အခန်း ၁၂၈: ပျော်ပွဲရွှင်ပွဲည

2.2K 457 46
                                    

{Unicode}

အခန်း ၁၂၈: ပျော်ပွဲရွှင်ပွဲည

...ချန်ရွှမ်းဟယ်အတွက်မျှော်လင့်ချက်ရှိသေးရဲ့လား?

"ချန်ရွှမ်းဟယ်! ချန်ရွှမ်းဟယ်!" နင်နင်အဝင်ဝမှာရပ်ပြီး ရုပ်ရှင်ရုံထဲအကြိမ်အနည်းငယ် အော်ခေါ်ကြည့်ပေမဲ့ ချန်ရွှမ်းဟယ်ပြန်မထူးလာသလို ဘယ်သူမှလည်း သူမကိုထွက်လာမကြည့်ကြပေ။ သူမစိုးရိမ်ပူပန်လွန်းတာကြောင့် စပြီးတော့ထိုင်မရထမရဖြစ်လာခဲ့တယ်။

ရွေးချယ်စရာမရှိတော့ပေ။ သူမအဆက်မပြတ်မြည်နေတဲ့ဖုန်းကို အရင်ကိုင်လိုက်တယ်။

"ဟမ်၊ ဘာဖြစ်လို့မင်းကိုင်တာလဲ?" ဒါရိုက်တာချန်ရဲ့အသံက တစ်ဖက်ကနေထွက်ပေါ်လာတယ်။ "ရွှမ်းဟယ်ရော?"

နင်နင်နားသယ်ကိုဖိလိုက်တယ်။ "သူအခုမအားနေဘူး၊ ခဏနေဖုန်းပြန်ခေါ်ခိုင်းလိုက်မယ်"

"အိုး မလိုဘူး" ဒါရိုက်တာချန်ကရယ်လာတယ်။ "ငါကြားတာ မင်းတို့နှစ်ယောက်တူတူရှိနေတယ်ဆို... မင်းတို့အုတ်ဂူဆီသွားခဲ့တာလား?"

"အင်း ဟုတ်တယ်" သူအောင်သွယ်ကိစ္စအကြောင်းကို ထပ်ပြောလာဦးမှာစိုးတာကြောင့် နင်နင်မြန်မြန်ဆက်ပြောလိုက်တယ်။ "ဒါရိုက်တာချန်၊ ဒီနေ့ကရှင့်ဇနီးရဲ့ နှစ်ပတ်လည်နေ့ဆို၊ ဘာဖြစ်လို့သူ့ကိုသွားမကြည့်တာလဲ?"

"ငါကအလုပ်များတဲ့လူလေ၊ နောက်ရုပ်ရှင်တစ်ခုအတွက် ပြင်ဆင်နေရတယ်၊ အရမ်းအရေးကြီးတဲ့ရုပ်ရှင်" သူ့ဇနီးရဲ့အကြောင်းပြောတဲ့အချိန်မှာ ဒါရိုက်တာချန်ရဲ့လေသံက သူစိမ်းတစ်ယောက်ရဲ့အကြောင်းကို ပြောနေရသလိုမျိုး ခံစားချက်ကင်းမဲ့လို့နေတယ်။ "ရွှမ်းဟယ်သွားရင်ရပြီပေါ့၊ ဟုတ်သားပဲ ဒါနဲ့ မင်းရဲ့အမေရဲ့အုတ်ဂူလည်း အဲ့မှာပဲလေ၊ ရောက်တုန်းသူ့ဆီရော သွားခဲ့သေးလား?"

"သွားခဲ့တယ်၊ မေမေ့ရဲ့ပရိသတ်တချို့နဲ့တောင် တွေ့ခဲ့သေးတယ်..." နင်နင်ပြောလိုက်တယ်။

"အိုး? ဆက်ပြောပါဦး" ဒါရိုက်တာချန်က သူ့ရဲ့ဇနီးနဲ့စာရင် အဲ့ဒီပရိသတ်နည်းနည်းကို ပိုပြီးစိတ်ဝင်စားနေပုံပေါ်တယ်။ သူကအရမ်းစိတ်အားထက်သန်စွာနဲ့ မေးလာတာကြောင့် နင်နင်သူ့ကိုအစကနေအဆုံးထိ ပြောပြလိုက်တယ်။ အဆုံးမှာသူသက်ပြင်းချပြီး အတိတ်ကိုပြန်သတိရနေသလိုမျိုး ပြောလာခဲ့တယ်။ "ငါ့လိုအသက်ကြီးပိုင်းတွေချည်း နင်ယွိရန်ရဲ့ပြိုင်ဘက်ကင်းဆွဲဆောင်မှုကို အမှတ်ရနေကြတော့တာ၊ နောက်ကျရင် ငါလည်းတစ်ခေါက်လောက် သူ့ဆီသွားရမယ်..."

ငါဒီရုပ်ရှင်ထဲကူးပြောင်းလာဖူးတယ် « 这个电影我穿过 »Where stories live. Discover now