Chapter (498)"ပြိုင်ဘက်ကပြိုင်ဘက်ပဲ"

231 22 0
                                    

Chapter (498)

“ပြိုင်ဘက်ကပြိုင်ဘက်ပဲ”

တစ်ခါတရံတွင် ဖန်ဧကရာဇ်သည် တခြားလူ၏ အင်အားကို အသုံးချတတ်သည်။ တစ်ခါတရံ လျှို့ဝှက်ကြံစည်နေတတ်၏။ မည်သို့ပင်ဆိုစေကာမူ အောက်တန်းကျသော လုပ်ရပ်မျိုးတော့ မည်သည့်အခါမျှ မလုပ်ခဲ့ချေ။

မုန်တိုင်းအိမ်တော်သည် လင်းပါအို၏ ဖန်ဧကရာဇ်နှင့် ပဌာန်းဆက်ပါသည်ဟု ဆိုနိုင်ပေသည်။ အများအားဖြင့် ပြဒါးတစ်လမ်း သံတစ်လမ်းဖြင့် အတိုက်အခံများ ဖြစ်ကြသည်။

ဖန်ဧကရာဇ်သည် အမြဲတမ်း ရုန်းကန်နေခဲ့ရသည်။ မည်သည့်ကိစ္စတွင်မဆို နောက်ဆုတ် အရှုံးပေးခဲ့ခြင်း မရှိပေ။

ဝမ်အာနှင့်ချူးအာတို့ မှတ်မိသလောက် သူတို့ ကြီးစိုးခဲ့ကြသည့် နှစ်ပေါင်းများစွာအတွင်း သူမတို့ကို မည်သူမျှ ဟန့်တားနိုင်ခဲ့ကြခြင်း မရှိပေ။

သို့သော် ဖန်ဧကရာဇ်မှာမူ အရှုံးမပေးချေ။ အားနည်းသူတစ်ဦး ဖြစ်သည့်တိုင် မည်သည့်အခါမျှ နောက်ဆုတ်သွားခြင်း မရှိပေ။ သူ့ကိုယ်သူ အင်အားရှိလာအောင် ကြိုးစားခဲ့သည်။ မုန်တိုင်းအိမ်တော်နှင့် ထိပ်တိုက် ရင်ဆိုင်ရမည်မှန်း သိသည့်တိုင် သူနောက်မဆုတ်ပေ။ ရှေ့သို့သာ ဆက်တိုးခဲ့လေသည်။

ထိုအချက်သည် အမှန်တရားပင် ဖြစ်ပေသည်။ မုန်တိုင်းအိမ်တော်သည် ကမ္ဘာကြီးအား ပြောင်းလဲပစ်နိုင်စွမ်း ရှိ၏။ လက်များဝေ့ယမ်းရုံဖြင့်ပင် ကပ်ဘေးများ ကျရောက်အောင် လုပ်နိုင်သည်။ တကယ်တမ်းတွင် သူတို့သည် ထိုထက်ပို၍ပင် အစွမ်းရှိကြသူများ ဖြစ်ကြသည်။ စွမ်းအင်များ ကန့်သတ်ခံထားရသောကြောင့် ဖြစ်သည်။ သို့တိုင်အောင် ဖန်ဧကရာဇ်အဖို့ မတုန်လှုပ်ပေ။ သူ၏အစွမ်းအစလေးဖြင့် ကမ္ဘာကြီးအား ပြောင်းလဲပစ်နိုင်စွမ်း ရှိလေသည်။

“ဖန်ဧကရာဇ် . . . ကျွန်မပြောချင်တာက . . .”

ဝမ်အာမှ ပြုံးလျက် စကားစလိုက်သည်။

“သမိုင်းကြောင်းမှာ ကျွန်မတို့ ရင်ဆိုင်ခဲ့ရတဲ့ ရန်သူတွေထဲ ရှင်တစ်ယောက်တည်းပဲ ကျွန်မတို့ ဆရာရဲ့ အထင်ကြီးလေးစားခြင်းကို ခံရတယ်။ ရှင်နဲ့ရင်ဆိုင်ရတာကို သူ့မှာ တော်တော် စဉ်းစားနေရပုံပဲ”

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၃) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now