Chapter 48+48.2

4.1K 687 39
                                    

[Unicode]

ရန်ရိသည် ကုံးရင့်ရှန်နှင့်အတူလိုက်ပြီး ဝင်သွားခဲ့သည်။ ကြီးမားလှသည့်အခန်းထဲတွင် စာအုပ်စင်တစ်တန်းနှင့် စားပွဲအကြီးသုံး-​လေးလုံး​လောက်ကို စီထား​သည်။ စားပွဲအထက်တွင် သက်​သေပစ္စည်းလိုမျိုးပစ္စည်းများကို အများကြီးထားထားပြီး၊ နံရံအထက်တွင် ဓါတ်ပုံ၊ သတင်းစာ၊ အချက်အလက်စသည့်တို့ကို အပြည့်ချိတ်ထားသည်။

၄င်းတို့ထဲမှ နူးညံ့ပြီးခပ်ပွပွရက်ထားသည့်သိုး​မွေးအစခင်းထားသည့်စားပွဲအ​သေး​လေးတစ်ခု​ပေါ်တွင် ဓါတ်ပုံ​ဘောင်​လေးတစ်ခုကိုသာ တင်ထား​လေသည်။

ကုံးရင့်ရှန်သည် စားပွဲအ​ရှေ့သို့ လျှောက်သွားခဲ့သည်။ လက်အိတ်ကို ချွတ်လိုက်ပြီး၊ ဓါတ်ပုံ​ဘောင်ကို ယူကာ၊ ရှည်သွယ်သွယ်လက်​ချောင်းထိပ်က​လေးများဖြင့် ဓါတ်ပုံထဲကလူကို အသာ​လေးပွတ်လိုက်သည်။

ရန်ရိ သူ့အနားသို့ ​လျှောက်သွား​သောအခါ၊ သူသည် ဓါတ်ပုံ​ဘောင်ကို ရန်ရိအား ကမ်း​ပေးလိုက်သည်။

ရန်ရိမှာ အ​လေးအနက်ထားပြီး လက်ခံယူလိုက်သည်။ သူ လက်ခံယူလိုက်သည်မှာ ဓါတ်ပုံ​ဘောင်​သေး​သေး​လေးတစ်ခုဖြစ်ရုံသာမကဘဲ၊ လူတစ်​ယောက်က ဆယ့်ရှစ်နှစ်လုံးလုံး တစိမ်းတစ်​​ယောက်ကိုမ​ပေးဖူးဘူးသည့် ယုံကြည်မှုလည်းဖြစ်​ပေသည်။

ဓါတ်ပုံမှာ မိသားစုဝင်​လေး​ယောက်၏ စု​ပေါင်းဓါတ်ပုံ​လေးဖြစ်သည်။ ၄င်းမှာ ရန်ရိ​တွေ့ဖူးသည့် ရုပ်ရည်ရူပကာအလှဆုံးဖြစ်သည့် မိသားစုတစ်စုပင်။ ဖခင်မှာ စမတ်ကျပြီးခံ့ညားသည်၊ မိခင်မှာ ​ပေါ်လွင်ထူးခြားသည့်အလှမျိုးကိုပိုင်ဆိုင်ထားပြီး၊ သားနှင့်သမီးတို့မှာ နတ်သားနတ်သမီးများကဲ့သို့ ​ချော​မောလှပ​ပေသည်။

ရန်ရိသည် ဓါတ်ပုံထဲမှ က​လေးဆန်ပြီးချစ်စရာ​ကောင်းသည့်​ထိုကောင်​လေးကို ကြည့်​နေခဲ့သည်။ သူ့၏မျက်လုံးများသည် စမ်း​ရေကဲ့သို့ကြည်လင်​နေပြီး၊သူ့၏အပြုံးမှာ ပန်းပွင့်လေးများနှယ် ရင်သပ်ရှု​မောဖွယ်​ကောင်း​ပေသည်။ သူသည် သူ့မိခင်၏​ပွေ့ထားခြင်းကို ခံထားရပြီး၊ ​​လောကကြီးတစ်ခုလုံးကို ​ထွေး​ပွေ့ရဲသည့်နှယ်၊ လက်က​လေးနှစ်ဖက်ကို ​ပျော်ရွှင်စွာဖြင့်ဖွင့်ဟထား​လေသည်။ ဤမျက်နှာက​လေး​ပေါ်တွင် ​ကြောက်ရွံ့မှုမရှိ၊ ​အေးစက်မှုမရှိ၊ စိတ်ပူပန်ခြင်းမရှိ​ချေ။

Fight The Fire 《火焰戎装》Myanmar TranslationWhere stories live. Discover now