတယ်။
အရင်လိုဆောက်လုပ်ရေးလုပ်ငန်းအားလုံးကို ကိုနိုင်တစ်ယောက်ထဲမကိုင်ရတော့ဘဲ ကိုနိုင်နဲ့ရာထူးတူတဲ့ Project Manager ၃ ဦး မန္တလေးကနေရောက်လာပြန်တော့ ကိုနိုင်နင်ပြီပေါ့
Site အလိုက် အင်ဂျင်နီယာအကြီးတန်း အငယ်တန်းတွေကို သူ့ Site နဲ့သူတာဝန်ခွဲဝေပေးခဲ့ပြီး ကုမ္ပဏီအကြီးစားကြီးတစ်ခုလို Organization structure ကိုပြန်လည်ဖွဲ့စည်းလိုက်ပြန်တယ်။
Planning Engineer, Quantity Control Engineer, Estimate Engineer, Site Engineer စတဲ့ အရင်ကရေရေရာရာမရှိတဲ့ရာထူးတွေအတွက် တတ်ကျွမ်းနားလည်တဲ့ဝန်ထမ်းသစ်တွေကို ထပ်မံခေါ်ယူခဲ့၏။
ဝန်ထမ်းသစ်ခေါ်ဆိုတဲ့ကိစ္စမှာတော့ ဝဿန်မပါခဲ့ရပါဘူး။ သူဌေး၊ HR မမ၊ ဦးထွန်း၊ ဦးရဲနဲ့ ကိုထွေးတို့ငါးဦးကသာ ဒိုင်ခံအင်တာဗျူးထိုင်ပြီး စိတ်ကြိုက်ရွေးချယ်ခဲ့ကြတယ်။
ဝဿန်ကတော့ ရုံးပိုင်းဆိုင်ရာစာရွက်စာတမ်းတွေကို အချိန်နဲ့တပြေးညီထုတ်ပြန်ပေးခဲ့ရပြီး ဝန်ထမ်းအဝင်အထွက်စာရင်းကို Update လုပ်ခဲ့ရသလို ထပ်တိုးလုပ်ဆောင်ရန်တွေကြား လှုပ်တောင်မလှုပ်နိုင်တော့ပါ။
ဒီလကုန်မှာစပြီး ပြေးဆွဲရတော့မဲ့ဖယ်ရီ ၂ စီးအတွက် ဝန်ထမ်းတွေရဲ့နေရပ်လိပ်စာကိုကြည့်ပြီး သင့်တော်သလိုလမ်းကြောင်းဆွဲပေးနေစဉ်...။
"အစ်ကို၊ ထမင်းဆိုင်ပိုင်ရှင်က အစ်ကိုနဲ့ဖုန်းပြောချင်လို့တဲ့"
လဲဆွေကလာပြောတော့ ဖုန်းကိုထကိုင်ရပြန်တယ်။
လောလောဆယ်ကုမ္ပဏီအနေနဲ့
ချက်ပြုတ်ပြင်ဆင်ပေးဖို့က ဘယ်လိုမှမဖြစ်နိုင်သေးပါ။ နာမည်ရထမင်းဆိုင်တွေကို တစ်ဆိုင်ချင်းလိုက်ကြည့်ပြီးကမ်းလှမ်းခဲ့ရ၏။
အရသာလည်းရှိ သတ်မှတ်ထားတဲ့ဘက်ဂျက်နဲ့ ချက်ပြုတ်ပြင်ဆင်ပေးနိုင်မဲ့ထမင်းဆိုင်နဲ့ချိတ်ဆက်မိဖို့က မလွယ်ခဲ့ပါဘူး။
အခုတော့ ဝဿန်လိုချင်တဲ့အချက်အလက်တွေကို လက်ခံနိုင်တဲ့ Owner ကဆက်သွယ်လာပါပြီ။ အကြမ်းမျဉ်းသဘောတူညီချက်ရရှိပြီး ရုံးကိုလာခဲ့ရန်ချိန်းဆိုပြီးမှ ကြိုတင်ပြင်ဆင်ထားတဲ့စာရွက်တွေကို Copy ကူးပြီး ဝန်ထမ်းတစ်ယောက်ချင်းစီကို ချက်ချင်းဖြည့်ခိုင်းရ၏။
နေ့လည်စာထမင်းဗူးက ရုံးထိုင်ဝန်ထမ်းတွေအတွက်ပါ။ အပြင်မှာအနေများတဲ့အင်ဂျင်နီယာတွေကတော့ စရိတ်သတ်မှတ်ပြီး တစ်လချင်းထုတ်ပေးရပါမည်။
ရုံးဝန်ထမ်းတွေအတွက် စားတဲ့အသား မစားတဲ့အသား စတဲ့အချက်အလက်တွေကို ကြိုတင်စာရင်းကောက်ဖို့လိုလာ၏။
လောလောဆယ်တော့ ထမင်းဆိုင်နဲ့ ၃ လစာချုပ်ချုပ်မယ်။ အဆင်ပြေရင် ဆက်ပြီးလက်တွဲမှာဖြစ်သလို အဆင်မပြေတော့လည်း နောက်တစ်ဆိုင်ပြောင်းရတော့မှာပေါ့။
"လဲ့ဆွေ ဒီစာရွက်တွေထဲမှာသေချာဖြည့်ခိုင်းနော်။ ပြန်ပြင်လို့မရဘူးဆိုတာလည်းတစ်ခါထဲပြောခဲ့"
ဝန်ထမ်းတွေရဲ့အစားသောက်ကိစ္စပြတ်မှ ဖယ်ရီကိစ္စ ထမင်းဆိုင်ကိစ္စတွေကို ကိုအောင်မျိုးကိုလွှဲလိုက်ရတယ်။ လကုန်ခါနီးပြီဆိုတော့ လစာစာရင်းတွေလည်းလုပ်ဖို့ရှိနေသေး၏။
ဝဿန်အလုပ်စားပွဲမှာပြန်ထိုင်ပြီး အရေးကြီးတဲ့စာရင်းတွေကို အရင်ဖြတ်ရပါတော့တယ်။
ဝန်ထမ်းလစာတွက်ချက်တာ စာရင်းတွေလုပ်ရတာကိုတော့ ဝဿန်တစ်ယောက်ပဲကိုင်တွယ်ပါတယ်။ ဝဿန့်စာရင်း Confirm ဖြစ်မှ ငွေစာရင်းဌာနကိုပေးပို့ရတယ်။
ငွေစာရင်းက တစ်ဦးချင်းအတွက်အတိအကျစစ်ဆေးပြီးမှ လစာတွေကိုစာအိတ်တွေထဲထည့်ပေးတယ်။ တစ်ဦးချင်းစီပေးရတဲ့အလုပ်ကို HR ကလုပ်ရပြန်တယ်။
နောက်လကျရင်တော့ ငွေသားမပေးတော့ဘဲ ATM Card တွေလုပ်ပြီး ကဒ်ထဲတိုက်ရိုက်ထည့်ပေးတော့မှာဆိုတော့ Paper Work နည်းသွားပါပြီ။
ထိုကိစ္စအတွက်လည်း ငွေစာရင်းဌာနကမန်နေဂျာကြီးနဲ့အတူ မနက်ဖြန်ဘဏ်ကိုဝဿန်သွားဖို့စီစဉ်ထားရ၏။
ဝဿန့်မှာလွမ်းရေးထက် ကုမ္ပဏီအရေးကပိုခက်နေပါတယ်။ မော်ကွန်းစာကလေးတွေကိုတောင် ပြန်ဖတ်ချိန်မရှိခဲ့ပါ။ တိုက်ခန်းရောက်တာနဲ့ရေမိုးချိုးပြီး အိပ်ရာထဲထိုးအိပ်လိုက်ရင်တစ်ချိုးထဲ။ မနက်ခင်းမှာတော့ မပျက်မကွက်ဓာတ်ပုံကလေးကိုကြည့်ပြီးနှုတ်ဆက်ရသေးတာပေါ့။
