Chapter 47

325 34 48
                                    

အိမ်ပြန်ရောက်ရောက်ချင်းမှာပဲ သတိထားမိလိုက်တာက ထူးထူးခြားခြားရုံးဆင်းချိန်မဟုတ်ပါဘဲ ဖေဖေအိမ်မှာရှိနေတယ်ဆိုတဲ့အချက်ကို။ နောက်တစ်ချက်ကတော့ ကျွန်တော်မြင်နေကျ အလုပ်ခန်းထဲဝင်ပြီး အလုပ်လုပ်နေတဲ့ ဖေဖေမဟုတ်ဘဲနဲ့ ကိုကိုနဲ့အတူ ဧည့်ခန်းထဲမှာ အတူတူထိုင်ပြီး တစ်ခုခုကို ရယ်မောပြောဆိုနေကြတာ။ မြင်လိုက်တာနဲ့သိလိုက်တယ်။ မနေ့ညက အချိန်ကောင်းတွေရှိခဲ့တာ ကျွန်တော်နဲ့သော်ညံတင်မဟုတ်ဘဲ ဖေဖေတို့ပါပါနေတယ်ဆိုတာကို။ အဲဲ့ဒီအချိန်မှာမှ ကျွန်တော် ဒီအိမ်ပေါ်ကနေ အလိုက်တသိဖယ်ပေးဖို့ လိုပြီဆိုတဲ့အတွေးမဝင်ရင် ကျွန်တော်ကိုက ပုံမှန်မဟုတ်တော့လို့ပဲ။

ကျွန်တော့်ကို မြင်တဲ့အချိန်မှာ နှစ်ယောက်လူချင်းကွဲသွားပြီး ခပ်ခွာခွာထိုင်လိုက်တယ်။ ဒီမြင်ကွင်းတွေကိုရော ဘယ်အချိန်ထိ ထပ်ပြီးမြင်နေရဦးမှာလဲ။ ဘယ်အချိန်ထိ ကျွန်တော်က သူတို့ကြားထဲက အနှောက်အယှက်ကြီးလို ဖြစ်နေဦးမှာလဲ။ တကယ်အသိတရားဝင်သင့်နေပြီ။ ဒီတစ်ကြိမ်မှာမှ ကျွန်တော်အိမ်ခွဲနေဖို့ မကြိုးစားဘူးဆိုရင် တစ်သက်လုံးဒါကြီးတွေကို မကြည့်ချင်တဲ့ကြားက မြင်နေရဦးမှာ။ အစစအရာရာ အဆင်ပြေကြတာကို သိသိကြီးနဲ့ ဒီအတွဲကြင်ကြင်နာနာနေတာကို မမြင်ရတာလည်း ဘယ်လိုဝဋ်ကြွေးလဲ နားမလည်တော့ဘူး။

"ပြန်ရောက်ပြီလား စစ်နေ"

"ဖေဖေ"

သူတို့ထိုင်တဲ့ဆီကို တန်းပြီး လျှောက်သွားလိုက်တော့ နည်းနည်းတောင်ထပ်ပြီးခွာထိုင်လိုက်သေးတဲ့ သူတို့ကို စိတ်မရှည်တော့သလို သက်ပြင်းချမိသွားတယ်။

"ကိုကိုခွင့်ပြုမှသွားမယ်လို့ ကတိပေးထားပေမဲ့ ဒီထက်ပိုပြီး မနေနိုင်တော့ဘူးထင်တယ်"

"ဘာကိုလဲ"

"ကျွန်တော်အိမ်ခွဲနေချင်နေပြီ။ အဲ့ကိစ္စစဉ်းစားပေးထား"

ပြောချင်ရာပြောချလိုက်ပြီး သူတို့ရှေ့ကနေပြန်လှည့်ထွက်လာပြီး တံခါးဝရှိရာကို ပြန်လျှောက်သွားလိုက်တယ်။

"ဆိုင်သွားလိုက်ဦးမယ်"

ပြီးတာနဲ့ တံခါးကို ဆွဲဖွင့်ပြီးထွက်လာခဲ့လိုက်တော့တယ်။ နှစ်ယောက်လုံး တိတ်ဆိတ်ဆွံ့အပြီး ကျန်ခဲ့တာမို့လို့ လိုက်ဆွဲဖို့ ဘယ်သူမှသတိမရဘူး။ ကိုကို့ကို ပေးထားခဲ့တဲ့ကတိက ကြားထဲမှာ စာမေးပွဲကိစ္စနဲ့ဘာနဲ့ နည်းနည်းကြာသွားခဲ့ပြီဆိုရင်တောင် အလွန်ဆုံးရှိ နှစ်လလောက်ပဲရှိတာမို့လို့ ဒီလိုတောင်းဆိုမှုမျိုးက နည်းနည်းတော့ ကတိုက်ကရိုက်ဖြစ်နေမှန်းနားလည်တယ်။ တောင်းဆိုပုံက သိပ်ပြီး ထောင့်မကျိုးတဲ့ပုံစံဖြစ်သွားတာကိုလည်း သိတယ်။ ဒါပေမဲ့ သူတို့ကျွန်တော့်ကြောင့် အလုပ်ရှင်နဲ့အလုပ်သမားလို နေနေကြတာမြင်ရင် ဘာကြောင့်မှန်းမသိ ဒေါသထွက်လာတယ်။ ဒါကြောင့် စကားပြောမာသွားမိရင်လည်း မတတ်နိုင်ဘူး။

Ctrl+Z(Completed)Where stories live. Discover now