Chapter 19

312 36 25
                                    

နှလုံးသားတစ်ခုလုံး ပေါက်ထွက်သွားတဲ့အချိန်ဆိုတာ ဒီလိုအချိန်မျိုးကိုပြောတာထင်တယ်။ သူမကိုတွေ့ရပြီ။ တည်မြဲရဲ့ မြင်ကွင်းထဲကို သူမက ခပ်သွက်သွက် လှမ်းဝင်လာတာဆိုပေမဲ့ ကမ္ဘာကြီးရဲ့ လှုပ်ရှားမှုတွေ မှန်သမျှ နှေးဝင်သွားတဲ့အခိုက်အတံ့။ သော်ညံ အက်စီးဒင့်ဖြစ်တယ်ဆိုလို့ အိမ်နေရင်းကနေ အလောတကြီး ထထွက်လာပုံရတယ်။ အနည်းငယ် နွမ်းဖတ်ဖတ်ပုံလေးပေါက်နေပေမဲ့ ဒီကြားထဲမှာကို မာန်တစ်မျိုးက ဝင့်ထည်နေသေးတာ။ ဒါကပဲ လူတွေခူးချင်ကြတဲ့ ပင်မြင့်စံ သဇင်ပန်းလေးရဲ့ ထည်ဝါမှုမျိုးထင်ပါရဲ့။ အမှန်အတိုင်းပြောရရင် လှလို့ချစ်တာလား၊ ချစ်လို့လှတာလားဆိုတာ တည်မြဲကိုယ်တိုင်လည်း မသဲကွဲဘူး။ လှလို့ပဲ ချစ်တာဆိုရင်တောင် ထွေးငယ်ဆိုတဲ့ ကောင်မလေးက ချစ်ရလို့ကို လှနေတာ။

"တစ်စိတ်လောက် ဖယ်ပေးမလား"

ပထမဆုံး တည်မြဲဆီ တိုက်ရိုက်ပြောလာတဲ့စကားက မျှော်လင့်ထားသလို ရိုမန့်တစ်ဆန်ဆန်စကားတော့ မဟုတ်ဘူး။ ဒါပေမဲ့လည်း အခုအချိန်မှာ တည်မြဲက အုန်းသီးရသွားတဲ့မျောက်လိုပဲ။ ရှိသမျှ သွေးကြောတွေ ပရမ်းပတာလှုပ်ခတ်ပျော်ရွှင်သွားတယ်။

"သော်ညံက အိပ်ပျော်သွားပြီ"

တံခါးရှေ့က ကာရပ်ပြီး အသံပြုလိုက်တော့မှ
အစ်မတော်ဖုရားလေးက လူရှိနေမှန်းသတိထားမိပုံပဲ။ မော့ကြည့်တယ်။

"သူအဆင်​​ပြေရဲ့လား"

"အကုန်ပြေတယ်တဲ့။ ဆရာဝန်လာစစ်သွားတယ်"

"တော်သေးတာပေါ့"

စိတ်သက်သာရာရသွားတဲ့ အသံတိုးတိုးလေးတစ်ခု တိုးထွက်လာပြီးမှ သူ့ကို တည့်တည့်ကြီးငုံ့ကြည့်နေတဲ့ တည်မြဲကို စကားပြောဖို့ သတိရမိသွားပုံရတယ်။

"နင်က...."

"တည်မြဲ။ ငါတို့မိတ်ဆက်ကြမလား ငါက သော်ညံ့ သူငယ်ချင်း..."

"ဘုရားရေ"

နှင်းဆီဖူးနှုတ်ခမ်းတွေပွင့်အာတဲ့အချိန်ပါပဲ။ အငုံအဖူးလေးက ခပ်ဟဟနဲ့ တအံ့တသြ လှလှပပ ဖူးပွင့်လာတာကို မြင်ခွင့်မပေးဘဲ ဖော့ဖယောင်းလက်လေးတွေနဲ့ကွယ်တယ်။ ကျွန်တော့်ဆီ ဝိုင်းစက်နေအောင် မော့ကြည့်လာတဲ့ မျက်လုံးအိမ်ရှင်းရှင်းလေးတွေ ထိတ်ခနဲဖြစ်သွားတာကို မြင်လိုက်ရမှ တည်မြဲလည်း ပျာခနဲဖြစ်သွားမိတယ်။

Ctrl+Z(Completed)Where stories live. Discover now