မနက်ထရင်လည်းထမင်းတစ်အိုးချက်ပြီး ရှိတဲ့အခြောက်အခြမ်းနဲ့သာနှစ်ပါးသွားနေရတယ်။ မီးဖိုချောင်ကိုဝင်ပြီး ဖွယ်ဖွယ်ရာရာလေးတွေတောင် မချက်ရတာကြာနေပါပြီ။
ဇွဲမာန်လည်းခရီးသွားနေတော့ ကိုသန့်ချက်ပေးတဲ့စားဖြစ်ရုံလောက်သာရှိတဲ့ဟင်းတွေနဲ့ ညားနေရတာလည်း ၂ ပတ်ကျော်နေခဲ့ပါပြီ။
******************************
"အစ်ကို အောက်ထပ်မှာဧည့်သည်ရောက်နေပါတယ်တဲ့"
HR ဝန်ထမ်းအသစ် နွဲ့နွဲ့ရီစကားကြောင့် အောက်ထပ်ဧည့်ခန်းကိုဆင်းလာခဲ့ရ၏။ ဧည့်ခန်းကျယ်ကြီးက သူဌေးရဲ့ဧည့်သည်ဆောင်သည်တွေနဲ့ အခြားသောကုမ္ပဏီကလာရောက်တွေ့ဆုံတဲ့ Customer တွေအတွက် သီးသန့်ထားရှိခြင်းဖြစ်၏။
ဧည့်ခန်းထဲဝင်လိုက်ချိန် ခုံမှာထိုင်နေတဲ့စုံတွဲတစ်တွဲကိုမြင်လိုက်တော့...။
"မကိုဋ်"
"နွေ အမလေး၊ ချောနေလှနေလိုက်တာနော်။ နင်ရုပ်ပျိုဆေးတွေများစားနေသလားဟယ်"
ထိုင်ရာကနေထလာပြီး ပြေးဖက်လိုက်တဲ့မကိုဋ်က လွန်ခဲ့တဲ့ ၃ နှစ်အချိန်ကထက်အနည်းငယ်ပြည့်တင်းလာ၏။ ဝဿန်ကိုပြေးဖက်လိုက်ပုံကို အံ့ဩနေတဲ့အမျိုးသားက မကိုဋ်ခင်ပွန်းလောင်းဆိုတာကို မိတ်ဆက်ပေးမှသိလိုက်ရ၏။
"မကိုဋ်ရယ်...ပျောက်ချက်သားကောင်းနေလိုက်တာ။ အခုကဘယ်လိုရောက်လာတာလဲ"
"ငါ ရန်ကုန်ကိုပြောင်းခွင့်ရပြီလေ၊ ပြီးတော့ နောက်လမှာ ငါ့ Wedding လည်းရှိလို့နင့်ကိုလာတွေ့တာ"
"နင်လင်ယူမှပဲတွေ့ရတော့တယ်ပေါ့"
"အေး...ဟားဟားဟား"
ကျောင်းပြီးထဲကလုပ်ငန်းခွင်ဝင်သွားတဲ့မကိုဋ်နဲ့ဝဿန်ကအဆက်အသွယ်လုံးဝပြတ်သွားတာမျိုးတော့မဟုတ်ပေမဲ့ အချိန်တိုင်းလည်းဆက်သွယ်မနေဖြစ်ခဲ့ပါ။
နယ်ကနေရန်ကုန်ရောက်လာရင်တော့ နွေ့ကိုလာတွေ့တတ်၏။ နွေ့ကိုရှာဖို့အတွက်ကလည်းမခက်ခဲခဲ့ပါ။ နွေကမလတ်နဲ့အမြဲအဆက်အသွယ်ရှိနေတော့ နွေရှိတဲ့နေရာကိုမလတ်ကိုမေးလိုက်တာနဲ့ သိနိုင်ခဲ့တာကိုး။
"နွေ နင်ဆက်ဆက်လာရမယ်နော်"
"လာမှာပေါ့မကိုဋ်ရယ်၊ နင့်ပွဲကိုမှမတက်ရင် ဘယ်ပွဲတက်ရမှာလဲ"
"ညစာစားပွဲလည်းတက်ပေးရမှာနော်။ ငါတစ်လကျော်ကျော်ကြိုပြောထားတာကို အနားကပ်မှဖျက်ကြည့် အသေသတ်မှာ"
"ဗလကြီးပြပြီးမခြောက်စမ်းပါနဲ့၊ ကြောက်ပါတယ်ဟာ"
ငယ်ငယ်ကလိုမဟုတ်ဘဲ မိန်းမကြီးတစ်ယောက်လိုဖြစ်လာတဲ့မကိုဋ်က ဝဿန့်ထက်အနည်းငယ်ပုပေမဲ့ ခန္ဓာကိုယ်ကတော့သေးသွယ်မနေတော့ပါ။
မကိုဋ်အမျိုးသားကလည်း ပွင့်တူရွက်တူတွေပါပဲ။ နှစ်ယောက်လုံးကသားသားနားနားနဲ့မို့ အဆင်ပြေကြတယ်ဆိုတာခန့်မှန်းလိုက်မိ၏။
မကိုဋ်ကိုယ်ပေါ်မှာဝတ်ဆင်ထားတဲ့ စိန်နားကပ်၊ စိန်လက်စွပ်၊ စိန်လောကပ်သီးနဲ့ တချွင်ချွင်မြည်နေတဲ့လက်ကောက်တွေကိုကြည့်ပြီး ဝဿန်စိတ်ချမ်းသာမိပါတယ်။
ဖုန်းနံပတ်ချင်းလဲလှယ်လိုက်ပြီး တစ်ရက်လောက်ညစာချိန်းစားကြဖို့ပြောပြီးမှမကိုဋ်တို့ပြန်သွားတယ်။
ကားနားအထိလိုက်ပို့ပေးတဲ့ဝဿန်တစ်ယောက် အပြင်ကနေပြန်လာတဲ့သူဌေးကားနဲ့ ဘေးချင်းကပ်ဆုံမိကြတယ်။ ကားပေါ်မတက်သေးဘဲဝဿန့်လက်မောင်းကိုကိုင်ပြီးစကားစမပြတ်တဲ့ မကိုဋ်ကို သူဌေးကတစ်ချက်သာကြည့်ပြီး ရုံးပေါ်တက်သွားတယ်။
မကိုဋ်ကလည်း ဘေးနားဖြတ်သွားတဲ့ခပ်မိုက်မိုက်အမျိုးသားတစ်ယောက်ကို သေချာလိုက်ကြည့်နေပြီးမှ နင်တို့သူဌေးလားမေးလာတော့ ဟုတ်ကြောင်းပြောပြီး ဘယ်သူနဲ့တူတယ်ထင်သလဲမေးလိုက်တော့ မသိဘူးလေတဲ့။
သူဌေးကလည်း မကိုဋ်ကိုသိဟန်မရှိသလို မကိုဋ်ကလည်းမသိဘူးတဲ့။ ဝဿန့်စိတ်ထဲ နည်းနည်းတော့အေးသွားပါတယ်။ မော်ကွန်းမဖြစ်နိုင်တာမှန်တာပေါ့။
"ငါသွားမယ်၊ ဒီSunday ဆုံမယ်နော်။ ဘယ်မှာလဲဆိုတာကို ငါဖုန်းလှမ်းဆက်လိုက်မယ်"
"အေးပါ"
ရုံးပေါ်ပြန်တက်လာရင်း ဝဿန့်ခေါင်းထဲအတွေးတွေကများနေရတယ်။ သူဌေးနဲ့ဝဿန်ဒီရက်ပိုင်း ထိပ်တိုက်ကိုမတွေ့ရသေးပါ။ ဝန်ထမ်းငယ်တွေအားလုံးကိုခေါ်တွေ့ပြီးထဲက သူဌေးလည်းရုံးမှာထိုင်ရတယ်လို့မရှိအောင် အလုပ်တွေများနေခဲ့တာ သိနေမြင်နေသား။
တစ်ခါတစ်လေရိပ်ကနဲမြင်လိုက်ရင်တောင် အကြောင်းအရင်းသေသေချာချာမရှိပါဘဲ ဝဿန်ကလှစ်ကနဲနေအောင် ကိုယ်ယောင်ဖျောက်ထားလိုက်မိတာကိုး။
