Ep- 39

15.5K 2.3K 56
                                    

[Unicode]

ကတောင်!

တိတ်ဆိတ်နေသော ပတ်ဝန်းကျင်လေထုကို ဖောက်ထွင်း၍ ထွက်ပေါ်လာသော ဖုန်းမှမြည်သံသဲ့သဲ့လေးကြောင့်
ဖုန်းကိုခဏတာဖွင့်၍ ကြည့်လိုက်သည်။

" mission impossible " ဟူသော  group chat ၏အောက်တွင် နိုးနိုးထံမှရောက်ရှိလာသော
message ကပြူးနေသည်။ နိုးနိုးထံမှရသော
ထိုစာမှာ...

# ငါတို့သေချာအောင်စောင့်ကြည့်ကြတာပေါ့#

ဟူသောစာတိုလေးတစ်စောင် ဖြစ်ပါသည်။
ထိုစာအပေါ်တွင်တော့ လင်းနှင့်မဒီ ပြောထားသော
Message များရှိနေသည်။

မဒီ : နှင်းဆီပန်းက သားသားအိတ်ထဲရောက်နေတာ....
ဟိုလေးယောက်ထဲက တစ်ယောက်ထည့်လိုက်တာ သေချာတယ်။ ခွန်စိုင်းကတော့ မမရိပ်ရှိလို့ထားလိုက်တော့။
ကျန်တဲ့သုံးယောက်ကို သံသယဝင်သင့်တယ်

လင်း : အဲ့လိုလည်းပြောလို့မရသေးဘူး...ဂိတ်ဝမှာလူတွေကြပ်နေတာ...သူတို့လေးယောက်ထဲမှမဟုတ်တာ။ တခြားလူတစ်ယောက်လည်း ဖြစ်နိုင်တယ်။

မဒီ : ဟုတ်တော့ဟုတ်ပါတယ်။ ဒါပေမယ့် White က
သားသားအနားကို ရောက်ခဲ့တာတော့ အမှန်ပဲ။

message များကိုပြန်ဖတ်ကြည့်ရင်း ပါးစောင်အတွင်းသို့ လျှာကို ထိုးလိုက်မိသည်။ ဖုန်းကို ပြန်ပိတ်ကာ ဘောင်းဘီအိတ်ထဲသို့ သေချာထည့်လိုက်သည်။ ထို့နောက် ဘေးနားရှိ သံကြိုးနှစ်ချောင်းကို လက်နှစ်ဖက်ဖြင့် ခပ်ဖွဖွဆုပ်ကိုင်လိုက်ပြီး
လင်း ထိုင်နေသော  သစ်သားဒန်းလေးကို လွှဲစေရန်
မြေကြီးပေါ်ခြေထောက်ဖြင့် ထောက်၍ကန်လိုက်သည်။
ဒန်းနှင့်အတူလင်းသည် အနောက်ဘက်သို့ယိမ်းသွားသည်။
အေးစက်စက်လေတစ်ချက်သည် လင်း၏ဆံပင်တို့ကို
လှုပ်ခတ်သွားစေသည်။

ဆောင်းရာသီဝင်လာပြီ ဖြစ်သဖြင့် ညနေစောင်းသည်
ပို၍မှောင်နေကာ အေးစိမ့်စိမ့်ဖြစ်နေ၏။

လင်း ရောက်နေသောနေရာမှာ ရပ်ကွက်အတွင်းရှိ
ကလေးကစားကွင်းအသေးစားတစ်ခုဖြစ်သည်။
ဤကစားကွင်းကို ဖွင့်ထားတာတော့ မကြာသေးပါ။
သို့သော် ဤကစားကွင်းအတွင်း ပစ္စည်းများမှာတော့ အတော်လေးစုံလင်လှသည်။ ဤ မကျဉ်းမကျယ်ကစားကွင်းလေးထဲတွင် ဒန်း...လျှော...ဆီးဆော...အစရှိသည်တို့အပြင်
ဘားတန်းများနှင့် တခြားသောကစားစရာပစ္စည်းများလည်း
ရှိပါသည်။ ဤကစားကွင်း၌ မနက်ပိုင်းနှင့်ညနေပိုင်းအချိန်များတွင် လာဆော့ကြသောကလေးငယ်များ နှင့် သူတို့၏
အုပ်ထိန်းသူများ....ရပ်ကွက်ထဲမှအပျင်းပြေလမ်းလျှောက်ထွက်လာသူများနှင့် စည်ကားနေပါသည်။ ယခု လင်း ရောက်နေသောအချိန်သည် အတန်ငယ်နောက်ကျသွားသောကြောင့်လားမသိ။ လင်းတစ်ယောက်တည်းသာ ကစားကွင်းတွင်ရှိနေသည်။ ကစားကွင်း၏ အရှေ့ဘက်မျက်နှာစာတွင်
ကားအသွားအလာ သိပ်မရှိသောကားလမ်းမရှိပြီး
ဘယ်ဘက်ဘေးတွင် လမ်းသွယ်။ အနောက်ဘက်နှင့် ညာဘက်တွင် လူနေအိမ်အချို့ရှိသည်။ ကစားကွင်းဘက်သည်
ညနေစောင်းအချိန်တွင် လူအသွားအလာနည်း၏။
ညဘက်သို့ ရောက်လေ ရောက်လေ....ကစားကွင်းဘက်သည် လူပိုပြတ်လေ ပြတ်လေ...ဖြစ်၏။

ခြေညှပ်ဖိနပ်စီးထားသော ခြေထောက်တို့ဖြင့်
အလှစိုက်ထားသော တိုစိစိမြက်ပင်များကို တို့ထိတူးဆွနေမိသည်။ မြက်ခင်းကို အမှတ်မဲ့ငုံ့ငေးကြည့်နေမိရင်း
လင်း၏အတွေးတို့၌ White ဟူသောလူအကြောင်းကို
တွေးမိလိုက်ပါသည်။

MISSION IMPOSSIBLE : mission to get crushWhere stories live. Discover now