"သော်ညံတို့ အဆင်ပြေပါ့မလား"
မိုးမမြင်လေမမြင်ပျော်နေတဲ့သူတွေက ပျော်လည်း မမြင်ရတဲ့ တည်မြဲအနေနဲ့ကျတော့ နေ့နေ့ညညဒီအကြောင်းပဲ ခေါင်းထဲရောက်နေမိတာ သဘာဝကျပါတယ်။ စစ်နေရည်တစ်ယောက် သော်ညံ့အိမ်ထဲဝင်မသွားခင်က သော်ညံ့ကို ပူရတာက ပုံစံတစ်မျိုး၊ အခု ဝင်သွားတော့ နှစ်ယောက်လုံးကို ပူရတာက ပုံစံတစ်မျိုး။ အထဲမှာ ဘာတွေဖြစ်နေမလဲဆိုတာ ဘယ်သူမှမသိနိုင်ပေမဲ့ တည်မြဲကိုယ်တိုင်ကလည်း စစ်နေရည်လောက်ကြီး အရဲကိုးပြီး ဝင်မသွားနိုင်ပါဘူး။ ဒါကြောင့် အပြင်ကနေပဲ သူတို့ ဘယ်နေ့ပြန်ထွက်လာမလဲဆိုတာ ခွေးလေးတစ်ကောင်သခင်ကိုမျှော်သလို မျှော်နေရတော့တာ။
"အစကတော့ ငါလည်းစိတ်ပူတယ်။ ဒါပေမဲ့ စစ်နေရည်ဝင်သွားပြီဆို ရပါပြီ"
ထွေးငယ်က တည်မြဲမျက်နှာညှိုးနေတာကို မြင်တော့ ဖုံးဖုံးကာကာပြောပေးတယ်။
"သူတော်တာတော့သိပါတယ်။ ဒါပေမဲ့ ဟိုက အဖေကြီးလေ။ ဆရာကြီး"
"ဘယ်လိုဖြေရှင်းရမလဲသိလို့လုပ်တာပါ။ သူ ရှေ့မကြည့်နောက်မကြည့်နဲ့ တစ်ခုခုကိုလုပ်တာမြင်ဖူးလို့လား။ အခုလည်း သူ့မှာ သော်ညံ့ကိုခေါ်ထုတ်လာဖို့ နည်းလမ်းတစ်ခုခုရှိမှာပေါ့။ သူကြိုက်နေတဲ့သူပဲဟာကို ထိခိုက်အောင်တော့လုပ်ပါ့မလား"
ထွေးငယ်စကားအဆုံးမှာတော့ နှစ်ယောက်ကြားထဲ နေရခက်မှုကြီးတစ်ခုတိုးဝင်လာတာကို နှစ်ယောက်လုံးခံစားမိလိုက်သလိုမျိုး တိတ်ကျသွားတယ်။ ထွေးငယ်ကို တည်မြဲ ဒီလမ်းကနေ အိမ်ပြန်ပို့ပေးပေါင်းများပါပြီ။ အမြဲ သူငယ်ချင်းတွေလို ဟီးဟီးဟားဟားနဲ့ပဲ ဟာသတွေပြော၊ တစ်ယောက်နဲ့တစ်ယောက်ပေါ့ပေါ့ပါးပါးနဲ့ ဖြတ်သန်းနေကျလမ်းက ဖွင့်ပြောလိုက်တဲ့နေ့ကစပြီး အရောင်ပြောင်းသွားခဲ့တာ။ အခုက အဲ့ဒီအရောင်ထဲ နာမည်ခေါ်ရခက်တဲ့ အရောင်နောက်တစ်မျိုးပေါင်းထည့်သွားပြီး နှစ်ယောက်ကြားဆက်ဆံရေးက နောက်တစ်မျိုးထပ်ကူးသွားတယ်။
"တကယ်...စစ်နေရည်က သော်ညံ့ကိုကြိုက်နေတာလား"
တကယ် မေးချင်တာက "နင် စစ်နေရည်ကိုကြိုက်နေတာမဟုတ်ဘူးဆိုတာ သေချာလား"ဆိုတဲ့မေးခွန်းပဲ။ ဒါပေမဲ့ မေးခွန်းက အမြီးနဲ့ခေါင်းလွဲပြီး ထွက်သွားတယ်။