ဝဿန်သူဌေးကိုရင်မဆိုင်ရဲဘူး။ မော်ကွန်းနဲ့တော်တော်တူနေတာကိုသိနေပေမဲ့ မော်ကွန်းဟုတ်လား မဟုတ်သလားလည်းမဝေခွဲနိုင်သေးပါ။ တစ်ဖက်ကလည်း အဲလ်ဘတ်ငြိမ်းဆိုတဲ့ဝဿန်တို့သူဌေးက မော်ကွန်းမဖြစ်နိုင်ဘူးလို့လည်းထင်နေမိတာကိုး။
မော်ကွန်းသာဆိုရင် ဝဿန့်ကိုသူ့ကုမ္ပဏီကနေ ထုတ်လိုက်တာကြာပေါ့။ အခုတော့ ရာထူးတောင်တိုးသွားသေးတယ်မဟုတ်လား။ ရာထူးတင်မက လစာကလည်းတိုးလိုက်သေးတယ်လေ။ ဒီတော့ သူဌေးကမော်ကွန်းလုံးဝမဖြစ်နိုင်တော့ပါ။
ဒီလိုလေးတွေးလိုက်တော့မှ ဝဿန့်စိတ်ထဲနည်းနည်းနေသာထိုင်သာရှိသွားရတယ်။ သူဌေးခေါ်တဲ့အစည်းအဝေးကို အပျိုကြီးမမပဲတက်ရတာမျိုးဆိုတော့ ဝဿန်နဲ့သူဌေးက တိုက်ရိုက်ပြောစရာကိစ္စမျိုးလည်းမရှိခဲ့ပါ။
"အစ်ကို"
"ပြော"
"အပြင်မှာလေ Garden ကုမ္ပဏီကလူတွေရောက်နေတယ်။ ဧည့်ခန်းထဲမှာသူဌေးနဲ့တွေ့နေတယ်"
အပေါ်ထပ်တစ်ထပ်လုံး Toilet ကအစ ပြန်လည်ပြုပြင်ခဲ့ပြီးတာတောင် ဘယ် Garden ကုမ္ပဏီကရောက်လာပြန်တာလဲ။ ဒီတစ်ပတ်လုံးလည်း Site အင်ယာတစ်ချို့ ကုမ္ပဏီခြံဝန်းတစ်ဝန်းလုံးကို ကွန်ကရစ်ခင်းနေရတာနဲ့မအားလပ်ခဲ့ပါ။
ဝဿန်တစ်ယောက်သူဌေးကိုနားကိုမလည်နိုင်တော့ပါဘူး။ ဆောက်လုပ်ရေးလုပ်ငန်းတွေကိုသွားရောက်စစ်ဆေးတတ်ပေမဲ့ ထပ်တိုးလုပ်ငန်းမျိုးတွေလည်းမရှိခဲ့ပါ။ လုပ်ငန်းအနေနဲ့တိုးပြီးလက်ခံတာမျိုးမရှိပေမဲ့ သူဌေးကတော့မနားတမ်းအလုပ်တွေများနေခဲ့တာတော့သေချာသိနေ၏။
HR တစ်ယောက်အနေနဲ့ သုံးသပ်မိလိုက်တာက ကုမ္ပဏီကိုနာမည်ကအစပြန်ပြောင်းပြီး ဖွဲစည်းပုံရော ရုံးခန်းနဲ့ကုမ္ပဏီခြံဝန်းကိုပါပြောင်းလဲနေတာမျိုးက အပြောင်းအလဲကြီးကြီးမားမားတစ်ခုရှိလာတော့မယ်လို့သိနေခဲ့တယ်။
ရင်းနှီးမြုပ်နှံထားမှုတွေက Account ပိုင်းမဟုတ်လို့ တိတိကျကျမသိခဲ့ရပေမဲ့ မြင်ရသလောက်တော့ ငွေတွေကိုရေလိုထုတ်သုံးနေတာပါပဲ။ သူဌေးရဲ့နောက်ခံအင်အားကိုမျှော်မှန်းလို့မရနိုင်ခဲ့သလို တစ်ဖက်ကလည်း မော်ကွန်းဖြစ်နိုင်ချေက ပိုပိုဝေးသွားရတယ်။
******************************
"အစ်ကို့ကိုမမခေါ်နေပါတယ်။ သူ့ရုံးခန်းထဲကိုလာခဲ့ပါအုံးတဲ့"
အပျိုကြီးမမက ဝဿန်တို့ရုံးခန်းကနေသူဌေးရဲ့ရုံးခန်းဘေးက အခန်းငယ်လေးတစ်ခုထဲပြောင်းရွှေ့ခဲ့ရတာ ၃ ရက်ရှိပါပြီ။ လောလောဆယ်တော့ အတွင်းရေးမှုးအစ်မနဲ့တွဲထိုင်နေရပါတယ်။
အတွင်းရေးမှူးကအရပ်မြင့်မြင့်နဲ့ စိုးမြတ်သူဇာလို့ဂိုဒ်ဆိုဒ်နဲ့မို့ အားလုံးကမမလို့သာခေါ်ကြပေမဲ့ အသက်ကတော့ဝဿန်နဲ့မယိမ်းမယိမ်းလောက်သာ။
အခန်းထဲရောက်တော့ အပျိုကြီးကိုမတွေ့၊ သူဌေးရဲ့အတွင်းရေးမှုးမမက သူဌေးအခန်းထဲကိုသွားတယ်။ မန်နေဂျာလေးကိုလိုက်လာခဲ့ဖို့မှာခဲ့တယ်ဆိုလာတော့ ဝဿန့်ရင်ထဲထိတ်ခနဲ။
သူဌေးရုံးခန်းထဲကို ဝဿန်တစ်ခေါက်မှမရောက်ဖူးသေးပါ။ သွားလည်းမသွားချင်ပါဘူး။
"မမ ကျွန်တော်ဒီကပဲထိုင်စောင့်လို့မရဘူးလား"
"မရဘူး၊ Boss ကပါညွှန်ကြားစရာတွေရှိနေလို့ လိုက်ခဲ့ပါလို့မှာသွားတာ၊ ဘာကြောက်စရာရှိလဲဟယ် သူဌေးကသဘောကောင်းပါတယ်ကွာ လိုက်သွားလိုက်ပါ။ အခန်းတံခါးကို ၂ ချက်ခေါက်ပြီးဝင်သာသွားလိုက်"
တွန့်ဆုတ်တွန့်ဆုတ်ဖြစ်နေတာကို သဘောပေါက်လိုက်တဲ့အတွင်းရေးမှုးက ရဲရဲဝင်သွားဖို့ပြောရင်း ခပ်ပြုံးပြုံးကြည့်နေတော့ သူဌေးရုံးခန်းဘက်ကိုကူးလာခဲ့ရပါတော့တယ်။
"လာ ဝဿန်၊ မင်းကိုတိုင်ပင်စရာတွေရှိလို့ခေါ်ခိုင်းလိုက်တာ"
အေးစိမ့်နေတဲ့အခန်းက ရုံးခန်းတွေထဲမှာအကျယ်ဝန်းဆုံးပါပဲ။ စားပွဲ ဘီဒို စာအုပ်စင်အပါအဝင် ရေခဲသေတ္တာတစ်လုံးနဲ့ ဆိုဖာဆက်တီတစ်စုံကိုလည်းထည့်သွင်းထား၏။
ဦးရဲရုံးထိုင်တုန်းကနဲ့ မတူတော့တဲ့အပြင်အဆင်တွေက အနက်ရောင်များများနဲ့အနောက်တိုင်းဟန်ဆန်လှတယ်။ ပစ္စည်းတွေအားလုံးက သူ့နေရာနဲ့သူအစီအစဉ်တကျနဲ့ အားလုံးကလည်းအသစ်တွေကြီး။
