Ep-48

16K 2.2K 101
                                    

[Unicode]

" ကိုယ် အိမ်ရှေ့ရောက်နေတယ်"

ပုံမှန်မဟုတ်သော ရီဝေအက်ကွဲသည့်အသံကြောင့် လင်းသည် ဖုန်းကိုနားမှခွာလိုက်မိသည်။ ဖုန်းထဲမှ နာရီကို ကြည့်လိုက်သည်။

ည ၁၁နာရီ ၄၅ရှိပြီ...

ဒီအချိန်ကြီး နက္ခတ်ဟာ ဘာလို့ အိမ်ရှေ့ရောက်နေရတာလဲ...

အံ့သြစိတ်နှင့်အတူ အိပ်ရာမှ ကမန်းကတန်းထကာ အိမ်ရှေ့သို့ ပြေးထွက်သွားရသည်။ သော့ခတ်ထားသော တံခါးမကြီးမှ သော့ကိုဖွင့်ပြီးနောက် အိမ်အပြင်သို့ အလျင်အမြန်ထွက်ကြည့်လိုက်သည်။

နက္ခတ်၏ကားသည် အိမ်ရှေ့တည့်တည့်တွင်ရပ်ထား၏။
နက္ခတ်က ကားကိုမှီလျက် ခေါင်းငိုက်စိုက်ချကာ ရပ်နေသည်။
ညသည် မှောင်နေသောကြောင့် နက္ခတ်၏မျက်နှာအမူအရာ
ဘယ်လိုပုံစံရှိသလဲဆိုတာကို မခန့်မှန်းနိုင်ချေ။

" ကိုကြီး..."

လင်း၏အသံကြားသောအခါ နက္ခတ်မော့ကြည့်လာသည်။
နက္ခတ်သည် လင်းဆီသို့ လျင်မြန်စွာလျှောက်လာသည်။
ထို့နောက် စကားတစ်ခွန်းမှမဆိုဘဲ လင်းကိုသူ့ရင်ခွင်ထဲ
ဆွဲသွင်းကာ တင်းကျပ်စွာဖက်လိုက်သည်။
နက္ခတ်ထံမှ အရက်နံ့များက လှိုင်နေ၏။

" ဘာဖြစ်လာလို့လဲဟင်...ညဘက်ကြီး ဘယ်လိုလုပ်ရောက်လာတာလဲ...."

လင်းသည် သူ့ကိုဖက်ထားသောနက္ခတ်၏လက်များကို ခွာချရန် ကြိုးစားသည်။ နက္ခတ်က အလွှတ်မပေးဘဲ ပိုမို၍ တင်းကျပ်အောင်ဖက်လိုက်ပြန်သည်။

" နက္ခတ်...ကျွန်တော်အသက်ရှူကျပ်တယ်..."

လွန်စွာတင်းကျပ်သောကြောင့် ကိုယ်ကိုရုန်းလိုက်မိသည်။
နက္ခတ်က နည်းနည်းမှအလျှော့မပေးချေ။ ထို့ထက်မူ
နက္ခတ်၏ကိုယ်သည် တုန်လာသည်ကိုခံစားလိုက်မိသည်။
မရှေးမနှောင်းပင် နက္ခတ်ထံမှ အက်ကွဲသောငိုသံအချို့ကိုကြားလာရသည်။ လင်း ရုန်းရန်မကြိုးစားမိတော့။

" ဘာဖြစ်လာလို့လဲဟင်...."

ငိုနေသောသူကို နှစ်သိမ့်ရန် ကျောပြင်ကိုခပ်ဖွဖွပုတ်ပေးလိုက်သည်။ ငိုသံတွင် ရီဝေသော်လည်း နူးညံ့သော စကားသံအချို့ ကပ်ငြိနေသည်။

MISSION IMPOSSIBLE : mission to get crushWhere stories live. Discover now