Chapter 64

240 30 2
                                    

"မင်းတို့အင်္ကျီတွေက ဘာလို့ဒီလောက်ကြေမွနေတာလဲ။ ဗုံးစာမိထားတာလား"

တွေ့တွေ့ချင်းမှာတင် တည်မြဲဆီကနေ ဆောက်နဲ့အထွင်းခံလိုက်ရတယ်။ စစ်နေကတော့ ရှက်သွားသလို မျက်လွှာချသွားပေမဲ့ ကျွန်တော်ကတော့ ခပ်တည်တည်ပဲ ပြန်ကြည့်ပေးလိုက်တယ်။ ပေါင်းလာတာ ဒီလောက်နှစ်တွေကြာပြီ။ ကျွန်တော့်အကြောင်းကို မသိတာလည်းမဟုတ်ဘဲနဲ့ အခုထိ အရိပ်အကဲနားမလည်သေးဘူး။

"ပြီးတော့ ဟမ်။ အစောကြီးလာမယ်ဆိုပြီး မင်းပဲအရင်လေကျယ်သွားပြီးမှ အခုကိုးနာရီတောင်ခွဲနေပြီ။ ဒါရိုးရိုးဆောင်လို့။ အနောက်တိုင်းပုံစံနဲ့ဆိုရင် ပွဲကနောက်ကျနေတော့မှာ"

"ဘာဆိုင်လို့လဲ"

"ဆိုင်တာပေါ့။ ငါမှမင်းမပါဘဲ မင်္ဂလာမဆောင်ချင်တာ"

ခေါင်းငုံ့ရင်းငြိမ်ငြိမ်လေးနားထောင်နေတဲ့ စစ်နေက အဲ့ဒီစကားကြားမှ ဆတ်ခနဲခေါင်းမော့လာပြီး တည်မြဲကိုကြည့်တယ်။ စစ်နေက ကျွန်တော့်နောက်နားမကျတကျမှာ ရပ်နေတာမို့ ဘယ်လိုအကြည့်နဲ့ ကြည့်လဲတော့မသိပေမဲ့ တည်မြဲက လန့်သွားသလို ဟီးဟီးဟဲဟဲလုပ်ရင်း နောက်ကိုခြေတစ်လှမ်းဆုတ်သွားရှာတာ။

"ငါပြောချင်တာက ထွေးငယ်နဲ့ငါတွေ့ရတာ သော်ညံ့ကြောင့်လေ။ ဒါကြောင့်အရေးအကြီးဆုံးသူက ဒီပွဲမှာရှိနေသင့်တာပေါ့လို့"

"စကားကိုအနှောင့်အသွားလွတ်အောင်ပြောပေးပါလား"

"ဟုတ်တယ် မဟုတ်ရင် နင်တော့ ငါ့ကိုလည်းကြံတယ်၊ သော်ညံ့ကိုလည်း ဖွန်ကြောင်တယ်ဖြစ်တော့မှာ"

နောက်ကနေ ရယ်သံပါတဲ့အသံလွင်လွင်လေးနဲ့အတူ ထွေးငယ်ငြိမ်းပေါ်လာပါတယ်။ နဂိုတည်းက မိုးကျရွှေကိုယ်လေးမို့ သတို့သမီးဝတ်စုံဝတ်လိုက်တဲ့အခါ သူ့မှာရှိတဲ့အလှကိုရွှေကွပ်ပေးလိုက်သလိုပဲ။ ကျွန်တော်တို့က ကျန်တဲ့ကိစ္စတွေသာ တိုင်ပင်ရင်တိုင်ပင်မယ်။ အချစ်ရေးနဲ့ပက်သက်ရင် တော်ရုံနဲ့ ထုတ်မပြောတတ်တာမို့ ဒီလောက်လှတဲ့နတ်သမီးလေးကို တည်မြဲ သူ့အဖေကြီးဆီကနေဘယ်လိုလုလိုက်လဲဆိုတဲ့အကြောင်းမသိလိုက်ရဘူး။ တကယ်တမ်းကျတော့ တည်မြဲက ဘွဲ့ရပြီးနောက်နေ့မှာတင် ထွေးငယ်ငြိမ်းကို လက်ထပ်ခွင့်တောင်းခဲ့ပြီး ထွေးငယ်ငြိမ်းလက်ခံခံချင်းမှာတင် သူ့အဖေနဲ့သွားတွေ့ခဲ့တယ်ပြောတယ်။ ကျွန်တော်ရော စစ်နေအဖေဆီမှာ စစ်နေကို တောင်းသင့်ပြီလား။

Ctrl+Z(Completed)Where stories live. Discover now