မှန်စားပွဲကျယ်ကြီးပေါ်မှာတော့ စာရွက်စာတမ်းတွေနဲ့အတူ ပန်းသီးတစ်ခြမ်းပဲ့ Laptop တစ်လုံးကဖွင့်လျှက်သား။ အခန်းထောင့်ကစားပွဲငယ်လေးထက်မှာတော့ Coffee Maker တစ်လုံးနဲ့နိုင်ငံခြားဖြစ်ကော်ဖီပုလင်းလှလှလေးတွေကိုစီတန်းထား၏။
သူဌေးနဲ့အပျိုကြီးတို့ရှေ့မှာလည်း လက်ကိုင်ပါတဲ့အနက်ရောင်ကော်ဖီခွက် ၂ ခွက်။ အပျိုကြီးဘေးမှာဝင်ထိုင်လိုက်ပြီး ခေါင်းကိုအသာငုံ့ထားလိုက်မိတော့ ခင်းထားတဲ့ကော်ဇောကိုအမြင် ဝဿန်အံ့အားသင့်သွားရတယ်။
ဒါက တော်တော်တန်ဖိုးကြီးတဲ့ကော်ဇောအမျိုးအစားဆိုတာ ဝဿန်သိတယ်။ ဖိနပ်မှာအညစ်အကြေးမပါပေမဲ့ ဝဿန့်စိတ်ထဲအားတောင်နာမိတယ်။ သူဌေးရုံးခန်းအတွက် သန့်ရှင်းရေးသမားသီးသန့်ထားရှိတာ အလကားမှမဟုတ်ဘဲ။
"ဒီပုံတွေကိုတစ်ချက်ကြည့်ပေး။ ရုံးဝန်ထမ်းနဲ့ Site အင်ယာတွေအတွက် ယူနီဖောင်းပုံစံတွေ။ မမနဲ့သူဌေးအကြမ်းရွေးထားတာက ဒီ ၂ ရောင်။ မင်းကိုရွေးခိုင်းမယ်ဆိုရင် ဘယ်အရောင်နဲ့ဘယ်ယူနီဖောင်းပုံစံက ပိုအဆင်ပြေမယ်လို့ထင်သလဲ"
ဝဿန့်လက်ထဲရောက်လာတဲ့ ပုံတွေကိုကြည့်ပြီးအဖြေရခက်ရတယ်။ ရုံးဝန်ထမ်းတွေအတွက်ယူနီဖောင်းပုံစံကတစ်မျိုး။ Site အင်ယာတွေအတွက်ကတော့ ဘောင်းဘီနက်ပြာနဲ့အင်္ကျီကသနပ်ခါးရောင်ရင့်ရင့်နဲ့ အနက်နဲ့အပြာနုဖောက်ထားတဲ့စပို့ရှပ်လက်စည်းတွေ။
ဝဿန်ဖြေရခက်နေသလိုငြိမ်နေမိတော့...။
"အင်ယာတွေအတွက်က ဘောင်းဘီနက်ပြာနဲ့အင်္ကျီကအပြာနုနဲ့အနက်ဖောက်ကိုရွေးပြီးသွားပြီ။ ရုံးဝန်ထမ်းတွေအတွက်မမတို့အရွေးရခက်နေလို့"
"နှစ်ခုလုံးအဆင်ပြေပါတယ်။ မမတို့အဆင်ပြေတာရွေးလိုက်လေ"
"HR မန်နေဂျာအနေနဲ့ မင်းရဲ့အမြင်ကိုသိချင်လို့ခေါ်မေးတာ၊ ဘယ်ပုံစံဘယ်အရောင်က ဝန်ထမ်းတွေနဲ့ပိုအဆင်ပြေမယ်လို့ထင်သလဲ"
အပျိုကြီးကိုကြည့်နေတဲ့ဝဿန့်မျက်ဝန်းတွေက ဝင်ပြောလိုက်တဲ့စကားကြောင့်
သူဌေးဆီကိုရောက်သွားရတယ်။
နောက်မှီပါတဲ့လယ်သာခုံပေါ်မှာထိုင်နေပြီး လက်တစ်ဖက်ကိုလက်တန်းမှာထောက် ခေါင်းကိုငဲ့ကာမေးထောက်ရင်းကြည့်နေတဲ့မျက်လုံးတွေက ဝဿန့်ဆီမှာစူးစူးစိုက်စိုက်။ အကြည့်ကိုအမြန်လွှဲဖယ်လိုက်ပြီး...။
"ဒါဆို...ဒီနံသာရောင်လေးနဲ့စကဒ်အနက်နောက်ကွဲအရှည်လေးက ပိုအဆင်ပြေမယ်ထင်ပါတယ်"
"ကြည်ပြာနုလေးကရော ဘာဖြစ်လို့လဲ"
ရွေးပေးလိုက်တော့လည်း အကြောင်းပြချက်ကိုမေးလာပြန်တော့ မျက်လွှာကိုချထားရင်းနဲ့သာ...။
"ကြည်ပြာနုလေးကလည်း လှတာပါပဲ။ ဒါပေမဲ့ရုံးဝန်ထမ်းတွေက အသားဖြူတာလည်းရှိသလို အသားညိုတာတွေလည်းပါနေတယ်။ နံ့သာနုရောင်လေးကဘယ်လိုအသားအရောင်နဲ့ဖြစ်ဖြစ်လိုက်တယ်။ ကြည်ပြာနုကအသားညိုတဲ့လူဝတ်လိုက်ရင် မည်းတဲ့ဘက်ကိုသန်းသွားမယ်ထင်မိလို့ပါ။ ပြီးတော့ကုမ္ပဏီအဆောက်အဦးတွေက အညိုနဲ့နံ့သာရောင်စပ်ထားတာဆိုတော့ ဝန်ထမ်းယူနီဖောင်းနဲ့ဆို ပိုပြီးလိုက်ဖက်မယ်ထင်မိလို့ပါခင်ဗျ"
"So reasonable "
ကော်လံပါတဲ့ရှပ်ပုံစံလက်စကအင်္ကျီလေးကမရိုးအဆန်းလေး။ အောက်ကစကဒ်ကလည်းအတိုမဟုတ်ဘဲ အရှည်ပုံစံနောက်ခွဲလေးမို့ကြည့်ရတာကျော့ရှင်း၏။
ရုံးဝန်ထမ်းမိန်းကလေးအများစုက သက်လတ်ပိုင်းတွေများတော့ ဒီလိုပုံစံမျိုးလေးနဲ့ဆိုရင် ပိုလိုက်ဖက်ညီတယ်လို့ ဝဿန်ထင်လိုက်မိတာပါ။ ဒါကိုဖြည့်စွက်ပြောပြလိုက်တော့မှ...။
"သူပြောတော့လည်းဟုတ်နေသားပဲနော်။ ဒါဆို မမတို့ဒီနံ့သာရောင်အတွဲလေးပဲရွေးလိုက်ကြမလား"
"ရွေးလိုက်ကြတာပေါ့၊ DH တွေအတွက်တော့ ကျွန်တော်ပြောထားတဲ့အတိုင်းပဲပေါ့။ သဘက်ခါစက်ရုံကလူတွေ ယူနီဖောင်းလာတိုင်းလိမ့်မယ်။ ဝန်ထမ်းအားလုံးသိအောင် ကြိုအကြောင်းကြားထားလိုက်ပါ"
"ဟုတ်ကဲ့ Boss"
DH တွေအတွက်ဆိုပြီး ပြလာတဲ့စာရွက်ကိုတွေ့လိုက်တော့ ဝဿန့်မျက်နှာကလေးမှာအီလည်လည်။ လာပြီ အနက်ရောင်ကြီး။ အပေါ်အောက်အနက်နဲ့အတွင်းရှပ်အင်္ကျီကအဖြူရောင်။
ဝဿန်ကြိုက်တဲ့ အရောင်နုနုလွင်လွင်လေးလည်းမဟုတ်ဘူး။
