«ဆဋ္ဌမ/ဇာတ်သိမ်း» အခန်း ၁၀၇: ဘယ်သူ့အတွက်လဲ

2.4K 473 119
                                    

{Unicode}

«ဆဋ္ဌမ/ဇာတ်သိမ်း»

အခန်း ၁၀၇: ဘယ်သူ့အတွက်လဲ

"ငါမင်းတို့နှစ်ယောက်လုံးကို ကောင်းကောင်းမွန်မွန်ဆက်ဆံခဲ့တာပဲ" ဖေရွှမ်ကလက်ပိုက်ရင်း မုကွားကိုကြည့်လာတယ်။ "မင်းကျောင်းထွက်ပြီး ဆောက်လုပ်ရေးမှာဝင်လုပ်နေတဲ့အချိန် မင်းအသက်ငယ်သေးတာကိုတွေ့လို့ အိမ်ခေါ်ပြီး အဲ့မှာအလုပ်တစ်နှစ်လုံးလုပ်တာထက် ပိုများတဲ့လစာကိုပေးခဲ့တာ ငါပဲလေ၊ အဲ့ဒါမင်းဘာကိုမကျေနပ်တာလဲ?"

ပြီးတော့သူမုအာကိုကြည့်ပြီး ပြုံးလာတယ်။ "မင်းကမင်းရဲ့မိသားစုကို ထောက်ပံ့ချင်တယ်ဆို၊ မင်းရဲ့အမေကိုကုပြီး မင်းမောင်လေးကို တက္ကသိုလ်ပို့ပေးနိုင်သ၍ ဘာမဆိုလုပ်နိုင်တယ်ဆို၊ မင်းမလုပ်ချင်တဲ့အရာ ဘာကိုမှအတင်းဖိအားမပေးခဲ့ဘူး၊ မင်းသရုပ်ဆောင်ချင်တယ်ပြောလို့ သရုပ်ဆောင်ခိုင်းခဲ့တယ်၊ မင်းပဲသရုပ်ဆောင်ဖြစ်ချင်တာ မဟုတ်ဘူးလား? ဝါသနာပါတာကိုလုပ်ရင်း ပိုက်ဆံလည်းရှာနိုင်နေတာကို မင်းမကျေနပ်တာဘာရှိလို့လဲ?"

သူ့မျက်နှာပေါ်ကအပြုံးက တဖြည်းဖြည်းလွင့်ပြယ်သွားတယ်။ သူ့ရဲ့အမူအရာ အေးစက်လာပြီး အခန်းရဲ့လေထုက ပိုပိုပြီးသိပ်သည်းလို့လာတယ်။

"အကြောင်းပြချက်တစ်ခုပဲပေး" ဖေရွှမ်အမူအရာကင်းမဲ့စွာနဲ့ ပြောလာတယ်။ "ငါ့ကိုဘာဖြစ်လို့သစ္စာဖောက်တာလဲ?"

မုကွား, "ကျွန်တော်ဆောက်လုပ်‌ရေးမှာပဲ ပြန်လုပ်ချင်တယ်"

"ကျွန်မ..." မုအာသူ့ကို လိမ်မပြောနိုင်ပါချေ။ ဒါမှမဟုတ် သူနဲ့အတူရှိခဲ့ရတဲ့အချိန်က ရှည်ကြာလွန်းတာကြောင့် သူမဖေရွှမ်ကိုဖြစ်သလို မပြောနိုင်တာလည်းပါမယ်။ သူမနှုတ်ခမ်းကိုတင်းတင်းစေ့ပြီး ပြောလိုက်တယ်။ "တောင်းပန်ပါတယ်၊ မင်းသမီးဖြစ်ဖို့က ကျွန်မရဲ့အိပ်မက်ဆိုပေမဲ့ ဘာပဲဖြစ်ဖြစ် အိပ်မက်ကအိပ်မက်ပဲလေ၊ စမ်းကြည့်ပြီးတော့မှ ကျွန်မသာမန်ဘဝကိုပဲ ပိုသဘောကျတယ်ဆိုတာကို သိခဲ့ရတာ၊ ကျွန်မတကယ်တောင်းပန်ပါတယ်၊ ပိုက်‌ဆံတွေ... ရှင့်ကိုပြန်ပေးနိုင်မယ့်နည်းလမ်း ကျွန်မရှာပါ့မယ်"

ငါဒီရုပ်ရှင်ထဲကူးပြောင်းလာဖူးတယ် « 这个电影我穿过 »Where stories live. Discover now