အခန်း ၁၁၇: ဝိုင်အတူသောက်ခြင်း

2K 441 34
                                    

{Unicode}

အခန်း ၁၁၇: ဝိုင်အတူသောက်ခြင်း

အိပ်ခန်းထဲမှာ အဝတ်ဗီရိုပွင့်ဟလို့နေတယ်။

အထဲမှာရှိတဲ့အဝတ်အစားတွေတစ်ခုချင်းစီတိုင်းက အရောင်စုံပြီး ဒီဇိုင်းစုံလင်ကြကာ တန်ဖိုးကြီးမှန်းသိသာလှတယ်။ လက်တစ်ဖက်က ထိုအဝတ်အစားတွေရဲ့ ဘယ်ကနေညာဘက်ဆီကို ဖြတ်ပြေးသွားပြီး ရှေးဆန်တဲ့ရှပ်အဖြူတစ်ထည်ပေါ်မှာရပ်သွားတယ်။ ထိုလက်က ခဏလောက်တွန့်ဆုတ်နေပြီးမှ ရှပ်အဖြူဘေးက ဂါဝန်ကိုဆွဲထုတ်လိုက်တယ်။

တံခါးအပြင်ဘက်မှာရပ်နေတဲ့ဝမ်ယွီက အခန်းထဲကနေထွက်ပေါ်လာတဲ့ နင်နင့်ရဲ့အသံကို ရုတ်တရက်ကြားလိုက်ရတယ်။ "ဝမ်ယွီ အထဲဝင်လာပါလား?"

"ဘာဖြစ်လို့လဲ?" ဝမ်ယွီမေးလာတယ်။

"ငါ့ကိုကူညီပါဦး" နင်နင်ပြောလိုက်တယ်။ "ကျေးဇူးပြုပြီး"

ခဏတာတိတ်ဆိတ်သွားအပြီးမှာ ဝမ်ယွီလက်ဆန့်ထုတ်ပြီး တံခါးကိုနည်းနည်းဖွင့်ဟလာတယ်။

တံခါးကိုလော့ခ်မချထားပေ။ ကျွီခနဲမြည်သံအပြီးမှာ သူ့ကိုကျောပေးပြီးရပ်နေတဲ့ အမျိုးသမီးတစ်ယောက်ကို သူတွေ့လိုက်ရတယ်။ သူမကညနေခင်းဂါဝန်ကိုဝတ်ဆင်ထားပေမဲ့ အနောက်ကဇစ်ကိုမဆွဲတင်ရသေးတာကြောင့် သူမရဲ့ကျောပြင်တစ်ခုလုံးက ဟာလာဟင်းလင်းဖြစ်လို့နေတယ်။ ဂါဝန်ကနက်မှောင်နေပြီး သူမရဲ့အသားအရည်က ဖြူဥလို့နေကာ အဲ့ဒီမြင်ကွင်းက ညှို့ဓာတ်ပြင်းလွန်းတယ်။

တံခါးဖွင့်သံကြားတာကြောင့် သူမမျက်နှာကိုတစ်စောင်းလှည့်ပြီး သူ့ကိုပြောလိုက်တယ်။ "လက်မမှီလို့ ဇစ်ဆွဲတင်ပေးပါလား?"

ဘန်းခနဲအသံနဲ့အတူ တံခါးကပြန်ပိတ်ကျသွားတယ်။

နင်နင့်ရဲ့ပုခုံးတွေအောက်ကျသွားကာ သူမစိတ်သက်သာရာရစွာနဲ့ သက်ပြင်းအရှည်ကြီးချလိုက်တယ်။

ဒါပေမဲ့သူမမေးစရာရှိတာကို မေးရဦးမှာဖြစ်တယ်။ "ဝမ်ယွီ ဘာဖြစ်လို့လဲ?"

"တခြားဟာဝတ်" ဝမ်ယွီရဲ့အသံက တံခါးအပြင်ဘက်နေထွက်ပေါ်လာတယ်။

ငါဒီရုပ်ရှင်ထဲကူးပြောင်းလာဖူးတယ် « 这个电影我穿过 »Where stories live. Discover now