အလှအင်မတန်ကြိုက်တဲ့ဝဿန်တစ်ယောက် သူဝတ်ရမဲ့ရုံးယူနီဖောင်းပုံစံကိုကြည့်ပြီး အီလည်လည်ဖြစ်နေတာကို အကြောင်းသိနေတဲ့အပျိုကြီးက စနောက်နေလို့နှုတ်ပိတ်နေရတယ်။ သူဌေးရှေ့မှာမို့သာပေါ့။
Office Suit အပြည့်အစုံနဲ့ တစ်နေကုန်နေရမှာစိတ်မောလိုက်တာ။ ဒီလိုသာဆိုရင် ဝဿန့်ရဲ့အဝတ်အစားလှလှလေးတွေကို Sunday တစ်ရက်မှသာ ထုတ်ဝတ်ခွင့်ရတော့မှာပေါ့။
"ဒါဆိုရင် ကျွန်တော်ပြောထားတဲ့အထည်ချုပ်စက်ရုံနဲ့ကိစ္စကို မမပဲတာဝန်ယူပြီးဖြတ်လိုက်တော့နော်။ လောလောဆယ် ဝတ်စုံ ၂ စုံစီ ကုမ္ပဏီကထုတ်ပေးမယ်။ ထပ်လိုချင်ရင်တော့ တစ်စုံကိုသတ်မှတ်ထားတဲ့ဈေးနှုန်းနဲ့ရောင်းပေးလိုက်ပေါ့။ ကျန်တဲ့စည်းမျဉ်းစည်းကမ်းတွေကတော့ ကျွန်တော်ရေးပေးထားတဲ့အတိုင်းစာထုတ်ပြန်လိုက်ပါ"
"ဟုတ်ကဲ့ပါ အဲလ်ဘတ်"
အပျိုကြီးပြောနေတဲ့ စည်းမျဉ်းစည်းကမ်းအချက်အလက်တွေကို ဝဿန့်လက်ထဲမှာပါလာတဲ့ Note လေးထဲအမြန်လိုက်မှတ်လိုက်ပြီး အခန်းထဲကထွက်ဟန်ပြင်လိုက်ချိန် မေးစရာရှိသေးတယ်လို့ပြောလာတဲ့သူဌေးစကားကြောင့် ခုံကနေကြွနေရင်းမှပြန်ထိုင်လိုက်ရ၏။
အပျိုကြီးကတော့ စာရွက်စာတမ်းတွေကိုကောက်သိမ်း ကော်ဖီခွက်ကိုသယ်မပြီးအခန်းထဲကနေထွက်သွားတော့ ဝဿန်တစ်ယောက်ထဲသူဌေးရှေ့မှာကျန်ခဲ့ရတယ်။
ကော်ဖီကြမ်းကိုထပ်ဖြည့်နေတဲ့သူဌေးကြောင့် ဝဿန့်မှာရေးပြီးသားစာတွေကိုပြန်ဖတ်ပြီးငြိမ်နေမိတယ်။
"ကော်ဖီက နို့ထည့်မှာလား"
"ခင်မျာ"
မထင်မှတ်ဘဲလှမ်းမေးလာတဲ့သူဌေးအသံကြောင့် လှမ်းကြည့်လိုက်မိတော့ ကော်ဖီခွက်ကိုလှမ်းမြှောက်ပြပြီး နို့နဲ့သကြားထည့်မှာလားမေးလာတော့မှ ကယောင်ကတမ်းနဲ့ရပါတယ်ပြောလိုက်မိတယ်။
"ရပါတယ်ဆိုတာက ဘာကိုပြောတာလဲ။ ကိုယ်ကကော်ဖီကြမ်းကို သကြားနည်းနည်းနဲ့သောက်တာမျိုး။ မင်းကအဲ့လိုသောက်တတ်လို့လား နို့ကြိုက်ရင်တော့ Coffee Mate ရှိတယ်"
"ဟုတ်ကဲ့ ကော်ဖီကြမ်းပဲသောက်ပါ့မယ်၊ နို့မထည့်တော့ပါဘူး"
ကိုယ့်ဘာသာလည်းထမဖျော်ရဲ သူဌေးကိုယ်တိုင်ထည့်ပေးနေတာကိုမြင်နေတော့ အဆင်ပြေသလိုသာပြောလိုက်ရ၏။ မော်ကွန်းမဟုတ်ပါဘူးလို့ စိတ်ကိုဒုံးဒုံးချထားမိပေမဲ့ သူဌေးအသံကိုကြားလိုက်တိုင်း ဝဿန့်စိတ်တွေကတထိတ်ထိတ်ဖြစ်နေရပြန်တယ်။
သူဌေးမျက်နှာကို စေ့စေ့လည်းမကြည့်ရဲပါ။ မျက်ခုံးထောင့်စွန်းကမှည့်နက်ကလေးကိုမြင်လိုက်တိုင်း မော်ကွန်းကိုပိုပြီးလွမ်းလှပါတယ်။ စိတ်ထဲမှာငိုချင်လာမိတာ ဘာကြောင့်မှန်းလည်းမသိတော့ပါ။
Air Fresher အနံ့ဖျော့ဖျော့နဲ့အတူ သူဌေးဆီကနေလွင့်ပျံ့လာပြီး အခန်းထဲဝဲဝေ့နေတဲ့ရေမွှေးရနံ့က ဝဿန့်စိတ်တွေကိုလှုပ်ရှားစေပြန်တယ်။ ဝဿန်ကမိန်းကလေးတွေစိတ်မဝင်စားတဲ့ လိင်တူအမျိုးအစား။
ဝဿန့်ရှေ့မှာ အင်မတန်ယောက်ျားပီသတဲ့ယောက်ျားတစ်ယောက်ကိုမြင်နေရတာက နည်းနည်းတော့စိတ်လှုပ်ရှားဖို့ကောင်းနေသလို နေမထိထိုင်မသာလည်းဖြစ်စေတယ်။
မော်ကွန်းနဲ့ရုပ်တင်မက အသံပါဆင်တူနေတဲ့ယောက်ျားတစ်ယောက်ဖြစ်နေတော့ ဆိုဖွယ်ရာမရှိတော့ပါ။
ကော်ဖီကိုမတ်ခွက်အနက်ရောင်ပြောင်ပြောင်လေးထဲငှဲ့ထည့်ပြီး သကြားထုပ်လေးတစ်ထုပ်ဖောက်ထည့်နေတာကိုလည်းမြင်လိုက်ရတယ်။ ဇွန်းကလေးနဲ့တစ်ချက်နှစ်ချက်မွှေပြီးမှ ကော်ဖီတစ်ခွက်ဟာဝဿန့်ရှေ့ကိုရောက်လာခဲ့တယ်။
နှစ်ယောက်သားကော်ဖီသောက်နေရင်း တော်တော်နဲ့စကားမစဖြစ်သေး။ ကော်ဖီတစ်ဝက်ကျိုးတော့မှ သူဌေးကစကားစလာခဲ့ပါတော့တယ်။
"ဖယ်ရီကိစ္စ၊ ဝန်ထမ်းနေ့လည်စာကိစ္စ အစီအစဉ်တွေက ဘယ်လိုအခြေအနေရှိနေပြီလဲဆိုတာ တစ်ချက်ပြောပြပါအုံး"
ထိုအခါမှ စာအုပ်ကလေးကိုလှန်ပြီး မှတ်ထားတဲ့အချက်အလက်တွေကို ခပ်မြန်မြန်ရှင်းပြရပါတော့တယ်။ အမှန်တော့ စာအုပ်ကြည့်စရာမလိုပါဘူး။ သူဌေးကိုတည့်တည့်မကြည့်ချင်လို့သာရမယ်ရှာလိုက်တာ။
မေးလာတဲ့ဝန်ထမ်းရေးရာကိစ္စတွေကို သေသေချာချာပြန်ပြောပြနေရင်း ဝဿန်စိတ်ထဲနေရတာအဆင်မပြေတော့ပါ။
ဒီအခန်းထဲကနေ အမြန်ဆုံးထွက်သွားချင်တာကိုပဲ သိပါတော့တယ်။
