"စစ်နေ?"
အံ့သြစိတ်တစ်ဝက်၊ မေးခွန်းတစ်ဝက်၊ အိပ်ချင်မူးတူးသံတစ်ဝက်နဲ့ ခေါ်လာတဲ့နာမည်ကြားတော့မှ ကွန်ပျူတာထဲ ခေါင်းနှစ်နေရာကနေ နောက်ကိုပြန်လှည့်ကြည့်လိုက်မိတယ်။
"မင်းမအိပ်သေးဘူးလား"
"နိုးပြီလား"
ကျိန်းစပ်နေတဲ့မျက်လုံးတွေကိုသက်သာသွားအောင် မျက်စိခပ်တင်းတင်းမှိတ်ပြီးခုံကနေထရပ်မယ်ပြင်လိုက်ပေမဲ့ သော်ညံက အလုပ်စားပွဲဘေးကိုလျှောက်လာပြီး ကျွန်တော်ဘာလုပ်နေတာလဲလို့ ကွန်ပျူတာထဲခေါင်းတိုးကြည့်တယ်။ သူကတော့အိပ်ရေးဝထားပုံရပါတယ်။ ခေါင်းလုံးလုံးထက်ကဆံပင်စလေးတွေတောင်ပွရှုပ်လို့။
"ထပ်ပြီး မင်းအဖေအလုပ်တွေပဲလား"
"မိုးလင်းတာနဲ့ဆူတော့မလို့လား"
ကွန်ပျူတာထဲစိတ်ဝင်တစားကြည့်နေသေးတဲ့သူ့ကို ငြီးငြူသလိုပြောရင်း ဒီဘက်လှည့်လာအောင် လက်မောင်းကနေအသာလေးဆွဲလှည့်လိုက်မိတယ်။ အစ်နေတဲ့မျက်လုံးဖောင်းဖောင်းကိုမြင်တော့ ချစ်စနိုးနဲ့ပြုံးမိသွားပေမဲ့ သော်ညံက ကျွန်တော်ပြုံးတာကိုမမှုတော့ပါဘူး။
"အိပ်ရေးဝလား"
"အိပ်ချင်သေးတာ"
"ဘာလို့အစောကြီးထလာတာလဲ။ နောက်တစ်နာရီလောက်နေမှထလို့ရတယ်လေ"
"ဒီနေ့ထမင်းချိုင့်ထည့်သွားမလို့"
"ငါချက်ထားမှာပေါ့"
"ဟင့်အင်း"
ဘာကိုငြင်းမှန်းမသိပေမဲ့ လက်ထဲမှာကိုင်ထားတဲ့သူ့ဖုန်းကို ကျွန်တော်ထိုင်နေတဲ့စားပွဲပေါ်တင်လိုက်ပြီး ထွက်သွားဖို့ပြင်တာမို့လို့ လက်ကိုလှမ်းဆွဲထားလိုက်ရတယ်။
"ဘာလုပ်တာလဲ"
"မင်းကမှ ဘာလုပ်တာလဲ"
"ငါ့ကိုနမ်းသွားဉီးလေ"
အရှက်မရှိမျက်နှာပြောင်တိုက်တိုက်နဲ့ပဲ တောင်းဆိုလိုက်တဲ့စကားကို ဘယ်နှစ်နှစ်ကြာမှ သူရိုးမှာလဲ။ အခုမှပဲအိပ်ချင်ပြေသွားတဲ့ပုံနဲ့ မျက်လုံးပြူးပြီးကြည့်လာတာမို့ ကျွန်တော်လည်းလက်ခံတယ်ထင်သွားပြီး အချိန်သိပ်ဆွဲမနေတော့ဘဲ ဂုတ်ကိုလှမ်းဆွဲပြီး ငုံ့ယူလိုက်တော့မှ အလန့်တကြားနဲ့ သူ့လက်နဲ့ထောက်မိသွားတဲ့ ကျွန်တော့် ဗိုက်ကို တွန်းထားတယ်။