Chapter (499)"သဘောတူခြင်း"

218 16 0
                                    

Chapter (499)
“သဘောတူခြင်း”

ဝမ်အာတို့၌ ငြင်းဆန်ရန် အခွင့်အရေး မရှိကြချေ။ ပိုင်ရှင်းယွဲ့အား အစကတည်းက ရန်ပြုလိုသော စိတ်မျိုး မရှိကြသဖြင့် လွှတ်ပေးရန်မှာ အပန်းကြီးလှသော ကိစ္စမဟုတ်ပေ။
ထို့အပြင် သူမတို့သည် ပိုင်ရှင်းယွဲ့အား ဘယ်တုန်းကမျှ မနာကျင်စေချင်ခဲ့ကြချေ။ ကိုယ်ချင်းစာ၍ပင် နေခဲ့ကြ၏။ အထူးသဖြင့် ယခုအချိန်တွင် သူမအစား ဒေါသပင် ထွက်မိနေကြသည်။
“တတိယ အခြေအနေကတော့ . . .”
ရဲရှောင် တည်ငြိမ်စွာ ပြောလိုက်သည်။
“ထူးခြားတဲ့ ဆေးပစ္စည်း ၂ မျိုးကို ငါလိုချင်တယ်။ ပထမတစ်ခုက တိမ်တိုက်ကိုးခု ကျောက်စိမ်းမှိုပဲ။ အနည်းဆုံး ၃ ခုရမှဖြစ်မယ်။ ဒုတိယတစ်ခုက ကောင်းကင်စိမ်းမြက်၊ ဒါကိုလည်း အနည်းဆုံး ၃ ခုလိုတယ်။ ဒီပစ္စည်း ၂ မျိုးနဲ့ဆို အောင်မြင်နိုင်ခြေ ပိုများတယ် . . .”
ရဲရှောင် ကျောင်းဖင်းရှန်အတွက် စဉ်းစားမိလိုက်ခြင်း ဖြစ်သည်။ ထို့ကြောင့် ယခုလို အခွင့်အရေးရတုန်း တောင်းဆိုလိုက်ခြင်းပင် ဖြစ်ပေသည်။
(ခင်ဗျားတို့က ဒီလောက်အစွမ်းထက်တာ ခင်ဗျားတို့အစွမ်းနဲ့ သာမန်လူတွေ မရယူနိုင်တာတွေကို ရယူပေးနိုင်မှာပဲ မဟုတ်လား . . .)
လင်းဝုရှဲ့မှ မျက်မှောင်ကြုတ်လိုက်ရင်း -
“နောင်ကြီးဖန် . . . ခင်ဗျားက ဆေးပစ္စည်းတွေ အတော်များများကို သိနေတာပဲ။ ဒီလို တန်ဖိုးကြီး ဆေးပင်တွေကိုတောင် သိနေတယ်။ ဒါပေမဲ့ ခင်ဗျားက ဒီပစ္စည်းတွေအကြောင်း အကုန်တော့ မသိသေးဘူး။ ဒီပစ္စည်း ၂ မျိုးက ကောင်းကင်ဘုံထက် လူသားနယ်ပယ်မှာ ရှိတယ်ဆိုတာ ဟုတ်ပါတယ်။ ဒါပေမဲ့ ခင်ဗျားထင်သလောက် ရဖို့မလွယ်ဘူးဗျ။ ကျုပ်တို့လို လူတွေအတွက်ဆိုရင် တိမ်တိုက်ကိုးခု ကျောက်စိမ်းမှိုက ရဖို့ ဖြစ်နိုင်သလို ရှိသေးတယ်။ ဒါပေမဲ့ ကောင်းကင်စိမ်းမြက်ကတော့ မဖြစ်နိုင်ဘူးထင် တယ်။ ဘာလို့လဲဆိုတော့ အဲဒီလို ဆေးပင်က ဘီလျိုနန်းတော်ကပဲ ပိုင်ဆိုင်တာ၊ တခြားနေရာတွေမှာ မတွေ့ရဘူး . . .”
“ဘီလျိုနန်းတော်ဆိုတာ တောင်ကောင်းကင်ဘုရင် ပိုင်ဆိုင်တာပဲ။ အဲဒါကြောင့် မဖြစ်နိုင်ဘူး ပြောတာ။ ကောင်းကင်စိမ်းမြက်က ပေါက်ရောက်မှုနှုန်း အရမ်းနှေးတယ်။ တောင်ကောင်းကင်ဘုရင်က ဒီမြက်ကို သူ့ကျင့်ကြံမှုအတွက် လိုတာလေ။ အဲဒါကြောင့်မို့ ဒီဆေးပစ္စည်းကို တခြားလူတွေ မသုံးအောင် ကန့်သတ်ထားတယ်။ ရဖို့က တော်တော်ကြီးကို ခက်ခဲမှာ . . .”