"ဒီနှစ်လကတော့ အလုပ်တွေများနေအုံးမှာပဲ၊ သင်္ကြန်မတိုင်ခင်ကုမ္ပဏီဖွင့်ပွဲလုပ်မယ်လို့ အကြမ်းမျဉ်းမှတ်ထားလိုက်ပါ"
"ဟုတ်ကဲ့ခင်ဗျ"
"ဝန်ထမ်းအပြောင်းအလဲတွေကများနေတော့ HR အနေနဲ့ပုံမှန်ထက်တော့ အလုပ်များနေမှာကိုသိလို့ ဝန်ထမ်းထပ်ခေါ်ပေးခဲ့တာ။ HR မန်နေဂျာတစ်ယောက်အနေနဲ့ ဝန်ထမ်းရေးရာကိုတော့ကောင်းကောင်းထိန်းသိမ်းနိုင်မယ်ယုံကြည်လို့ စိတ်ချထားမယ်"
"ဟုတ်ကဲ့၊ အကောင်းဆုံးကြိုးစားပါ့မယ်ခင်ဗျ၊ ကျွန်တော့်ကိုရာထူးတိုးလစာတိုးပေးလို့လဲ သူဌေးကိုကျေးဇူးတင်ပါတယ်"
ကြုံတုန်း ရာထူးတိုးပေးခြင်းအတွက်ကျေးဇူးတင်စကားကိုသတိတရထည့်ပြောလိုက်ကာမှ...။
"မလိုပါဘူး။ ကိုယ်ကတိုးပေးသင့်လို့ တိုးပေးလိုက်တာမျိုးပါ။ မင်းအနေနဲ့ကုမ္ပဏီအပေါ်မှာ ဘယ်လိုစိတ်မျိုးထားသလဲဆိုတာကို မင်းရဲ့ Report ကိုဖတ်ပြီးခန့်မှန်းလို့ရပါတယ်"
Report အကြောင်းပြောလာတော့ ဝဿန်ဖျတ်ကနဲလှမ်းကြည့်လိုက်ချိန် စိုက်ကြည့်နေတဲ့အကြည့်နက်နက်တွေကိုမြင်လိုက်ရတော့ ကော်ဖီကိုငုံ့သောက်လိုက်ပုံနဲ့လွှဲဖယ်ရပြန်တယ်။ ဒီသူဌေးအကြည့်တွေကလည်း စူးရှရဲတင်းလိုက်တာ။
"ကော်ဖီထပ်ယူအုံးမလား"
"တော်ပါပြီခင်ဗျ ကျေးဇူးတင်ပါတယ်"
"ဘာကိုကျေးဇူးတင်တာလဲ၊ ကိုယ့်ရုံးခန်းထဲရောက်လာတဲ့ဘယ်ဝန်ထမ်းမဆို ကော်ဖီတစ်ခွက်တော့တိုက်ရမှာပေါ။ ဒါပေမဲ့ဝန်ထမ်းတိုင်းကိုတော့မဟုတ်ဘူးပေါ့။ ခပ်ကြာကြာစကားပြောရမဲ့ဝန်ထမ်းမျိုးမှပါ"
ပြောနေရင်း သူဌေးကကော်ဖီနောက်တစ်ခွက်ထပ်ဖျော်ပြန်တယ်။ ကော်ဖီဖျော်စက်ကိုအခန်းထဲမှာထားပြီး တစ်နေ့တစ်နေ့ဘယ်နှစ်ခွက်တောင်သောက်နေသလဲမသိနိုင်။ ထမင်းရောပုံမှန်စားရဲ့လား။
"ကိုယ်က ကော်ဖီကြမ်းကိုတော့ အမြဲတမ်းလိုလိုသောက်ဖြစ်တယ်။ အလုပ်လုပ်နေရင် ပိုသောက်ဖြစ်တတ်တယ်။ ကော်ဖီအနံ့က စိတ်ကိုကြည်စေတယ်လေ"
ဝဿန်တွေးနေတာကိုသိနေသလို ပြောလိုက်တဲ့စကားကြောင့် အယောင်အယောင်အမှားမှားနဲ့ဘကော်ဖီခွက်ကိုအနံ့ခံလိုက်ပုံကြောင့် သူဌေးမျက်နှာပေါ်မှာအပြုံးရိပ်ကလေးတစ်ခု ဖြတ်ပြေးသွားတာစက္ကန့်ပိုင်းမျှသာ။
"ဟုတ်တယ် တော်တော်မွှေးတယ်နော်"
"အင်း..."
ခုံမှာပြန်ထိုင်ပြီး ထပ်မေးလာတဲ့မေးခွန်းတွေကို ဝဿန်ဖြေနေရပြန်တယ်။ ဘယ်တုန်းကထဲက မေးမယ်ရည်ရွယ်ထားသလဲမသိတဲ့မေးခွန်းတွေက ကုန်ပဲမကုန်နိုင်တော့ပါ။
အခန်းရဲ့အအေးဓာတ်ကကြာကြာထိုင်နေလေလေ ပိုပိုပြီးသိပ်သည်းလာလေလေဖြစ်လာတော့ ဝဿန့်လက်ဖျားတွေတောင် အေးစက်လာပါတော့တယ်။
သူဌေးထပ်ညွှန်ကြားနေတဲ့အစီအစဉ်တွေကို စာအုပ်ထဲရေးမှတ်နေရင်း ဝဿန့်ပုံစံကခပ်ကုတ်ကုတ်ဖြစ်လာလို့လားမသိ အခန်းအအေးဓာတ်ကိုလျော့ချလိုက်တာကိုတွေ့လိုက်ရတယ်။
ထပ်တိုးလာတဲ့တာဝန်တွေကတော့ ကုမ္ပဏီဝန်းထဲမှာ အပင်ကြီးတစ်ချို့နဲ့အလှပန်းပင်တစ်ချို့ကိုစိုက်ပျိုးပေးမဲ့ Garden ကုမ္ပဏီတစ်ခုကိုရောက်လာဖို့ရှိကြောင်း။
ထိုအဖွဲ့တွေပြုပြင်နေချိန်မှာ တစ်ချက်တစ်ချက်သွားကြည့်ပြီး လိုအပ်တာတွေညွှန်ကြားပေးစေလိုကြောင်း။ အင်ယာဌာနအတွက်ထပ်မံဝယ်ယူထားတဲ့ ကားနှစ်စီးရောက်လာဖို့ရှိကြောင်း။ လိုအပ်တဲ့ပြင်ဆင်မှုတွေနဲ့စာရွက်စာတမ်းတွေအကြောင်း။
ကုမ္ပဏီဖွင့်ပွဲမလုပ်ခင် ယူနီဖောင်းတွေကိုအသင့်ရရှိနိုင်အောင် စက်ရုံကို Follow up လုပ်ပေးရန်နှင့် အခြားအချက်အလက်တွေကလေးငါးဆယ်ချက်မက။
သူဌေးပါးစပ်ကပြောနေတဲ့စကားတွေကို စာအုပ်ထဲခပ်မြန်မြန်လိုက်ရေးခြစ်နေရင်း ဝဿန်တစ်ယောက်စိတ်တွေတောင်ဂယက်မထနိုင်တော့ပါ။ ဝဿန့်စိတ်ထဲသူဌေးကပြေးထွက်သွားပြီး တာဝန်ယူရမဲ့အလုပ်တွေအတွက်ခေါင်းခဲလာ၏။
ဝဿန့်လက်အောက်မှာ အားကိုးအားထားပြုရတဲ့အတွေ့အကြုံရင့်ကျက်သူက ကိုအောင်မျိုးတစ်ယောက်ထဲသာ။ ကျန်တဲ့ကောင်မလေးနှစ်ယောက်က ခိုင်းရင်တော့ခိုင်းတဲ့အတိုင်းလုပ်နိုင်ပေမဲ့ ဒီအတိုင်းမျက်နှာလွှဲထားလို့လည်းရတာမျိုးမဟုတ်။ ဘယ်ကိစ္စမဆိုဝဿန်မပါရတာမရှိခဲ့ပါ။
