Chapter 56

247 26 6
                                    

နေရောင်ခြည်ကမျက်နှာပေါ်ကျလာမှ ကျွန်တော်အိပ်ပျော်သွားတာတော်တော်ကြာပြီဆိုတာကို သတိထားမိသွားတာ။ ဒီနေ့ဘာတွေလုပ်ဖို့ရှိလဲဆိုတဲ့အတွေးက ခေါင်းထဲဒရောသောပါးပြေးဝင်လာပေမဲ့ ဒီနေ့ဘာမှလုပ်ချင်ကိုင်ချင်စိတ်မရှိတာကြောင့် အေးစက်နေတဲ့ ခန္ဓာကိုယ်ကို ကွေးကွေးလေးလုပ်ပြီး မျက်လွှာတွေကို ပြန်ပိတ်လိုက်မိတယ်။

"စစ်နေ..."

ခေါ်လိုက်ပေမဲ့ ထူးသံမရှိဘူး။

"စစ်နေ..."

အသံကို နည်းနည်းထပ်မြှင့်ပြီးခေါ်လိုက်ပြီးမှ ထိတ်ခနဲ ဖြစ်သွားတဲ့စိတ်နဲ့ မျက်လွှာတို့ ဆတ်ခနဲပွင့်သွားတယ်။ မြင်ကွင်းထဲဝင်လာတာက စူးရှပူပြင်းနေတဲ့နေရောင်ခြည်။ တံခါးဖွင့်မထားတဲ့ ပြတင်းပေါက်တစ်ခုနဲ့ လွင့်မနေဘဲ ငြိမ်သက်နေတဲ့ လိုက်ကာစတို့။ ကျွန်တော့်အကြည့်တွေက ကုတင်အောက်က ကြမ်းပြင်ထက် အိပ်ရာခင်းလေးတစ်ခုရှိနေကျ နေရာကိုရောက်သွားပြီးတဲ့နောက်မှာ မျက်လုံးအိမ်ထဲက မျက်ရည်တစ်စက် အလိုလိုပေါက်ခနဲ စီးကျလာတယ်။

ဒါပေမဲ့ ကျလာတဲ့မျက်ရည်ကို အမှုမဲ့အမှတ်မဲ့ ဖျက်သုတ်လိုက်ရင်း ခြုံလွှမ်းပေးမယ့်သူမရှိတဲ့စောင်ကို ကိုယ်တိုင်ဆွဲယူပြီး ပခုံးထိအုပ်ခြုံလိုက်တယ်။ ခဏနေရင် မနက်စာလည်းထချက်ရဦးမှာပဲ။

ညက တစ်ညလုံးငိုထားလို့ထင်တယ်။ ကျွန်တော့်ခန္ဓာကိုယ်ထဲမှာ လက်ကျန်အင်အားမရှိဘူး။ ဒါပေမဲ့ ကျခဲ့တဲ့မျက်ရည်တွေက ရေပိုက်ခေါင်းကိုဖွင့်လိုက်လို့ အလိုလိုကျလာတဲ့ရေတွေလိုပဲ။ တမင်သက်သက်ကြိုးစားနေစရာမလိုခဲ့ပါဘဲ၊ စေခိုင်းမှုတစ်စုံတစ်ရာမပါဘဲ သူ့ဟာသူကျလာတာမို့လို့ ထင်ထားသလောက်တော့ မပင်ပန်းဘူး။ ကျရင်ကျတဲ့အတိုင်းထားပြီး တိတ်သွားရင် မျက်လုံးမှိတ်အိပ်ဖို့ကြိုးစားရင်းနဲ့ မိုးလင်းသွားတာမို့လို့ အချိန်တွေကို တိုက်စားဖို့လည်း သိပ်မခက်လိုက်ဘူး။

လူတွေက တစ်ယောက်​ယောက်နဲ့လမ်းခွဲရတာ ထင်ထားတာထက်အများကြီးပိုပင်ပန်းတယ်လို့ပြောကြပေမဲ့ ဒီလောက်လည်းမဟုတ်ပါဘူး။ အဆင်ပြေတယ်။ ဒီတိုင်းပဲဆို အဆင်ပြေတယ်...ထင်တယ်။

Ctrl+Z(Completed)Where stories live. Discover now