Chapter 1

31K 1.6K 40
                                    

[Unicode]

နွေလယ်ခါဖြစ်သော ခုနစ်လပိုင်း၏ အပူသည် ဦးခေါင်းထက်တွင် ရေနွေးငွေ့သင်္ဘောတစ်စင်း ခုတ်မောင်းနေသကဲ့သို့၊ ကမ္ဘာကြီးအား အငွေ့ပျံလောက်အောင် ပြုတ်ထားသကဲ့သို့ ပူပြင်းလှပေသည်။ မြို့တွင်း၌ လေထုအပူချိန်သည် 40° ဝန်းကျင်ထိ တစ်ခါမြင့်တက်ခဲ့ဖူးလေသည်။

ထမင်းစားခန်းငယ်လေးတွင် လေးအေးပေးစက်အား အနေတော်ဖွင့်ထားပြီး ပြတင်းနှင့်တံခါးပေါက်များအား အလုံပိတ်ထားခြင်းဖြင့် ကသိကအောက်ဖြစ်ဖွယ် အပူရှိန်အား တားဆီးထားလေသည်။ စားပွဲအချို့တွင် တူညီသော ဟင်းခြောက်မျိုးစီနှင့် ဟင်းရည်တစ်ခွက်အား ထားထားသည်။ ၎င်းမှာ ပမာဏအတော်တန်များပြီး အသားလည်း အလုံအလောက် ပါဝင်ပေသည်။ သို့သော် ထိုထမင်းဟင်းများမှာ မူလအတိုင်း အရာမယွင်းဘဲ ရှိနေလေသည်။ အကြောင်းမှာမူ ရုပ်မြင်သံကြား၌ Europen Cup ခြေစစ်ပွဲ ပြသနေသောကြောင့် မျက်လုံးအစုံတို့သည် အသေတပ်ထားသကဲ့သို့ TV screen အား မလွတ်စတမ်း ကြည့်နေကြသောကြောင့် ဖြစ်သည်။

" ဂိုး......ဂိုး......အိုင်းယား သွားပါပြီကွာ!"

" ငါပြောမယ် ဒီနှစ် ပြင်သစ်ကတော့ မရတော့ဘူး၊ ဒီနှစ်...... "

ရုတ်တရက် နားအူလောက်တဲ့ အချက်ပေးခေါင်းလောင်းသံ မြည်လာပြီး အချိန်အတော်ကြာသည်အထိ ရပ်မသွားပေ။ ထိုအသံသည် အဆောက်အဦးသုံထပ်စလုံး၏ထောင့်သို့ ပျံ့နှံ့သွားလေသည်။

ထမင်းစားတူပစ်ချသံများ ထွက်ပေါ်လာပြီး အခန်းထဲရှိလူများသည် တစ်ပြိုင်နက် မတ်တပ်ထရပ်လိုက်ကြပြီး တစ်ယောက်အနောက် တစ်ယောက်အမြန်လိုက်ကာ တံခါးပေါက်မှ အမြန်ထွက်ပြီး အောက်ထပ်သို့ အလျင်စလို ပြေးဆင်းကြလေသည်။

" နောက်ဆုံးမှထွက်လာတဲ့လူ လေအေးပေးစက်ပိတ်ခဲ့ " ဟု အရင်ဆုံးထွက်သွားသည့်လူက အော်လေသည်။

" ဝင်ပြီ၊ ဝင်ပြီ !ခေါင်းဆောင်ရန်၊ ဂိုးသွားပြီ !"

ရန်ရိသည် မကြားချင်ယောင်ဆောင်ပြီး သူ၏ ခြေတံရှည်များအား တစ်သားတည်းကျသည်ထိ အလျင်အမြန်ပြေးသွားသောကြောင့် ဘယ်နှစက္ကန့်မျှပင်မကြာလိုက်ဘဲ အောက်ထပ်သို့ ရောက်သွားလေသည်။ မကြာခင်မှာပင် ကားရပ်ထားရာဂိုဒေါင်သို့ အားလုံးရောက်ရှိလာကြလေသည်။ အသီးသီးသည် မိမိ၏ မီးသတ်ဝတ်စုံအား လျင်မြန်စွာ လဲဝတ်လိုက်ကြလေသည်။ တစ်ချက်ကြည့်လိုက်ရုံဖြင့်ပင် သေချာစွာ လေ့ကျင့်ပေးထားခြင်းခံရကြောင်းကို သိရှိနိုင်ပေသည်။

Fight The Fire 《火焰戎装》Myanmar TranslationWhere stories live. Discover now