Chapter 17(B)

308 34 32
                                    

"ဒီစည်းကို ကျော်ပြီဆိုတာနဲ့ ငါ ဘယ်သူ့ကိုမှ ညှာပေးဖို့ စိတ်ကူးမရှိတော့လို့"

သူ့စကားဆုံးသွားတဲ့အချိန်မှာပဲ ဟိုဘက်က သေမထူးမနေထူးကောင်တွေက အော်သံနက်တွေ ပေးပြီး တစ်ရှိန်ထိုးလှိမ့်ဝင်လာတော့တယ်။ ကျွန်တော့်​တုန်းကလိုတစ်ယောက်ချင်းတောင်မဟုတ်ဘူး။ အမဲသားစတစ်စကိုတွေ့သွားတဲ့ ခွေးအုပ်ကြီးလို အုံလိုက်ကြီး တိုးဝင်လာတာ။

ကျွန်တော်ဖြစ်ချင်ရာဖြစ်ပါစေတော့ဆိုတဲ့စိတ်နဲ့ မျက်လုံးတွေကို မှိတ်ချလိုက်မိတယ်။ ဘာများတတ်နိုင်ဦးမှာလဲ။ စစ်နေပုံစံက ပြိုကျလာတဲ့ တောင်ကျရေတွေကို ခဲလုံးလေးထောင်ပြီး ကာကွယ်နေသလိုပဲမလား။

မင်းဘာလို့များရောက်လာတာလဲ။ ငါ့ကြောင့် ဒဏ်ရာရရပါတယ်ဆိုပြီး နာမည်ကောင်းယူပြီးများ ငါ့လက်ထဲက ထွက်ပြေးဖို့ စဉ်းစားထားတာလား။ မျက်လုံးတွေမှိတ်လိုက်မှ သတိထားမိတယ်။ အေးလိုက်တာ။ ညမို့လို့များ အနွေးဓာတ်ကျနေတာလား။ ကန်ဘေးမှာမို့လို့ လေတွေကအေးနေတာလား။ ဒါမှမဟုတ် ကျွန်တော့်ရှေ့မှာ စစ်နေရှိနေလို့များလား။

"ဒီ...ဒီကောင်တော့..."

ဟိုဘက်လူအုပ်ထဲက လူတစ်ယောက်ဆီက သွေးရူးသွေးတန်းဖြစ်သွားတဲ့ ယောင်ကန်းကန်းအသံကြောင့် စိတ်ထဲမှာတော့ စနိုးစနောင့်ဖြစ်သွားမိတယ်။ မရှေးမနှောင်းမှာ အရိုးတွေထဲ လက်သီးတိုးဝင်နေတဲ့အသံတွေ၊ နာလို့အော်တဲ့အသံတွေမျိုးစုံထွက်လာတာမို့လို့ စစ်နေကိုမဟုတ်ဘဲ သူတို့အချင်းချင်းများပြန်ချနေတာလားဆိုတဲ့အတွေးနဲ့ မျက်လွှာတွေကို ဖြည်းဖြည်းချင်း ပြန်ဖွင့်လိုက်မိတယ်။

မြင်လိုက်ရတဲ့မြင်ကွင်းက...

လဲကျနေတဲ့လူတွေ...ပြီးတော့ ပြေးဝင်လာတဲ့သူတွေ တစ်ယောက်ပြီးတစ်ယောက်ကို ခပ်သွက်သွက် အနိုင်ယူနေတဲ့ စစ်နေ။ သူ့ကိုနောက်ကနေ ဖမ်းချုပ်လာတဲ့လူရဲ့လက်ကိုဆွဲကိုင်ထားပြီး ရှေ့ကလူရဲ့ ရင်ဘတ်ကိုကန်တက်ကာ ​ နောက်ကနေ ပြေးဝင်လာတဲ့လူရဲ့ မျက်နှာကို လေထဲမှာတင် ဖြတ်ကန်လိုက်ပြီး ဖမ်းထားတဲ့သူရဲ့ခြေထောက်ကို အဆစ်နေရာကနေ တည့်ကြီးကန်ချလိုက်တဲ့ စစ်နေရဲ့မျက်လုံးထဲမှာ အမဲလိုက်နေတဲ့မုဆိုးတစ်ယောက်ရဲ့ သွေးအေးမှုတွေကှိနေတယ်။ သူ့ရဲ့လှုပ်ရှားမှုကို မြင်လိုက်တာနဲ့ ဒါကျွမ်းကျင်ကစားသမားတစ်ယောက်ရဲ့ လှုပ်ရှားမှုဆိုတာကို မယုံချင်ဘဲ သိလိုက်ရပါတယ်။ ဒါက ကျွန်တော်မျက်စိမှောက်နေတာများလား။ အဲ့ဒီအချိန်မှာ...

Ctrl+Z(Completed)Hikayelerin yaşadığı yer. Şimdi keşfedin