ရဲရှောင်မှ ပြုံးလိုက်ရင်း -
“မခက်ခဲရင် ကျုပ်က ခင်ဗျားတို့ကို ရှာခိုင်းပါ့မလား . . .”
သူ၏ စိတ်ထဲတွင် ထုတ်ပြောလိုက်ချင်နေသည်မှာ -
(ရှာလို့ လွယ်မှတော့ ခင်ဗျားတို့ကို မေးနေတော့မလား၊ ခင်ဗျားတို့က တခြားလူတွေကို ငတုံးငအတွေလို့ ထင်နေကြတာ မဟုတ်လား။ အခုကျ ဒါမျိုး တောင်းဆိုလိုက်တော့လည်း ကြည့်စမ်းပါဦး ကြောက်လန့် နေလိုက်ကြတာ . . .)
လင်းဝုရှဲ့ မျက်နှာပျက်သွားသည်။ ဝမ်အာနှင့် ချူးအာတို့အား စိတ်မကောင်းသည့် လေသံဖြင့် -
“နားထောင် မိန်းကလေးတို့ . . . ငါတော့ မင်းတို့ဆရာရဲ့ အရှုပ်ထုပ်ထဲ ဝင်ပါမိပြီ။ ဒီတစ်ကြိမ်တော့ မဖြစ်နိုင်သလောက်ပဲကွာ။ ဒီလောက်ထိ ကြိုးစားတာတောင်မှပဲ . . .”
မိန်းကလေး ၂ ယောက်လုံး ရယ်ချင်နေသည့် မျက်နှာများကို လက်ဖြင့် အုပ်မိလိုက်ကြသည်။ စိတ်ထဲတွင် အလွန်ကျေနပ်နေမိကြ၏။
သူတို့သည် လင်းဝုရှဲ့နှင့် တစ်ဖွဲ့တည်း ဖြစ်သော်လည်း လင်းဝုရှဲ့တစ်ယောက် ယခုလို ဒုက္ခတွေ့သည်ကို တွေ့ရသောအခါ စိတ်ထဲ ကျေနပ်သလို ဖြစ်သွားကြခြင်း ဖြစ်၏။
“ကောင်းပြီ . . . ကျုပ်ကတိပေးတယ် . . .”
လင်းဝုရှဲ့ အံကြိတ်၍ ပြောလိုက်သည်။
“ကျုပ်နဲ့ ညီအစ်ကိုလို နေတဲ့လူတစ်ယောက်အတွက် လုပ်ပေးရမှာပေါ့ . . .”
ထို့နောက် ဝမ်အာကို လှမ်းကြည့်ရင်း တုန်ယင်သည့် အသံမျိုးဖြင့် -
“မိန်းကလေး . . . မင်းပြန်ရောက်တဲ့အခါ ဘိုင်ချန်ကို အကုန်လုံး ပြောပြလိုက်ပါ။ သူပါငါနဲ့ ပူးပေါင်းပေးမှ ဖြစ်မယ်။ ဒီလိုကိစ္စက ငါတစ်ယောက်တည်းအားနဲ့ မဖြစ်နိုင်ဘူး . . .”
“အင်း . . .”
ဝမ်အာ ဆွံ့အမိသလို ဖြစ်သွားသည်။
လင်းဝုရှဲ့မှာမူ စိတ်လွတ်နေသူ တစ်ဦးလိုပင်။
“သူနဲ့ငါ အတူပူးပေါင်းမှသာ တောင်ဘုရင်ရဲ့ သားဆီ ရောက်နိုင်မှာ။ ဒီကောင်လေးကို လှည့်စားပြီး ဆေးပင်ကို အရယူရုံကလွဲပြီး တခြားနည်းလမ်း မရှိဘူး။ ဒီလိုလုပ်ဖို့ ဆိုတာလည်း ဘိုင်ချန်ရဲ့ အကြံနဲ့မှသာ ရနိုင်လိမ့်မယ်။ အဲဒီတောင်ဘုရင်ရဲ့ သားကိုယ်တိုင်က သူ့အတွက် ဆေးပင်ကို ယူလာပေးအောင် ဘိုင်ချန် သေချာပေါက် လုပ်နိုင်မှာပဲ။ ငါကတော့ မလုပ်နိုင်လောက်ဘူး . . .”