ဒီတစ်လအတွင်း ဝဿန်လုပ်ရမဲ့အလုပ်တွေကလည်းများပြားလိုက်တာ။ အလုပ်နဲ့တာဝန်က မျှတောင်မမျှတသလိုထင်လာမိ၏။ ဝဿန်ကိုရာထူးတိုးလစာတိုးပေးလိုက်တာက အလကားမှမဟုတ်ဘဲ။
အလုပ်တွေက အရင်ကထက်နှစ်ဆမကများလာလိုက်တာ။ အချိန်ပိုတောင်ဆင်းရတော့မယ်ထင်ပါရဲ့။ ဒီအတိုင်းဆက်ခိုင်းနေရင်တော့ အပျိုကြီးကိုလစာထပ်တိုးပေးဖို့ နားပူနားဆာလုပ်ရတော့မှာပဲ။
စာအုပ်ကိုစိုက်ကြည့်ပြီး တောင်စဉ်ရေမရတွေးနေမိတဲ့ဝဿန်တစ်ယောက် အရှေ့တည့်တည့်ကနေစူးစိုက်ကြည့်နေတဲ့သူဌေးရဲ့အကြည့်တွေကို သတိမထားမိတော့ပါဘူး။
"ရာထူးတိုးတာနဲ့မကာမိအောင် အလုပ်တွေကများလိုက်တာလို့ တွေးနေတာလား"
"ဟုတ်...အဲ...မဟုတ်ပါဘူးခင်ဗျ"
"နေရာလိုချင်လို့အလုပ်လုပ်ပြတာထက် အလုပ်လုပ်လို့နေရာရတာမျိုးက ကိုယ့်အရည်အသွေးကို ပိုပြီးတောက်ပြောင်စေတယ်ဆိုတာကို ဒီရုံးကဝန်ထမ်းတွေ ကွဲကွဲပြားပြားမြင်တတ်ရင်ကောင်းမယ်"
သူ့ဘာသာပြောနေသလိုလို ဝဿန့်ကိုဦးတည်ပြီးပြောနေသလိုလိုစကားကြောင့် ဝဿန့်မျက်နှာလေးခပ်ရဲရဲဖြစ်သွားရတယ်။
သူဌေးကစိတ်ကိုဖတ်တတ်တဲ့လူမျိုးလား။ ခေါင်းကိုငုံ့ထားရင်းဝဿန်ဘာပြန်ပြောရမှန်းလည်း မသိတော့ပါ။
"ကိုယ်လုပ်နေတွေတာ ဘယ်အတိုင်းအတာအထိ ရည်ရွယ်ပြီးလုပ်နေတယ်ဆိုတာကိုယ်ပဲသိပါတယ်။ အခုအချိန်မှာလူနဲ့မမျှအောင် ပင်ပန်းနေတာကိုသိပေမဲ့ သည်းခံပေးပါအုံး HR Manager လေးရယ်။ အရိပ်ကိုလိုချင်ရင် နေပူကနေစောင့်မှရတယ်ဆိုတဲ့စကားပုံကိုကြားဖူးတယ်မဟုတ်လား။ ဒီကုမ္ပဏီက အရိပ်ထဲမှာနေနေတာကြာခဲ့ပြီလေ။ အရိပ်ထဲမှာနေတိုင်းလည်းကောင်းတာမှမဟုတ်တာ။ ဒီတော့လုပ်စရာရှိတာတွေကို အချိန်ရှိတုန်းတွန်းလုပ်နေရတာမျိုးပါ"
"ဟုတ်ကဲ့"
"၅ လပိုင်းအကုန်လောက်ဆိုရင် ကုမ္ပဏီရဲ့ပြုပြင်ပြောင်းလဲရေးတွေကလည်းပြီးလောက်ပါပြီ။ တကယ့်လုပ်ငန်းခွင်ထဲဝင်ရတော့မှာဆိုတော့ ဒီလောက်မပင်ပန်းတော့ဘူးဆိုပေမဲ့ ဒီလောက်နီးပါးတော့အလုပ်များနေအုံးမှာပဲ"
"ဟုတ်ကဲ့ခင်ဗျ၊ နားလည်ပါပြီ"
"ခေတ်အပြောင်းအလဲမှာ ပြောင်းလဲသွားတဲ့ပုံစံသစ်တွေနဲ့ လိုက်လျောညီထွေဖြစ်ဖို့လည်းလိုနေသေးတယ်ဆိုတာကို HR တစ်ယောက်အနေနဲ့မြင်မယ်ထင်ပါတယ်၊ ဒီတော့...နည်းနည်းလောက်ပိုပြီးကြိုးစားပေးပါအုံး"
"ဟုတ်ကဲ့ပါ Boss၊ ကျွန်တော့်ဌာနကိုတော့ ကျွန်တော်ကောင်းကောင်းထိန်းနိုင်ပါတယ်"
"ယုံပါတယ်။ ဒါနဲ့ မင်း Report ထဲမှာပါတဲ့အချက်တစ်ချက်ကိုလည်း လုပ်ပေးဖို့ခေါင်းထဲထည့်ထားပါတယ်။ အခြေအနေကမတည်ငြိမ်သေးတော့ အဲ့ဒီ့ကိစ္စကို August or September လောက်မှပဲလုပ်နိုင်လိမ့်တော့မယ်ထင်တယ်"
သူဌေးဘာကိုရယ်ရွယ်ပြီးပြောနေမှန်း ဝဿန်ချက်ချင်းနားမလည်လိုက်ပါ။ Report ထဲမှာ ဝဿန်ရေးခဲ့တာတွေကလည်းအများသား။ သူဌေးကိုနားမလည်သလိုစိုက်ကြည့်နေမိတော့ ဟွန့်ကနဲအသံပြုလာပြီး...။
"ရေးထားတာတွေများလွန်းလို့ မမှတ်မိတော့ဘူးပေါ့ ဟုတ်လား"
မေးလိုက်တဲ့စကားကြောင့် ဝဿန့်မျက်နှာမှာဖျင်းကနဲပူရပြန်တယ်။ ဒီသူဌေးနဲ့တော့ ဝဿန်အရှက်ကြီးကွဲနေတော့တာပဲ။ သေတောင်သေချင်ပါတော့တယ်ဗျာ။
"ဟုတ်...တောင်းပန်ပါတယ်ခင်ဗျ၊ ကျွန်တော်စိတ်ရှိတိုင်း အများကြီးချရေးလိုက်မိပါတယ်"
ဦးရဲလိုသူဌေးမျိုးများလားရယ် စိတ်ထဲတွေးမိလို့ စိတ်ရှိတိုင်းရေးခဲ့မိကာမှ အရည်အချင်းပြည့်ဝတဲ့သူဌေးဖြစ်နေတော့ ဝဿန့်အဖြစ်က နွားရှေ့ထွန်ကျူးသလိုဖြစ်နေပါပြီ။ အဲလေ...သူဌေးကိုနွားနဲ့နှိုင်းမိသွားပါပြီ။ သိများသွားရင်တော့ ထကန်လိုက်လေမလားအတွေးနဲ့ ခေါင်းကိုငုံ့ချထားရပြန်၏။
"ကိစ္စမရှိပါဘူး။ မင်းရေးထားတာတွေက တကယ်လည်းလိုအပ်နေတာပဲလေ။ ရုံးတွင်းသင်တန်းကိစ္စနဲ့ ဌာနအချင်းချင်း Process တွေအကြောင်း Sharing လုပ်မဲ့ကိစ္စကိုပြောနေတာပါ"
"ဪ ဟုတ်ကဲ့ခင်ဗျ၊ ဟို...အဲ့တာကလေ...လုပ်ကိုလုပ်ရမယ်လို့လည်း မဆိုလိုပါဘူးခင်ဗျ။ အလုပ်ပါးတဲ့ရာသီတွေမှာ အချိန်တွေအလကားမဖြစ်အောင်အကြံပေးတာမျိုးလောက်ပါ။ ဟိုလေ..အရင်တုန်းက ဒီရုံးရဲ့ဖွဲ့စည်းပုံကနည်းနည်း ဖရိုဖရဲ..ဟို..."
