သူသည် အလန့်တကြားဖြစ်သွားသည်မို့ အားခနဲ ကျယ်လောင်စွာအော်လိုက်မိ​၏။ သူ​၏အော်သံကြောင့်
အနီးအနားရှိလူများ​၏ အာရုံသည် သူ့အပေါ်ကျရောက်လာသည်။

"သွားပါပြီ..."

အင်္ကျီကိုစွန်းပေသွားသော ​ရေခဲမုန့်ကို ကြယ်လေး ကြည့်ရင်း ရှုံ့ရှုံ့မဲ့မဲ့ပြောသည်။ သူသည် ဝေဖာကတော့ချွန်ကို လက်ဖြင့်ဆွဲဖယ်လိုက်သည်။ ရေခဲမုန့်မှာမူ ရစရာမရှိလောက်အောင် သူ့အင်္ကျီအပေါ်ပေကျံသွားလေပြီ။

"အဆင်ပြေရဲ့လား..."

လူအုပ်ကြားထဲမှ နက္ခတ်တိုးထွက်လာ​၏။ လူများသည်
နက္ခတ်ထွက်လာသည်မို့ ဘေးသို့ရှောင်ပေးကြ​သည်။

နက္ခတ်ကိုမြင်လိုက်သဖြင့် ကြယ်လေး မျက်နှာအရောင်တောက်သွား​၏။ တစ်ဆက်တည်းမှာပင် သူဖြစ်နေသော ကိုရို့ကားယားပုံစံကြောင့် အတန်ငယ်ရှက်သလိုခံစားလိုက်ရသည်။

နက္ခတ်သည် တစ်စုံတစ်ယောက်ချော်လဲသွားမှန်းသိလိုက်သောကြောင့် ထိုသူဆီတိုးထွက်လာခဲ့သော်လည်း ထိုသူမှာ ကြယ်လေးမှန်း မသိခဲ့ချေ။ ထို့ကြောင့် ကြမ်းပြင်ပေါ် ပက်လက်လေးလဲနေသော ကြယ်လေးကိုမြင်သောအခါ

"ကြယ်လေး..."

ဟု တအံ့တဩရေရွတ်မိလိုက်သည်။

"Hello အစ်ကို..."

ကြယ်လေး မချိပြုံးလေးဖြင့် နှုတ်ဆက်​၏။ ထို့နောက် သူသည် ဘာအတွက်ကြောင့် ချက်ချင်းပြန်မထဘဲ ကြမ်းပြင်ပေါ်ဆက်လှဲနေရပါသလဲ ဟုသတိရလာသည်။ ကြယ်လေး ကမန်းကတန်းကုန်းထ​၏။

နက္ခတ် သူ့ကို လက်ကမ်းပေးလာသည်။
ကြယ်လေး နက္ခတ်​၏လက်ကိုကြည့်ပြီး နက္ခတ်ကိုမော့ကြည့်လိုက်​၏။ ပွဲအခမ်းအနားအတွက်မို့ ပြင်ဆင်လာသော နက္ခတ်သည် သာမန်ထက်ပို၍နှစ်ဆချောနေသည်။
သူ ပြုံးမိလိုက်ကာ နက္ခတ်လက်ကို ဆွဲပြီးထ,လိုက်သည်။

"နာသွားသေးလား..."

နက္ခတ် ညင်သာစွာမေးသည်။ ကြယ်လေး ခေါင်းတဆက်ဆက်ခါပြ​၏။

"ဟင့်အင်း...မနာပါဘူး..."

"ဒီမှာ ပေသွားပြီ..."

MISSION IMPOSSIBLE : mission to get crushWhere stories live. Discover now