ဝမ်အာနှင့် ချူးအာတို့ ဆွံ့အမိသွားကြသည်။
“ဆက်ပြောပါ . . . ခင်ဗျား  ဘာထပ်လိုသေးလဲ၊ လိုတာ အကုန်သာပြော . . .”
လင်းဝုရှဲ့ စိတ်လေလေဖြင့် ပြောလိုက်သည်။
ရဲရှောင်မှ တခဏမျှ စဉ်းစားလိုက်ပြီးနောက် -
“ထူးခြားတဲ့ သတ္ထုတချို့လည်း လိုသေးတယ်။ ဒီကမ္ဘာမှာ မရှိတာမျိုး၊ ရှာရခက်တာမျိုးပေါ့။ ကျုပ်အတွက် တန်ဖိုးကြီးလောက်ပေမဲ့ ဒီကနောင်ကြီးလင်းတို့ အတွက်ကတော့ တန်ဖိုးသိပ်မရှိလောက် ပါဘူး။ ကျုပ်လည်း ပွင့်ပွင့်လင်းလင်းပဲ တောင်းပါရစေ . . .”
“ယူဗျာ . . .”
လင်းဝုရှဲ့ အဝါရောင် လက်စွပ်တစ်ကွင်းအား ရဲရှောင်ထံ ပေးလိုက်သည်။
“ကျုပ်ကတိပေးထားတဲ့အတိုင်း ရတနာ ၉၉ မျိုးနဲ့ တခြားပစ္စည်းတွေ ပါတယ်။ ဥက္ကာခဲ အပိုင်းအစ၊ ကြယ်သတ္ထုအပိုင်းအစတွေနဲ့ တခြားပစ္စည်းတွေလည်း ပါသေးတယ်။ ဒါကျုပ်ကိုယ်ပိုင် စုဆောင်းထားတဲ့ အရာတွေပဲ။ အခုပဲ ယူလိုက်ပါတော့ . . .”
“နောင်ကြီးလင်းက သိပ်ရက်ရောတာပဲ၊ နောက်ပြီး ဆေးလုံးအချို့လည်း လိုချင်သေးတယ်။ အထက်နယ်ပယ်က ဆေးလုံး ဆယ်ဂဏန်းလောက်ကိုသာ ပိုင်ဆိုင်ခွင့်ရမယ်ဆို ကျုပ်တော့ သိပ်ပျော်မိမှာ”
ရဲရှောင် ပြောလိုက်သည်။
“ကောင်းကင်လျှို့ဝှက်ရွှေဆေးလုံးတို့၊ ခရမ်းရောင်တိမ်တိုက်ဆေးလုံးတို့၊ အလွှာကိုးခု ရွှေဆေးလုံးတို့ လိုမျိုးပေါ့။ ကျုပ်ဒါမျိုးတွေ တွေ့ရရင် အတော်ကြီး အမြင်ကျယ်သွားမယ်ထင်တယ် . . .”
“ဒါကတော့ မဖြစ်နိုင်ဘူး . . .”
လင်းဝုရှဲ့နှင့် မိန်းကလေး ၂ ဦးလုံး ပြိုင်တူ ငြင်းလိုက်ကြသည်။
ရဲရှောင်လည်း အံ့ဩသွားမိ၏။
(ဒီလောက် တန်ဖိုးရှိတဲ့ ပစ္စည်းတွေတောင် ပေးနိုင်သေးတာ၊ ဆေးလုံး နည်းနည်းလောက်ကို မပေးနိုင်ကြဘူးပေါ့ . . .)
“ဒီလို ဖန်ဧကရာဇ်ရဲ့ . . . ဆေးလံဒး အချို့က ရဖို့လွယ်သလို ပေးဖို့လည်း မခက်ပါဘူး။ ဒါပေမဲ့ ကျုပ်တို့ဆီက ဆေးလောကမှာ စည်းမျဉ်းတစ်ခု ရှိနေတယ်။ အဲဒါကြောင့် ပေးချင်တိုင်း ပေးလို့ မရတာပါ။ ခင်ဗျား နောက်ပိုင်း ကျုပ်တို့ဆီကို ရောက်နိုင်မယ် ဆိုရင်တော့ သိလာမှာပါ။ ကျုပ်တို့အတွက် မဖြစ်နိုင်တဲ့ အရာမို့လို့ နားလည်ပေးစေချင်ပါတယ် . . .”