"ဟုတ်ပါပြီ ကိုယ်ကလည်း အဲ့လိုအချိန်တွေအတွက်ကိုပဲ ပြောနေတာပါ။ ဒါကြောင့် အခုချက်ချင်းတော့မလုပ်နိုင်သေးဘူး။ အခြေအနေတစ်ခုအထိ လုပ်ငန်းလည်ပတ်နိုင်ပြီးဆိုရင်လို့ကြိုပြောထားတာမျိုးပါ"
"..."
"ဒါပေမဲ့ မင်းအချိန်ရရင်တော့ ဘယ်လိုသင်တန်းတွေစပေးသင့်သလဲဆိုတာကို နံပတ်စဉ်အလိုက်စီစဉ်ထားစေချင်တယ်။ အခုမဟုတ်ပါဘူး လုပ်ရင်းကိုင်ရင်းမှတ်ထားတာမျိုးပါ။ ကိုယ်ကလိုအပ်လို့မေးလိုက်မှအသင့်ရှိမနေရင် အချိန်ပုတ်တယ်လေ။ ကိုယ့်ဆီမှာအရှားပါးဆုံးကအချိန်မဟုတ်လား"
"နားလည်ပါပြီခင်ဗျ၊ ကျွန်တော်စဉ်းစားပြီးမှတ်ထားပေးပါ့မယ်"
အခန်းထဲရောက်တာတစ်နာရီနီးပါးရှိနေပြီဆိုတော့ ဝဿန်မှာနေရထိုင်ရသိပ်အဆင်မပြေတော့ပါ။ အေးစိမ့်လွန်းတဲ့အခန်းထဲမှာ ကော်ဖီတွေလည်းသောက်ထားတော့ ကိစ္စကထိပ်ဝကိုရောက်လာချိန် ဖင်ကတကြွကြွ။
ပြန်ဖို့စကားဖြတ်မယ်ကြံရင် သူဌေးကစကားစပြန်ကောက်လိုက်နဲ့ လုံးချာလည်နေတော့တယ်။ ရုံးခန်းထဲလည်းဘာတွေဖြစ်နေပြီလဲ နောက်ကြောင်းလည်းမအေးနိုင်ပါ။
ကယ်တင်ရှင်အတွင်းရေးမှူးမမ အခန်းထဲဝင်လာတော့မှ ဝဿန်အခန်းထဲကနေထွက်ခွင့်ရခဲ့ပါတော့တယ်။
အခန်းထဲကနေမထွက်ခင် မြင်ဖြစ်အောင်မြင်လိုက်မိတာက သူဌေးထိုင်ခုံနဲ့မျက်နှာချင်းဆိုင် ဝဿန့်နောက်ကျောနံရံထက်က တစ်ရုံးလုံးကိုမြင်နေရတဲ့ TV အကြီးကြီးကိုပါ။
သူဌေးကသူ့ရုံးခန်းထဲထိုင်ပြီး တစ်ရုံးလုံးကိုကြည့်လို့ရနေတာပဲဆိုတဲ့အသိက ဝဿန့်နောက်ကျောလေးတောင်မလုံနိုင်တော့ပါ။
အခန်းထဲကထွက်လာပြီး HR ရုံးခန်းထဲကိုချက်ချင်းမပြန်နိုင်သေး။ အမျိုးသားတွေအတွက်သီးသန့်ထားရှိတဲ့ သန့်စင်ခန်းရှိရာဆီ ခပ်သုတ်သုတ်ပြေးရပါတော့တယ်။
HR မန်နေဂျာလေးမသိလိုက်တာက အခန်းထဲကနေ သူထွက်သွားတာနဲ့ CCTV ကိုမော့ကြည့်လိုက်တဲ့ သူဌေးရဲ့မျက်နှာပြင်ထက်က ကျေနပ်ပြုံးကြီးတစ်ခု။
ခပ်တိုးတိုးရေရွတ်လိုက်သံက "သိပ်ချစ်ဖို့ကောင်းတာပဲ" တဲ့။
"အချစ် = ခရီးသည်"
အချိန်ဆိုတာ
အကောင်းဆုံးမေ့ဆေးတဲ့
ဘယ်သူတွေကဗ္ဗည်းတင်ခဲ့ပါလိမ့်။
အချစ်ဆိုတာ
သောကဆိုတဲ့
ကစဥ့်ကလျားစိတ်တွေရဲ့
မျှော်လင့်တမ်းတ
ခိုနားရာ ရာသီစက်ဝိုင်းတစ်ခု။
မော်ကွန်းဆိုတာ
အဝေးပြေး...ဟိုက်ဝေးလမ်းမပေါ်က
မျှော်လင့်ခြင်းခရီးသည်
နွေ...ရယ်နေမလား။
# မော်ကွန်း
With Love
HSY
5.6.2022
(မကျေနပ်လို့ ထပ်ရန်တွေ့အုံးမယ်။ မော်ကွန်း Partner ၄ ယောက်ထားတာကို ပြောနေကြတာနော်။ ဒီလောက်ပွင့်လင်းတဲ့နိုင်ငံမှာ ၁၂ နှစ်ကြာနေပြီး အိမ်ထောင်ကျမလာတာပဲတော်သေးတယ်။ တွဲတယ်ဆိုတာကလည်း နှစ်ရှည်လများမဟုတ်ပါဘူးနော်။ နောက်ပိုင်းတွေမှာ တစ်စွန်းတစ်စပါလာအုံးမှာပါ။
ရှင်တို့ကလည်းလေ...ဂေးမှုန်ရဲ့တောင်ငူသားကြီးကို အပြစ်ပဲတင်ချင်နေကြတယ်။ ဂေးမှုန်လည်း အဲ့ကိစ္စကိုသိပ်ပြီးကျေနပ်တာတော့မဟုတ်ပါဘူး။ ဒါပေမဲ့ မော်ကွန်းကလည်း သာမာန်လူသားတစ်ယောက်ပဲလေ။ အာသဝေါတရားကုန်ခမ်းနေတာမှမဟုတ်တာဘဲ။
ချစ်မှုရေးရာလေးတွေတော့ရှိမှာပေါ့လို့။ မမှားသောရှေ့နေ မသေသောဆေးသမားတဲ့။ သွေးနဲ့သားနဲ့လူတစ်ယောက် Partner လေးထားမိတာအပြစ်လား ဟွန့်။ ဘာကြောင့် ၄ ယောက်တောင်ရှိသွားတာလည်းဆိုတာလည်းအကြောင်းရှိတယ် သိလား သိလား။
အချော့ကောင်းလို့ တင်ပေးလိုက်တယ်။ ကြားမှာတော့ ၃ ရက်နားမယ်။ ငချိပ်ကိုအချိန်ပေးလိုက်အုံးမယ်။
အလေ့အကျင့်များရင် ဘာဖြစ်သလဲပရိတ်သတ်ကြီး 😂
ဒါနဲ့ သူတို့ရဲ့မွေးနေ့တွေ မမှုန်ပြန်ပြင်ထားတယ်နော်။
မော်ကွန်းက 2.1.1986
နွေက 24.5.1986 ပါလို့