Chapter 52

280 27 13
                                    

ဒါပေမဲ့ အဲ့ဒီနေ့က သော်ညံ သူ့အဖေဖုန်းကို မကိုင်ခဲ့ဘူး။ ပေါ်တင်ကြီးချပစ်လိုက်ပြီး "မင်းပစ္စည်းတွေနေရာချကြရအောင်"ဆိုပြီး အလုပ်တွေပဲ ကုန်းရုန်းလုပ်နေတယ်။ သော်ညံခေါင်းမာပြီး ကန့်လန့်တိုက်တတ်တဲ့သူ။ အရင်တစ်ခါကလို သူ့အဖေဘက်က အတင်းအကြပ်ခေါ်သွားတာမျိုးလည်း နောက်တစ်ကြိမ် မရှိနိုင်တော့တာ သေချာတာမို့လို့ ပေကပ်ကပ်လုပ်နေတဲ့ သော်ညံ့ကို မတားရက်ဘူး။ တကယ်က သော်ညံ သူ့အဖေဖုန်းကို မကိုင်ချင်တာထက် ပိုပြီး မကိုင်စေချင်တဲ့သူက ကျွန်တော်ပါ။

ဘာအပိုပစ္စည်းမှမသယ်လာနဲ့ဆိုတဲ့ သော်ညံ့စကားကြောင့် ကျွန်တော်အိမ်ပြောင်းတာက ဘယ်လောက်မှတောင်မကြာလိုက်ဘူး။ ကိုကိုက အိမ်ကိုတစ်ချက်လိုက်ကြည့်ပြီး "ကျဉ်းလိုက်တာ"ဆိုတဲ့တစ်ခွန်းကိုပဲ သော်ညံ မကြားအောင် တိုးတိုးလေး ပြောတယ်။ ဒါပေမဲ့ ဒါ ကျွန်တော်ကိုယ်တိုင်တိုးထွက်ချင်တဲ့ လောကဆိုတာကို သိလို့လားမသိဘူး။ တခြားစကားတွေမပြောဘူး။ ​မှာတာကတော့ "တစ်ပတ်တစ်ခါတော့ အိမ်ပြန်လာခဲ့"တဲ့။ ဒါလေးပါပဲ။ ဘာမှထပ်မပြောဘဲ စိတ်ချလက်ချထားခဲ့တယ်။

အရင်ကလည်း ဝင်ထွက်ပြီး နေချင်သလိုနေနေတဲ့အိမ်မို့ ဘာမှထူးခြားမယ်လို့မထင်ထားပေမဲ့ ကိုကိုပြန်သွားတဲ့အချိန် အိမ်ထဲကိုပြန်ဝင်လာတော့ ကျွန်တော့်ပစ္စည်းတွေဖြည့်ထားတဲ့ အခန်းကိုအမြင်မှာ ခြေလှမ်းတွေတစ်ချက်တုံ့သွားပြီး တစ်မိနစ်လောက်ကြာတဲ့အထိ ရပ်ကြည့်နေမိတယ်။ ပြီးတော့ နွေးပူလာတဲ့ပါးပြင်ကို ခပ်ဖွဖွပွတ်လိုက်ပြီး ပြုံးမိတယ်။ ဒီအပြုံးက သော်ညံမြင်သွားလို့မဖြစ်တဲ့အပြုံးပါ။ မြင်ရင် အထင်လွဲသွားနိုင်တယ်။

အိမ်ထဲကို ဝင်မလို့ပြင်တဲ့အချိန်မှာပဲ တံခါးပေါက်ရဲ့ဘေးမှာတင်ရှိနေတဲ့ ရေချိုးခန်းထဲနေ သော်ညံ ရုတ်တရတ်ထွက်လာတယ်။ ထွက်ထွက်လာချင်းမှာတင် သူ့ခြေလှမ်းတွေရပ်သွားသလို ကျွန်တော့်မျက်လုံးတွေကလည်း အင်္ကျီဝတ်မထားတဲ့ သူ့ခန္ဓာကိုယ်ပေါ်မှာ ရပ်သွားတယ်။

"မင်း...မင်းပြန်မလာသေးဘူးမလား"

အပေါက်အလမ်းမတည့် ထွက်ကျလာတဲ့ သော်ညံ့စကားသံက စွဲချက်တင်ချင်သလို လေယူလေသိမ်းနဲ့။

Ctrl+Z(Completed)Where stories live. Discover now