လင်းဝုရှဲ့ နာနာကျင်ကျင်ဟန်ဖြင့် ပြောလိုက်သည်။ ရဲရှောင်လည်း ခေါင်းညိတ်ပြလိုက်၏။
“ဒါဆိုလည်း ရှားပါးတဲ့ အရာမျိုးတွေ ပေးဗျာ။ ကျုပ်လို ငတုံးငအတစ်ယောက် မမြင်ဖူးမဲ့ အရာမျိုးတွေပေါ့။ ကျုပ်က အဲဒီလို ပစ္စည်းတွေဆို သိပ်ကြိုက်တာ . . .”
လင်းဝုရှဲ့တို့အားလုံး ဆွံ့အကြောင်ငေးသွားမိကြသည်။
(ဘယ်သူက မကြိုက်ဘဲ နေမှာလဲ။ ကျုပ်တို့လည်း အဲဒါမျိုးတွေ သိပ်ကြိုက်တာပေါ့။ ပြဿနာက ခင်ဗျားပြောနေတာ ပစ္စည်းက တစ်ခုနှစ်ခုလည်း မဟုတ်ဘူး။ အများကြီး လိုချင်နေတာ။ တော်တော် မျက်နှာပြောင်တိုက်တဲ့ လူပဲ . . .”
လင်းဝုရှဲ့အဖို့ အတော်ကြီးကို နေရခက်နေချေပြီ။
“ကောင်းပြီ . . . ကျုပ်အကုန်လုံး လုပ်ပေးမယ် . . .”
လင်းဝုရှဲ့ စိတ်မရှည်တော့သဖြင့် အကုန်လုံးသာ သဘောတူနေတော့သည်။
“ကောင်းပြီ၊ ကောင်းပြီ . . . နောက်ဆုံးတစ်ခုက . . .”
ရဲရှောင် ရုတ်တရက် ရယ်မောရင်း ပြောလိုက်သည်။
“ခင်ဗျားတို့ သခင်ကြီးဘိုင်က အမြဲတမ်း ပုန်းခိုနေချင်တာတော့ မဟုတ်ဘူးမလား။ တစ်ခါတလေ တော့လည်း လူလုံးထွက်ပြမှပေါ့ . . .”
“အားလုံးပြီးစီးပြီး ဆေးရရင်တော့ သူကိုယ်တိုင် လာယူနိုင်မယ် မဟုတ်လား . . .”
ရဲရှောင် ပြောလိုက်သည်။
“ကျွန်မတို့ ပြန်ရောက်တာနဲ့ ဆရာ့ကို ပြောလိုက်ပါ့မယ် . . .”
ဝမ်အာတို့ တစ်ယောက်မျက်နှာတစ်ယောက် ကြည့်ရင်း ခေါင်းညိတ်၍ သဘောတူလိုက်ကြသည်။
လင်းဝုရှဲ့လည်း ပြုံး၍သာ ရှိနေ၏။
ဖန်ဧကရာဇ်သည် ယခုလို တဆင့်ခံ ပြောနေရသည်ကို သိပ်သဘောမတွေဟန်ပေ။ သခင်ကြီးဘိုင်အား တိုက်ရိုက် ပြောဆိုချင်နေပုံပင်။
ယခုအချိန်တွင် ဘိုင်ချန်သည် ရဲရှောင်၏ အကူအညီကို လိုအပ်နေသူ ဖြစ်၏။
တစ်နည်းအားဖြင့် ကယ်တင်ရှင်ဟုလည်း ဆိုနိုင်၏။
“ဟုတ်ပါပြီလေ . . . သူမလာချင်ဘူး ဆိုရင်လည်း မလာခိုင်းပါနဲ့တော့ . . .”
ရဲရှောင် ရုတ်တရက် စိတ်ပြောင်သွားပြန်သည်။ သူ၏ မျက်လုံးများထဲမှ အကြည့်များသည်လည်း ခန့်မှန်းရ ခက်လှ၏။
(ခင်ဗျားနဲ့ကျုပ် ပြိုင်ဘက်ဆိုပေမဲ့ မှန်မှန်ကန်ကန် နည်းလမ်းနဲ့ပဲ အနိုင်ယူချင်တယ်။ ခင်ဗျားအကူ အညီ လိုနေတဲ့ အချိန်မှာ အခွင့်ကောင်းယူပြီး ခင်ဗျားကို အနိုင်ယူတာမျိုး ကျုပ်မလုပ်ဘူး။ ဒီလိုမျိုး လုပ်တာ စက်ဆုပ်စရာ အကောင်းဆုံး လုပ်ရပ်တစ်ခုပဲ . . .)
ရဲရှောင်စိတ်ထဲ စဉ်းစားနေမိ ပါတော့သည် . . .။




မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၃) မိုးကောင်းကင်အောက်မှကလဲ့စားOnde as histórias ganham vida. Descobre agora