လွန်ခဲ့သော နှစ်နှစ်...
မှတ်မှတ်ရရ စာစီစာကုံးပြိုင်ပွဲရလဒ်ထွက်ပြီး ဒုတိယမြောက်ရက်။ ကျောင်းအပြန်လမ်းမှာ မထင်မှတ်ဘဲ ဆရာနဲ့တွေ့တော့ မျက်နှာငယ်ငယ်နဲ ပေကပ်ကပ်ဖြစ်နေတဲ့ ကျွန်တော့်ကို ဆရာက ပြိုင်ပွဲမှာ ရှူံးသွားလည်း အမေ့အကြောင်းနဲ့ ကိုကို့အကြောင်းပြောပြမယ်လို့ ကတိပေးလိုက်တဲ့ ညနေစောင်း။
"တကယ်လား"
"တကယ်ပေါ့။ အဲ့ဒါကြောင့် ရောက်မလာပါလား၊ ရောက်မလာပါလားနဲ့တွေးနေတာ။ ရှူံးသွားလို့ ရှက်နေတာကိုး"
"ရှက်တာမဟုတ်ပါဘူး။ အရှူံးကို လက်ခံရမယ်လို့ ဆရာပဲ သင်ပေးထားပြီးတော့"
"ဟုတ်တာပေါ့"
သူ့ဟာသူပြောပြီး သူ့ဟာသူရယ်တယ်။
"ဒါပေမဲ့လည်း နှစ်မှတ်တည်းနဲ့ ကပ်ရှူံးတာဆိုတော့ ခွင့်လွှတ်ပေးရမှာပေါ့။ ပြီးတော့ မင်းလည်း သိသင့်တာသိတဲ့အရွယ်ရောက်နေပြီ မဟုတ်ဘူးလား"
ဘာကိုသိသင့်တာလဲတော့ နားမလည်လိုက်ပါဘူး။ ဆရာကတော့ ပြောရင်းဆိုရင်းကနေ သူစီးလာတဲ့ ဆိုင်ကယ်ကို စက်ပြန်နှိုးတယ်။
"လောလောဆယ်တော့ သွားစရာရှိသေးလို့ ညနေခြောက်ခွဲလောက်မှ ပြန်ထွက်လာခဲ့။ အိမ်ပြန်နောက်ကျမှာ အရုဏ်စိတ်ပူနေရင် ဆရာ့အိမ်မှာပဲ လိုက်အိပ်လိုက်ပေါ့"
"ဟုတ်"
ဆရာ့ဆီမှာ အိပ်နေကျမို့ ပျော်ပျော်ကြီး လက်ခံလိုက်နိုင်တယ်ဆိုတာထက် အကြာကြီး စောင့်ခဲ့ရတဲ့ ဇာတ်လမ်းတွေကို သိခွင့်ရမယ့် အခွင့်အရေးကြီးမလား။ ဖွင့်ကြည့်ချင်ခဲ့တာကြာနေတဲ့ သေတ္တာတစ်လုံးရဲ့ သော့ကို ရှာတွေ့သွားတဲ့ ခံစားချက်လို့ ပြောရမလား။
"ကျွန်တော်ထွက်လာပြီ"လို့ ဆရာ့ဖုန်းနံပါတ်ကို Messageလှမ်းပို့ပြီး လမ်းချိုးအတိုင်း ထွက်လာတဲ့အချိန်။ ကားတစ်စီး ကျွီခနဲ ဘေးမှာ ထိုးရပ်လာပြီး ကားပေါ်ကနေ ကျွန်တော့်အရွယ်ကောင်လေးတစ်ယောက် ဆင်းလာတာကို ဖျတ်ခနဲ မြင်လိုက်ရတုန်းရှိသေးတယ်။
"ဟေ့ကောင် စစ်နေ"
ခေါ်သံနဲ့ အတူ ပခုံးတစ်ဖက်ဆွဲလှည့်ခံလိုက်ရပြီး ခွပ်ခနဲ အသံနဲ့အတူ ပါးပြင်တစ်ခုလုံး ထူပူတက်သွားတော့တယ်။ လဲအကျမှာ လမ်းပေါ်က ကျောက်စရစ်ခဲတစ်ခုနဲ့ ပွန်းမိပြီး လက်ဖနောင့်မှာ သွေးစို့သွားတယ်။ နာကျင်မှုကနေ အလိုအလျောက် အလုပ်ပေးတဲ့ ဒေါသက ဦးနှောက်ကိုသတိပေးတာကြောင့် ထောင်းခနဲ မခံချင်ဖြစ်သွားပေမဲ့ အံကိုပဲ တင်းတင်းကြိတ်လိုက်ရုံပဲ။